ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ တပ်စွဲနေထိုင်ပြီးနောက် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ကျေးရွာက နေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကျေးရွာက နေအိမ်တွေ မီးလောင်တာကို အဝေးက မြင်တွေ့ရပြီး ခန့်မှန်းခြေ လူနေအိမ် ၁၆လုံးခန့် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
“အနီးနား ပြန်ကြည့်လို့လည်း မရဘူးလေနော၊ စစ်သားတွေက ရှိနေတော့ ကျေးရွာအနီးနား မြေမြုပ်မိုင်း အန္တရာယ်လည်း ကြောက်နေရတော့၊ မီးလောင်တဲ့ နေအိမ်ကို ခန့်မှန်းကြည့်တော့ အနည်းဆုံး ၁၆ လုံး မီးလောင်သွားတာပေါ့”လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ကျေးရွာမှာ တပ်စွဲထားတာကြောင့် နေအိမ်ကို ပြန်ကြည့်လို့မရသေးသလို မြေမြှုပ်မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်တဲ့အတွက် မီးလောင်မှုအခြေအနေကို အသေးစိတ်မသိရှိသေးဘူးလို့ ပြောပါတယ်။
” သွားလာဖို့ ခက်ခဲနေဆဲပဲ၊ စစ်တပ်တွေက ရှိနေတော့လေး” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဖရူဆို – ဘောလခဲမြို့နယ်အစပ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလှုပ်ရှားပြီးနောက် လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာအများစုက တိမ်းရှောင်နေကြရတာပါ။
အဆိုပါ ကျေးရွာမှာ နေထိုင်တဲ့ ရွာခံတွေလည်း တိမ်းရှောင်နေရတာ နှစ်လကျော်ရှိနေပြီး လက်ရှိ စစ်ရှောင်တဲ့နေရာမှာ အကူအညီလိုအပ်နေတယ်လို့လည်း ပြောပါတယ်။ စစ်ကော်မရှင်တပ်က နေအိမ် မီးရှို့ဖျက်ဆီးတဲ့ အဆိုပါ ကျေးရွာမှာ အိမ်ခြေ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။





