ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၁) ပြီးမြောက်သူတွေကို ဂုဏ်ပြုတာနဲ့ ထောက်ပံ့ပစ္စည်း ချီးမြှင့်ပေးအပ်တဲ့ အခမ်းအနားကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တပ်နယ်ခန်းမမှာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ကျင်းပခဲ့တယ်လို့ ပြည်နယ်ပြန်/ဆက်က ထုတ်ပြန်ပါတယ်။
အဲ့ဒီအခမ်းအနားမှာ စစ်မှုထမ်းပြီးသွားတဲ့ ပြည်သူ့စစ်မှုထမ်းစစ်သည် (၃၈၅ ) ဦး ရှိတယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။ ဒါပေမဲ့ လွိုင်ကော်မြို့မှာ ပြည်သူ့စစ်မှုထမ်း ခေါ်တာထက် ပြည်သူ့စစ်ခေါ်ယူတာကို ကြားသိရကြောင်း လွိုင်ကော်မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကော်ရှင်ထုတ်ပြန်တဲ့ ပြည်သူ့စစ်မှုထမ်း ဦးရေ ၃၀၀ ကျော်ကလည်း ဒေသခံတွေချည်း ပါဝင်တဲ့ အရေအတွက် မဖြစ်နိုင်ဘူးလို့ လွိုင်ကော်မြို့ခံတစ်ဦးကတော့ ဆက်ပြောပါတယ်။
“လွိုင်ကော်မှာက စစ်မှုထမ်းခေါ်တာထက် ပြည်သူ့စစ် ခေါ်တာမျိုး။ ပထမဆုံးအဖွဲ့တွေဆိုရင် လွိုင်ကော်ကလူတွေနဲ့ မြေပြန့်က မျိုးချစ်တွေလည်းပါတယ်။ မြို့ခံ ပြည်သူ့စစ်တွေအများစုကတော့ အစောပိုင်းကာလတွေမှာ မြို့တွင်း လုံခြုံရေးယူပေးကြတယ်။ Surprise Check ဖမ်းတာမျိုးတွေကစ။ အခုနောက်ပိုင်းတော့ မမြင်ရတော့ပြန်ဘူး” လို့ သူက ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ လစာရချင်လို့ ပြည်သူ့စစ်ဝင်ကြတဲ့ သူတွေရှိပေမယ့် ပြည်သူ့စစ်ထဲမဝင်ချင်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း ရှိတယ်လို့ မြို့ခံဖြစ်သူကပြောပါတယ်။
ပြည်သူ့စစ်ဆိုတာ ဒေသအခြေပြု အရန်အင်အားစုအဖြစ် လုံခြုံရေးယူရတဲ့သူတွေကို ခေါ်ဆိုတာဖြစ်ပြီး သက်တမ်းက အမြဲတမ်း ဒါမှမဟုတ် လိုအပ်ချက်အရ ထမ်းဆောင်ရတာပါ။
ပြည်သူ့စစ်မှုထမ်းကတော့ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ရတာဖြစ်ပြီး သက်တမ်းက ၂ နှစ်ကနေ ၅ နှစ်အထိ အခြေနေပေါ်မူတည်ပြီး ကွာခြားပါတယ်။
စစ်ကော်မရှင်ပြောတဲ့ ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၁ ပြီးမြောက်သူ ဂုဏ်ပြုအခမ်းအနားမှာ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က အရာရှိတွေ တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။





