ကန္တာရဝတီတိုင်း (မ်)
ဧပြီလအစမှာပဲ ကရင်နီမှာ စက်သုံးဆီစျေး ၃ ဆ အထိ မြင့်တက်သွားပါတယ်။ မတ်လ ၃၀ ရက်နေ့ကပဲ တစ်လီတာ တစ်သောင်းအထိသာ စျေးတက်ခဲ့ပေမယ့် အခုဆိုရင် ဒေသအသီးသီးမှာ တစ်သောင်းခွဲ၊ တစ်သောင်းနှစ်ထောင် စသဖြင့် စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
စက်သုံးဆီစျေး မြင့်တက်မှုက အခြေခံစားသောက်ကုန်စျေးနှုန်းနဲ့ စီးပွားရေး၊ လူမှုစားဝတ်နေရေးဖူလုံမှုအပေါ်မှာ တိုက်ရိုက်အချိုးကျနေတာဖြစ်လို့ ကရင်နီဒေသအသီးသီးက လူထုတွေက စိုးရိမ်မှုမြင့်တက်လာနေပါတယ်။ အလုပ်အကိုင် မယ်မယ်ရရမရှိတဲ့ စစ်ဘေးရှောင်မိသားစုတွေကို ထိခိုက်နေသလို၊ လခစား ရုံးဝန်ထမ်းတွေလည်း လခနဲ့ ကုန်စျေးနှုန်း မကိုက်ညီတော့တဲ့ ပြဿနာကို ကြုံလာရတယ်လို့ ရုံးဝန်ထမ်းတွေက ပြောပါတယ်။
“ကိုယ်က လစာ စားဆိုတော့လေး လစာထုတ်တဲ့ချိန်ဆို ဆန်တစ်အိတ်ဝယ်တယ်။ ပြီးတော့ တခြားပစ္စည်းတွေ နည်းနည်းပါးပါး ဝယ်တယ်။ ကျန်တာကျတော့ စားဝတ်နေရေးပိုကြပ်တာမျိုးတွေဖြစ်လာတယ်။ ပြီးတော့ ဆီမရတော့မှာ ကြောက်တဲ့ဟာမျိုးတွေ။ ရှိတဲ့ ပိုက်ဆံနဲ့ တစ်ဗူးနှစ်ဗူးသွားဝယ်ထားပြီးတော့မှ သုံးစရာမရှိတော့တာမျိုးတွေ။ အဓိက လခ နဲ့ပတ်သက်ရင် ဒုက္ခ တော်တော်ရောက်တယ်။ ဆီပြတ်မှာ တအားကြောက်တဲ့တစ်ခုပဲ တော်တော်ခက်တယ်။ အခုဆိုအလုပ်သွားရင်တောင် လမ်းပဲလျှောက်သွားတော့တယ်။ ဆိုင်ကယ်တောင် သိပ်မစီးတော့ဘူး” လို့ ဆီးဘူးမြို့က ရုံးဝန်ထမ်းတစ်ဦးကပြောပါတယ်။
ဓတ်ဆီဆိုင်ဖွင့်ပြီး တနိုင်တပိုင် စီးပွားရှာနေတဲ့ အသေးစားလုပ်ငန်း တော်တော်များများကလည်း ရပ်တန့်ကုန်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက စက်သုံးဆီအကြပ်အတည်းနဲ့ပတ်သက်ပြီး လုပ်ငန်းအစီအမံတချို့ကို စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။
အထူးသဖြင့် ပြည်နယ်ထဲကိုတင်သွင်းတဲ့ ရေနံဆီတွေကို အခွန်မကောက်ယူဖို့ နဲ့ IEC ဝန်ထမ်းတွေအားလုံးကိုလည်း နေအိမ်မှအလုပ်လုပ်ခြင်းဖြင့် စက်သုံးဆီ အကြပ်အတည်းလျော့ချမှုအစီအမံကိုဆောင်ရွက်နေတယ်လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
“မြို့နယ်ကိုတော့ အကြောင်းကြားထားတယ်။ ကိုယ့်ရဲ့မြို့နယ်ထဲမှာရှိတဲ့လူထုတွေကိုတော့ အတတ်နိုင်ဆုံး ဓာတ်ဆီနဲ့ပတ်သက်ပြီးတော့ စီမံခန့်ခွဲပေးဖို့ပေါ့နော။ သေချာတာတစ်ခုကတော့ ကျနော်တို့စျေးနှုန်း ကို တော့သတ်မှတ်မှာ မဟုတ်ဘူး။ ကမ္ဘာ့စျေးနှုန်းနဲ့အညီ သူ့ဟာသူ ဖြစ်ဖို့ပေါ့နော။ ဒါပေမဲ့ မလိုအပ်ပဲနဲ့ တအားကြီး သုံးစွဲတာမျိုးတွေမဖြစ်အောင်လောက်ပဲ၊ နောက်ပြီးတော့ အခွန်အခတွေ အတတ်နိုင်ဆုံး မကောက်ယူဖို့အတွက် အဓိက စီမံနေတယ်။” လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
ရေနံစျေးမြင့်တက်တာက နိုင်ငံတော်အဆင့်မှာတောင် ကိုင်တွယ်ဖို့မလွယ်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့လည်း ဦးဗညားက ဆက်ပြောပါတယ်။ လက်ရှိမှာလည်း အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် အာရှက ဒေသတော်တော်များများမှာလည်း စက်သုံးဆီကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုတွေ ပိုမိုကြီးထွားလာနေပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာလည်း ဓာတ်ဆီစျေးမြင့်တက်လာပြီး အခြေခံစားသောက်ကုန်၊ စွမ်းအင်နဲ့သက်ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ သတ်မှတ်နှုန်းထား မြင့်တက်လာပါတယ်။





