ကန္တာရဝတီတိုင်း(မ်)
တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်စေဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( Steering Council for the Emergence of a Federal Democratic Union – SCEF ) ကို KNPP အပါဝင် တော်လှန်ရေးအင်အားစု ၆ ဖွဲ့ နဲ့ ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ မတ်လ ၂၀ ရက်နေ့မှာ ကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့နဲ့ ဖွဲ့စည်းထားတဲ့ SCEF ဟာ ပေါင်းကူးတံတား တစ်စင်းဖြစ်ဖို့အထိ ရည်ရွယ်ထားတယ်လို့ KNPP ဥက္ကဌ ခူဦးရယ်က ယမန်နေ့က ထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။
“ဒီကနေ့ ကျနော်တို့ ဆွေးနွေးစုဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဟာ ၁၉၄၈ တုန်းက မှားခဲ့တဲ့အမှားကို ပြင်ဖို့အတွက် ရှိနှင့်ပြီးသားနဲ့ အသစ်ထွက်ပေါ်လာတဲ့ ပြည်နယ်/ယူနစ်အဆင့် ဦးဆောင်မှုများကို ပေါင်းစပ်ညှိနှိုင်းဖို့၊ နိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးကို ထိန်းသိမ်းဖို့နဲ့ လတ်တလော တော်လှန်ရေးအင်အားစုများ ရေးဆွဲပြင်ဆင်နေတဲ့ အသွင်ကူးပြောင်းရေးကာလအစီအမံများ ဆိုင်ရာအခြေခံပြဌာန်းချက် (AFTA) တရားဝင်သက်ရောက်မှု ရှိလာမယ့်အချိန်အထိ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ တရားဝင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဒီဖက်ဒရယ်ပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာ ပေါင်းကူးတံတားတစ်စင်း ဖြစ်ဖို့ ကျနော်တို့ရည်ရွယ်ပါတယ်။” လို့ ခူဦးရယ်က ဆိုပါတယ်။
မဏ္ဍိုင် (၃)ခုဖြစ်တဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နဲ့ အမျိုးသမီးကိုယ်စားပြု ကိုယ်စားလှယ်များမဏ္ဍိုင် တို့ကို အခြေခံပြီး ဖွဲ့စည်းဖို့ ဆုံးဖြတ်ထားပေမယ့် အခြေအနေနဲ့ စိန်ခေါ်မှုအမျိုးမျိုးကြောင့် ၆ ဖွဲ့ နဲ့သာ စတင်ဖွဲ့စည်းခဲ့တယ်လို့ ခူဦးရယ်က ဆိုပါတယ်။
ဦးဆောင်ကောင်စီဖွဲ့စည်းရတဲ့ အခြေအနေကိုလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက “ ပိုမိုညီညွတ်သော နိုင်ငံရေး၊ စစ်ရေး မဟာမိတ်စုဖွဲ့မှုပုံစံနဲ့ စုဖွဲ့လိုက်တာဖြစ်သလို၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေးအခြေခံမူအပေါ်မှာ အခြေခံပြီး စတင်ဖွဲ့စည်းလိုက်ကြောင်း ပြောကြားလိုပါတယ်။” လို့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ၊ ပြန်လည်အသက်သွင်းမှု မှန်သမျှကို ဖြိုဖျက်ပစ်ဖို့ ဖြစ်တယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုပါတယ်။
SCEF အနေနဲ့ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ချမှတ်ထားပြီး (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန် ၊ (၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ (၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန် ၊ (၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ (၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် ဖြစ်ပါတယ်။
ယမန်နေ့ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာတော့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် ၊ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ၊ KNPP ဥက္ကဌ ခူဦးရယ်၊ CNF ဥက္ကဌ ပူးဇင်ကျုံး အပါအဝင် တော်လှန်ရေးအင်အားစု ခေါင်းဆောင်အသီးသီး တက်ရောက်ခဲ့ကြပါတယ်။





