ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း တနေရာကို ဒီကနေ့ ဧပြီလ (၆)ရက် ၊ နေ့လည် (၁၁)နာရီဝန်းကျင်အချိန်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပျံဝဲပြီးနောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” (၁၀)မိနစ်တစ်လုံး (၁၅)မိနစ်တစ်လုံး အဲ့လိုပစ်တယ်လေ။ လက်နက်ကြီးနဲ့ပဲ အမြှောက်တပ်ကလားမသိဘူး။လွိုင်ကော်ဖက်ကနေ ထုလာတယ်။ ဒရုန်းတော့မပစ်ဘူး။ဒရုန်းတော့လာတယ် တစ်နေကုန်” လို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးက ကျေးရွာတရွာနဲ့ ရွာအနီးဝန်းကျင်မှာ ၆လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ တချို့ လက်နက်ကြီးအသီးက မပေါက်ကွဲသေးတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လာရောက် ဖယ်ရှားပေးဖို့ကိုလည်း ဒေသခံတစ်ဦးက အခုလို ပြောဆိုပါတယ်။
” ဖြစ်နိုင်ရင် မကွဲတဲ့ဟာကို ထုတ်လို့ရရင် ပြန်ထုတ်ပေးရင်ပိုကောင်းတယ်။မထုတ်ရင်တော့ ကျနော်တို့ကလေးတွေ သွားဆော့ရင် စိုးရိမ်ရတယ်။ထုတ်ရင်တော့ ပိုကောင်းတာပေါ့” လို့ သူက ဆိုပါတယ်။
အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူထိခိုက်မှု မရှိပေမယ့် ဒေသခံနေအိမ်တချို့ လက်နက်ကြီးအစ ထိမှန်ခဲ့ပါတယ်။





