ထွေးရယ် /ကန္တာရဝတီတိုင်း(မ်)
ကရင်နီ မျိုးနွယ်ဝင် တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်ကြတဲ့ ကယား၊ မနုမနော(ကော်ယော်)၊ ကယော (ပရဲ့) ၊ ယင်းတလဲ၊ ကယန်း၊ ယင်းဘော်၊ ဇယိမ်း၊ ဂေခို၊ ဂေဘား စတဲ့ လူမျိုးစု ကိုး စုထဲမှာ ယင်းတလဲဟာ လူဦးရေအနည်းဆုံး မျိုးနွယ်စု တစုပဲ ဖြစ်ပါတယ်။
ယင်းတလဲ လူမျိုးစုတွေကို ဘောလခဲမြို့နယ်ထဲက စလဲလုံကျေးရွာ ၊ ကယားပိုင်း ရပ်ကွက် (ဘောလခဲမြို့တွင်း) နဲ့ ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကျေးရွာ တို့မှာ အများဆုံးတွေ့ရတာ ဖြစ်ပါတယ်။
ယင်းတလဲတွေဟာ ရှေးဘုရင်တွေ နေထိုင်ခဲ့တဲ့ ဒေသမှာ နေထိုင်ကြသလို၊ ရှေးလူဟောင်းတွေရဲ့ သား၊ သမီးတွေ အဖြစ်လည်း မှတ်ယူကြသူတွေ ရှိပါတယ်။ လက်ရှိမှာ လူဦးရေ နှစ်ထောင် ဝန်းကျင်သာ ရှိပါတော့တယ်။
ရှေးလူကြီးသူမတွေရဲ့ အဆိုအရ သူတို့တွေဟာ ဂျပန်ခေတ်က ကပ်ရောဂါတခုဖြစ်တဲ့ ကျောက်ရောဂါကြောင့် အများအပြားသေဆုံးခဲ့ကြပြီး အနည်းငယ်သာ အသက်ရှင်ကျန်ခဲ့သူတွေပါ။
လူမျိုးတုံး ပျောက်ကွယ်မသွားဖို့အရေး ကျန်ရှိနေတဲ့ လူဦးရေ နှစ်ထောင်ဝန်းကျင်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ယင်းတလဲ လူမျိုးစုတွေဟာ ဘောလခဲ ဒေသမှာ တစုတစည်းတည်း နေထိုင်ခဲ့ကြတာပါ။

စစ်တပ်အာဏာသိမ်းမှုက ယင်းတလဲ လူမျိုးစုတွေ အပေါ် ဘယ်လိုရိုက်ခတ်မှုရှိနေလဲ။
စစ်တပ် အာဏာမသိမ်းယူခင်မှာတော့ လူဦးရေ နှစ်ထောင်ဝန်းကျင်သာ ကျန်ရှိနေတဲ့ ယင်းတလဲ လူမျိုးစုတွေကို ဘောလခဲဒေသအတွင်းမှာ တစုတစည်းတည်း တွေ့မြင်ခဲ့ကြရတာပါ။ ဒါပေမဲ့လို့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းယူလိုက်တဲ့ အချိန်မှာတော့ ယင်းတလဲ လူမျိုးစုတွေအပေါ် ရိုက်ခတ်မှု ရှိလာပါတယ်။
အကြောင်းကတော့ စစ်တပ်အာဏာသိမ်းယူပြီး လေးနှစ်ကျော်အတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုတွေ၊ လူသားမဆန်တဲ့ လုပ်ရပ်တွေကြောင့် ယင်းတလဲ လူမျိုးစုတွေရဲ့ ထိခိုက်၊ သေဆုံးမှုနှုန်းဟာ လူဦးရေရဲ့ နှစ် ရာခိုင်နှုန်းအထိ ရှိလာတာပါ။
“ဒီခြေပြတ် လက်ပြတ်သွားတာတို့၊ ဒဏ်ရာရတာ ၊ နောက်ပြီး သေသွားတာတို့ အဲ့ဒါ စုစုပေါင်း လူဦးရေနဲ့ တွက်ရင်တော့ နှစ်ရာခိုင်နှုန်း လောက်ရှိမယ်” လို့ ဦးလှသိန်းက ပြောပါတယ်။
ဦးလှသိန်းကတော့ ယခင်စစ်တပ် အာဏာမသိမ်းယူခင်က ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကျေးရွာ မှာ နေထိုင်ခဲ့တဲ့ ယင်းတလဲ လူမျိုးတဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယင်းတလဲ လူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ စစ်ရှောင်စခန်း တခုမှာ နေပါတယ်။ စစ်ရှောင်စခန်းရဲ့ ကော်မတီဝင် တဦးလည်း ဖြစ်ပါတယ်။
“စစ်တပ်ပစ်သတ်သွားတာတော့ အယောက်ရေနဲ့ပြောရင်တော့ ခြောက်ယောက်၊ ခုနှစ်ယောက် လောက်ရှိပြီ။ နောက်စစ်တပ်ထောင်ထားတဲ့ မိုင်းသွားနင်းမိပြီး ခြေပြတ်တာလည်း တယောက်ရှိတယ်။ မှတ်မိသလောက်ပေါ့” လို့ ဦးလှသိန်းက ပြောပါတယ်။
ဒါဟာ တိုင်းရင်းသား လူမျိုးစုတွေထဲမှာ လူဦးရေအနည်းဆုံးဖြစ်တဲ့ ယင်းတလဲ လူမျိုးစုတွေအတွက် လူမျိုးတုံး ပျောက်ကွယ်သွားစေနိုင်တဲ့ အကြီးမားဆုံး ရိုက်ခတ်မှုတွေထဲကတခုလို့ ဆိုနိုင်ပါတယ်။
နောက်ထပ် ရိုက်ခတ်မှုတခုကတော့ နဂိုမှုလမှာကတည်းက လူမျိုးစု ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ယင်းတလဲ လူမျိုးတွေ စစ်တပ်အာဏာသိမ်းယူမှုကြောင့် တကွဲတပြားစီ ဖြစ်ကုန်ကြတာပါ။

စစ်ရှောင်စခန်းတခုမှာ ယင်းတလဲ လူမျိုးအရေး တက်ကြွလှုပ်ရှားနေတဲ့ စစ်ရှောင်ကော်မတီ တဦးဖြစ်တဲ့ ဦးထူးဝဲကတော့ “အိုးအိမ်ရှိရဲ့သားနဲ့ အိုးအိမ်မှာ မနေရဘူး၊ ပြီးတော့ ယင်းတလဲလူမျိုးစုက အနည်းဆုံး လူမျိုးစုဖြစ်ရဲ့သားနဲ့ လူတစုတစည်းတည်း မနေရဘူး” လို့ ပြောပါတယ်။
လူမျိုးစုတွေ တစုတစည်းတည်းနေထိုင်လို့ မရတာဟာ လူမျိုးတုံးပျောက်ကွယ်သွားစေနိုင်တဲ့ အဓိက လမ်းစတခုလည်း ဖြစ်နေပါတယ်။
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် တစုတစည်းတည်း ကြိုးစားနေထိုင်ရာကနေ တကွဲတပြား ဖြစ်သွားကြရတဲ့အပြင်၊ မိသားစုတွေ ဆွေမျိုးသားချင်းတွေနဲ့ ဝေးကွာသွားကြရသလို ၊ သေကွဲ ကွဲသွားခဲ့ရတာတွေလည်း ဖြစ်လာပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြီး တောတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်ရလို့ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝမရရှိပဲ ဆယ့်တစ် လသား အရွယ် သမီးလေးတဦးကို ဆုံးရှုံးလိုက်ရတဲ့ ယင်းတလဲ အမျိုးသမီးတဦး ဖြစ်တဲ့ ဒေါ်စန်းစန်းနွယ်က သူမရဲ့ ခံစားချက်ကိုလည်း အခုလိုပဲ ရင်ဖွင့်လာပါတယ်။
“အခုထိ ယူကြုံးမရ ဖြစ်နေတုန်းပဲ။ ကျမ ကလေးကို ဒီလောက်ထိ ဆယ့်တစ်လအထိကို ပြုစုပျိုးထောင် လာပြီးမှ ဆုံးရှုံးလိုက်ရတယ်။ တော်တော်လေးအခုထက်ထိ နာကျင်တုန်းပဲ။ ဘာလို့လဲဆိုရင် နိုင်ငံရေးသာ ကောင်းခဲ့မယ်ဆိုရင် ကျမ ကလေးကလည်း ဒီလောက်ထိ ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် ကျန်းမာရေးကုသမှုက နီးနီးနားနားရှိတော့ တခုခု ဖြစ်ပြီဆို အမြန်ဆုံး သွားရောက်လို့ရတယ်။ အခုတော့ ကျမတို့ ကလေးက အသည်းအသန် ဖြစ်ပြီ။ ဒါပေမဲ့ ကျမတို့မှာ ဆိုင်ကယ်မရှိ ၊ သွားဖို့လာဖို့ကလည်း အရမ်းခက်ခဲတယ်။ အဲ့ဒါကြောင့်မို့ ကလေးကို အချိန်မီကုသပေး ရမဲ့ဟာကို မကုသနိုင်ခဲ့ဘူးလေး”
စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် သူမရဲ့ ကလေးကို အခုလို ဆုံးရှုံးရမှာ မဟုတ်ဘူးလို့ ဒေါ်စန်းစန်းနွယ်က ဒီကနေ့အထိ တထစ်ချ ယုံကြည်နေပါတယ်။ ဒေါ်စန်းစန်းနွယ်ရဲ့ သမီးငယ်လေးဟာ မိခင်နဲ့အတူ စစ်တပ်အာဏာသိမ်းမှုရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားလာရင်း ၂၀၂၄ ခုနှစ် ( ၂ ) လ ပိုင်းမှာ ကျန်းမာရေးအချိန်မီ မကုသနိုင်ပဲ သေဆုံးသွားတာပါ။

ယင်းတလဲ လူမျိုးစုတွေရဲ့ စာပေ သင်ကြားမှု အခြေအနေ
လူမျိုးစုတစု ရေရှည်တည်တံ့နိုင်ဖို့ ဆိုတာက လူမျိုးစုရဲ့ ဘာသာစကား၊ စာပေ တည်ရှိမှု၊ ထွန်းကားမှု တွေအပြင် ရိုးရာဓလေ့တွေကို ထိန်းသိမ်းနိုင်မှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။
ယင်းတလဲလူမျိုးစုတွေအနေနဲ့ စာပေထွန်းကားဖို့အတွက် အကောင်ထည်ဖော်ဆောင်ရွက်နေတာ အချိန်ကာလအားဖြင့် မကြာသေးပါဘူး။ အရပ်သား အစိုးရလက်ထက်မှာမှ အကောင်ထည် ဖော်လာနိုင်ခဲ့တဲ့ ယင်းတလဲတို့ရဲ့ စာပေဟာလည်း ပြန့်ပွားအောင် လုပ်ဆောင်နိုင်ဖို့က အာဏာသိမ်းမှုက အဟန့်အတားကြီး ဖြစ်စေခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ယင်းတလဲလူမျိုးတွေဟာ မယ်စဲ့ မြို့နယ်အတွင်း က စစ်ရှောင်စခန်းတွေမှာ ပြန့်ကျဲနေထိုင်နေကြပါတယ်။ အခုလို တကွဲတပြားစီ နေထိုင်ကြရလို့ စာပေ သင်ကြားပေးနိုင်ဖို့ စိန်ခေါ်မှု ဖြစ်နေပါတယ်။
ယင်းတလဲစာပေ သင်ကြားပေးနေတဲ့ ဒေါ်ဘားမိုးကတော့ “လူမျိုးရှိရင် စာပေရှိရမှာလေး။ အခု ကျမတို့က လူမျိုးဘဲရှိတယ်။ စာပေက ပပျောက်တော့မလိုလို ဖြစ်နေတယ်လေး” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ယင်းတလဲ လူမျိုးစုတွေဟာ နေရာ သုံးခုလောက် ပြန့်ကျဲ နေထိုင်ကြတာပါ။ အဲ့ဒီ သုံးနေရာမှာမှ ယင်းတလဲ စာပေ ဆရာမတဦး ဖြစ်တဲ့ ဒေါ်ဘားမိုး နေထိုင်တဲ့ စစ်ရှောင်စခန်း တခုမှာသာ စာပေ သင်ကြားပေးနိုင်တာပါ။
ဒါတောင် ကျောင်းသင်ခန်းစာထဲ ထည့်သွင်းသင်ကြားနေတာမျိုးတော့ မဟုတ်ပါဘူး။ ကျောင်းအားလပ်ရက်တွေမှာ Grade -1 ကနေ Gradef-6 အထိ တပတ်ကို နှစ်နာရီ ဝန်းကျင်သာ သင်ကြားပေးနိုင်သေးတာပါ။
“ကျမတို့သင်ထားတဲ့အတိုင်းဘဲ ကျမတို့ အဲဒီစာအုပ်ကို ကြည့်ပြီးမှ ပြန်သင်ရတာ။ တကယ့် နှစ်နှစ်ကာကာ ကျမတို့က ထပ်ပြီးလေ့လာမှ ရမှာ။ အခုက ဒီစာအုပ်ကိုကြည့်ပြီး သင်နိုင်တဲ့ အဆင့်ဘဲ ရှိသေးတယ်”လို့ ဒေါ်ဘားမိုးက ပြောပါတယ်။
ယင်းတလဲတွေဟာ ရှေးက စာပေမရှိခဲ့တာကြောင့် တဆင့်စကား တဆင့်ကနေဘဲ သမိုင်းမှတ်တမ်းတွေ၊ ဘာသာစကားတွေနဲ့ ရိုးရာဓလေ့တွေကို မှတ်သားလာခဲ့ကြရတာပါ။ ယင်းတလဲ သက်ကြီး ရွယ်အို တယောက်ဆုံးပါးသွားတိုင်း ယင်းတလဲ လူမျိုးတွေရဲ့ ရိုးရာ သို့မဟုတ် ဘာသာစကား တခွန်း ပျောက်ကွယ်သွားရတယ်လို့ ယင်းတလဲ စာပေကော်မတီဝင် ဦးထူးဝဲက ပြောပါတယ်။
“စာပေမရှိတော့ မမှတ်သားနိုင်ဘူး။ မမှတ်သားနိုင်တော့ သက်ကြီးရွယ်အို တယောက်ဆုံးသွားပြီ ဆိုရင် ရိုးရာစကားက တခွန်းစ၊ နှစ်ခွန်းစ ပါရင်ပါသွားနိုင်တာ ရှိတယ်ပေါ့နော်” လို့ ဦးထူးဝဲက ပြောပါတယ်။
လူဦးရေ နှစ်ထောင်ဝန်းကျင်သာရှိတဲ့ ယင်းတလဲ လူမျိုးစုတွေမှာတော့ ယင်းတလဲ စာပေတတ်မြောက်မှု ရာခိုင်နှုန်းဟာ တစ် ရာခိုင်နှုန်းတောင် မရှိသေးကြောင်း ဦးထူးဝဲက ပြောပါတယ်။
“တတ်မြောက်နှုန်း တစ် ရာခိုင်နှုန်းတောင် မရှိသေးဘူး။ ကျနော်တို့ ရွာဆိုလို့ရှိရင် လူက ရှစ်ရာ လောက်ရှိတယ်ဗျ။ ယင်းတလဲစာပေနဲ့ ပတ်သက်ရင် ကလေးမှမဟုတ် ကိုယ်လည်း တတ်ထားသင့်တယ်လေး၊ ကိုယ်လည်း သင်ထားသင့်တယ်လေး၊ အခု ကျနော်တောင်မှ မသင်ရဘူးပေါ့နော်။ အဲ့တော့ ကျနော်လည်း ယင်းတလဲစာပေ မတတ်ဘူးဖြစ်နေတယ်။ ဟို…ဘယ်သူ့ကိုမှ မပြောတော့ဘူး။ ကိုယ့်ကိုယ်ကိုဘဲ ပြန်နှိုင်းပြီး ပြောပြတာပေါ့နော်။” လို့ ဦးထူးဝဲက ပြောပါတယ်။
ယင်းတလဲ လူမျိုးစုတွေ ဘာကို ကိုးကွယ်ကြသလဲ
ယင်းတလဲ လူမျိုးတွေဟာ ရှေးဘိုးဘွားအစဉ်အလာမှာကတည်းက အများစုဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး တံခွန်တိုင် (ကေ့ထျိုးဘိုး) ကို ကိုးကွယ်ကြပါတယ်။ ယခင် စစ်တပ်အာဏာမသိမ်းယူခင် အချိန်ကာလမှာတော့ ယင်းတလဲ လူမျိုးစုတွေ နေထိုင်တဲ့ ကျေးရွာအတွင်းက ရိုးရာတံခွန်တိုင်တွေကို တွေ့ရမှာပါ။
တံခွန်တိုင်ထိပ်ဖျားမှာ ဘုံငါးဆင့်နဲ့ စိန်ဖူးတော်ရှိပြီး၊ ဘုံပြသာဒ်ကနေ ကုက္ကားကို မြေကြီးပေါ်ကို တွဲလောင်းချထားကာ ဆေးအဖြူရောင်သုတ်ထားတဲ့ ပင်မကျွန်းတိုင်ဖြူကြီးတွေကို ဦးစွာ ထင်ထင်ဟပ်ဟပ် မြင်တွေ့ကြရမှာပါ။ ဒါဟာ ယင်းတလဲ လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ ရိုးရာ တံခွန်တိုင် (ကေ့ထျိုးဘိုး) ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လက်ရှိမှာတော့ နေရပ်စွန့်ခွာ ထွက်ပြေးကြတဲ့အခါ သစ်ပင်ခြုံနွယ်တွေနဲ့ ဝိုင်းလို့ ကာရံကုန်ပါတော့တယ်။
“ပြီးခဲ့တဲ့နှစ်တုန်းက တံခွန်တိုင်(ကေ့ထျိုးဘိုး) ပွဲတော့ ပြန်လုပ်ဖြစ်တယ်။ ဒီနှစ်တော့ ပြောလို့ မရတော့ဘူး။ ဗုံး(လေကြောင်းတိုက်ခိုက်မှု) က တအားကျနေပြီလေး” ဦးထူးဝဲက ပြောပါတယ်။
တံခွန်တိုင်(ကေ့ထျိုးဘိုး) ဆိုတာ သတ်မှတ်ထားတဲ့ ဧရိယာ ၊ နေရာ အတွင်းမှာသာ ကျင်းပခွင့်ရှိတာပါ။ မိမိရောက်တဲ့ နေရာတိုင်းမှာ လိုသလိုကျင်းပလို့ မရတဲ့အတွက် တံခွန်တိုင် ခေါ် (ကေ့ထျိုးဘို) ကို ပြန်လည် ကျင်းပပြုလုပ်ကြရမယ့်အချိန်အခါ ရောက်လာရင် ကြီးမားလှတဲ့ စိန်ခေါ်မှု နဲ့ ရင်ဆိုင်နေကြရတာပါ။
ရှေးဘိုးဘွားအစဉ်အလာမှာကတည်းက ကိုးကွယ်လာခဲ့တဲ့မိရိုးဖလာ ရိုးရာဓလေ့ တခုဖြစ်တာကြောင့် မည်သို့ပင် စိန်ခေါ်မှု ကြီးမားနေပါစေ ရိုးရာ မပပျောက်သွားအောင် ရတဲ့ နည်းနဲ့ ဆက်လက်ထိန်းသိမ်း သွားကြရမှာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
တံခွန်တိုင် ခေါ် (ကေ့ထျိုးဘို) တခုတည်းပဲ စိန်ခေါ်မှု ကြီးမားနေတာတော့ မဟုတ်ပါဘူး။ နောက်ထပ် ရိုးရာတခုဖြစ်တဲ့ ဒီးကူပွဲ (အဲဒိုပေါ်မီ) ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိကြတော့ပါဘူး။ သို့ပေမဲ့ ဒီးကူပွဲ (အဲဒိုပေါ်မီ) ဟာ ပုံသေသတ်မှတ်ထားတဲ့ နေရာမရှိပါဘူး။ မိမိတို့ ရောက်ရှိတဲ့နေရာ၊ အရပ်ဒေသတွေမှာ ရိုးရာမပပျောက်သွားအောင် အကျဉ်းချုံးတော့ ပုံမှန်ထိန်းသိမ်းလုပ်ဆောင်နေကြပါတယ်။
ယင်းတလဲ စစ်ရှောင် ကော်မတီ တဦးဖြစ်တဲ့ ဦးလှသိန်းကတော့ “ကျနော်တို့ ရိုးရာကို စစ်တပ် အာဏာမသိမ်းခင်တုန်းကဆို လူကြီး၊ လူငယ်၊ ကလေးအကုန်လုံး စုစုစည်းစည်း ကျနော်တို့လုပ်နိုင်တယ်။ ကျနော်တို့ ပြည့်ပြည့်စုံစုံနဲ့ လုပ်နိုင်တယ်။ ကျနော်တို့ရိုးရာကို ကျနော်တို့ ရွာက ကောင်းကောင်းမွန်မွန် လုပ်နိုင်တယ်။ အခုစစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်တော့ အခု ကျနော်တို့ဆိုရင် စုစည်းဖို့တော့ ခက်ခဲသွားတယ်။ သွားလာဖို့လည်း လမ်းမှာလည်း မလုံခြုံဘူး။ အဲ့ဒါနဲ့ ကျနော်တို့ ဒီလိုအကျဥ်းချုံးနဲ့ လုပ်ရတယ်။ ဒီပွဲက တကယ်တော့ သုံးရက် သုံးည လုပ်ရမယ့် ပွဲကို တည နဲ့ ပြီး တရက်ပဲလုပ်ရတယ်။ အဲ့လိုမျိုးနဲ့ မပြည့်မစုံနဲ့၊ ကောင်းကောင်းမွန်မွန် နဲ့ မလုပ်ရဘူး။ အဲ့လိုကွာခြားသွားတာပေါ့။ ရိုးရာမပျက်အောင် အကျဥ်းချုံးနဲ့ လုပ်ရတယ်။” လို့ ဦးထူးဝဲက နှိုင်းယှဉ်ပြောပြပါတယ်။

လက်ရှိ ယင်းတလဲ လူမျိုးစုတွေ နေထိုင်ကြတဲ့ စစ်ရှောင်စခန်းမှာ ဘာစိန်ခေါ်မှု အခက်အခဲတွေ ရှိနေသလဲ
တော်လှန်တိုက်ပွဲတွေ ဖြစ်လာတော့ ယင်းတလဲတွေဟာလည်း တခြားလူမျိုးစုတွေနီးတူ နီးစပ်ရာ လုံခြုံမယ်လို့ ထင်ရတဲ့ နေရာအသီးသီးတွေမှာ သွားရောက်ခိုလှုံနေကြပါတယ်။
တချို့ကလည်း စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ အတွက် သံလွင်မြစ် ကမ်းဘေးတလျှောက်မှာ နေထိုင်နေကြသူတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုနေထိုင်ခဲ့ကြတဲ့ အချိန်မှာလည်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ခံနေကြရဆဲပါ။
သံလွင်မြစ် နံဘေးတနေရာမှာ စားဝတ်နေရေးအတွက် နှမ်းစိုက်ခင်းကို ပြန်လည်လုပ်ကိုင်နေတဲ့ မိသားစုတစုဖြစ်တဲ့ အသက်လေးဆယ်အရွယ်ဝန်းကျင် ဒေါ်စန်းစန်းနွယ်ကတော့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပါတယ်။
“ကျမတောင်ယာတဲကလည်း တခါ ၊ လေယာဉ်လာကြဲတာ ထပ်ပါသွားပြန်ရော ပစ္စည်းတွေလည်းထပ်ရှုံး၊ နှမ်းအမျိုးတွေရော အကုန်လုံးရှုံးသွား” လို့ ပြောပါတယ်။
ဒေါ်စန်းစန်းနွယ်ရဲ့ တောင်ယာတဲတခုတည်း မဟုတ်ပါဘူး။ သူနေထိုင်ခဲ့တဲ့ ဝမ်အောင်းကျေးရွာက နွေးထွေးတဲ့ မိသားစုအိမ်ကလေးဟာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင် ပြာကျခဲ့ရတာပါ။
လူမျိုးစုတွေ မပျောက်ကွယ်သွားအောင် တစုတစည်းတည်း ရှင်သန်ရုန်းကန်လာကြတဲ့ ယင်းတလဲ လူမျိုးစုတွေဟာ အခုလို တကွဲတပြားတွေ ထပ်မံဖြစ်သွားရတဲ့ အချိန်မှာတော့ တဦးအပေါ် တဦး ဖေးမ ကူညီနိုင်မှုတွေလည်း ကျဆင်းသွားသလို၊ တခြားသော စိတ်ပိုင်းဆိုင်ရာတွေမှာလည်း အများကြီး ထိခိုက်သွားတယ်လို့ ယင်းတလဲ တိုးတက်ရေးအဖွဲ့က အမျိုးသမီး ဖြစ်တဲ့ ညေ့မုံး(ရှိရော်) က အခုလို ပြောပါတယ်။
“အတူတူ ရုန်းကန်လာကြပြီး တစုတစည်းတည်း ရှင်သန်လာကြတဲ့ လူမျိုးစုဖြစ်ခဲ့ပေမဲ့ ယခုဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လူမှုတိုးတက်ရေးတွေ အရေးကြီးနေပေမဲ့ အသက်ရှင်သန်ရေး၊ စားဝတ်နေရေး အခြေခံတင်းတိမ်ဖို့တွေက ပိုမိုဦးစားပေးနေရတာကြောင့် ကျန်တာတွေကို ဦးစားမပေးနိုင်သလို ဖြစ်နေတယ်” လို့ ညေ့မုံး(ရှိရော်) က ပြောပါတယ်။
အသက်နဲ့ ရင်းပြီး ဝမ်းစာကိုဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြရပေမဲ့ အာဏာမသိမ်းခင်ကထက် အဆပေါင်းများစွာ ကျဆင်းသွားရပါတယ်။
“အရင်တုန်းကဆို ကျွန်တော်တို့ တောင်သူ တယောက်ကို ယာဧက တဆယ်၊ ဆယ့်ငါး၊ ဆယ့်ခြောက် ဧက ပိုင်တဲ့လူတွေက အခုဆိုရင် ဧက သုံး ဧကလောက်ပဲ စိုက်ပျိုးနိုင်တော့တယ်” လို့ ဦးထူးဝဲက ပြောပါတယ်။
အခုလို စိုက်ပျိုးရေးလုပ်ငန်းတွေ ကျဆင်းကုန်တာကြောင့် စားနပ်ရိက္ခာ အခက်အခဲ စိန်ခေါ်မှုတွေက ပိုမို မြင့်မားလာပါတယ်။ တချို့မိသားစုတွေကတော့ ဆန် ၊ ဆီ ၊ ဆားတွေ ကို ချေးငှားပြီး စားသောက် နေကြရတာပါ။ စစ်ရှောင်စခန်းမှာ နေထိုင်ရင်း အလုပ်အကိုင် ဝင်ငွေမရှိကြပဲ အလှူရှင်ကိုသာ မျှော်ကိုးနေကြရတာပါ။
စားနပ်ရိက္ခာပြသာနာနဲ့ ရင်ဆိုင်နေရတဲ့ အသက် ငါးဆယ်ကျော်အရွယ် ယင်းတလဲ အမျိုးသမီး တဦးဖြစ်တဲ့ ဒေါ်သိန်းပွင့် ကတော့ “စိန်ခေါ်မှုကြီးမားတဲ့ အခက်အခဲကတော့ အဓိက ဒီစားနပ်ရိက္ခာလောက်ပဲ စိန်ခေါ်ရမှာပဲ။ အလှူရှင်တွေသာ ရှိရင် စားရမယ်။ အလှူရှင်တွေမရှိရင် အဒေါ်တို့ဒုက္ခရောက်မှာပဲ။ ” လို့ ပြောပါတယ်။

လူမျိုးစု ပျောက်ကွယ်မသွားအောင် ဘာတွေ လုပ်ဆောင်နေကြသလဲ။ ဘယ်လို စိုးရိမ်ပူပန်မှုတွေ ရှိနေသလဲ။
ယင်းတလဲလူမျိုးတွေအနေနဲ့ အခုလို လူမျိုးစုတွေ မပပျောက်သွားအောင် ၊ စိတ်ဝမ်းကွဲမှုတွေ မရှိအောင် စစ်ရှောင်ကော်မတီဝင်တွေကနေ နီးစပ်ရာစုစည်းပြီး လစဉ်ပုံမှန် တွေ့ဆုံတာ၊ စကားဝိုင်းတွေ ကြိုးစားလုပ်ဆောင်ပေးနေတာတွေ ရှိတယ်လို့ ဦးထူးဝဲက ပြောပါတယ်။
“မပျောက်ကွယ်သွားအောင်၊ စိတ်လည်းမဝမ်းကွဲသွားအောင်၊ ခုန ကျနော် ပြောတဲ့အတိုင်းပဲ တလတကြိမ် အစည်းအဝေးတော့ လုပ်ဖြစ်တယ်” လို့ ဦးထူးဝဲက ပြောပါတယ်။
ယင်းတလဲလူမျိုးတွေ တွေ့ဆုံကြတဲ့ အချိန်မှာတော့ လူမျိုးစုတွေ စိတ်ဝမ်းကွဲမှုတွေ မဖြစ်ပွားအောင် စည်းလုံးမှု ရှိစေဖို့ ၊ နိုင်ငံရေးကို နားလည်ဖို့ ၊ အသက်အန္တရာယ် ကာကွယ်နိုင်ဖို့ အတွက် လေကြောင်း အသိပညာပေး စတာတွေကို ပြောဆိုဆွေးနွေးကြပါတယ်။
တဖက်မှာကလည်း ယင်းတလဲ လူမျိုးစုတွေဟာ တခြားသော တိုင်းရင်းသားလူမျိုးစုတွေနဲ့ အိမ်ထောင်ပြုတဲ့ အခါမှာ တခြားသော လူမျိုးတွေဘက်ကို လိုက်ပါသွားတာမျိုးဟာလည်း ယင်းတလဲ လူနည်းစုတွေကို လူဦးရေ လျော့ကျစေတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ ပြောကြပါတယ်။
“ကျမ ဆို ယင်းတလဲ ဝမ်အောင်းရွာမှာ နေတယ်။ ပြီးရင် ကျမ အမျိုးသားက တခြားရွာက။ ယူတယ်။ အဲလိုမျိုး ကိုယ့်ရဲ့သားသမီးတွေကို ကယားဆိုပြီးမှ ကိုယ့်ကလေးကို ကယား ထည့်လိုက်မယ်ဆိုရင် ယင်းတလဲ လူမျိုးက ပျောက်သွားတယ် ။ အဲလိုမျိုးပေါ့နော။ ပိုမိုတိုးလာတာ မဟုတ်ပဲနဲ့ ရိုးရာပျောက်..ပျောက်သွားတယ်ပေါနော။ ကျမတို့ယူပြီးမှ ကျမတို့ရွာမှာ လာနေတယ်။ ကျမတို့ လူမျိုးထဲမှာ စားရင်းထည့်ရင်တော့ တိုးလာမှာပေါ့နော။ အခုက ယင်းတလဲလူမျိုးပပျောက်ရတဲ့ အကြောင်းရင်းက အဲလိုမျိုးလည်းပါတယ်” လို့ ယင်းတလဲ စာပေ ဆရာမ တဦးဖြစ်တဲ့ ဒေါ်ဘားမိုးက ပြောပါတယ်။
ဒါ့ကြောင့်လည်း အခုလို လူမျိုးခြားတွေ နဲ့ အိမ်ထောင်ကျတဲ့အခါ ယင်းတလဲ ဘာသာစကား၊ ယင်းတလဲ စာပေနဲ့ ရိုးရာဓလေ့တွေကို သင်ယူစေပြီး နောက်မျိုးဆက်ကို ယင်းတလဲမျိုးဆက် ဖြစ်လာဖို့ ကြိုးပမ်းနေကြပါတယ်။
လူငယ်သဘာဝအရ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတဲ့အတွက် တားဆီးပိတ်ပင်ထားတာတွေ မရှိဘူးလို့ ယင်းတလဲလူမျိုးစု ကော်မတီဝင်တွေက ပြောကြပါတယ်။




