ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ စစ်အုပ်စုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်း ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုအများဆုံး ရှိခဲ့တယ်လို့ ယမန်နေ့ ဧပြီလ ၆ ရက်နေ့မှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့( KnHRG ) ရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။
သေဆုံးသူ ၁၁ ဦးထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးခဲ့တယ်လို့ KnHRG ရဲ့တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ဖြစ်ရပ်အခြေအနေ ကိုကြည့်မယ်ဆိုလို့ရှိရင် လေကြောင်းတိုက်ခိုက်မှုက ၃ ခုရှိမယ်ပေါ့နော်။ ဒီမယ်စဲ့မှာ ဖြစ်သွားတဲ့ တစ်ခေါက်ရယ် မော်ချီးမှာ ကြဲသွားတဲ့ ၂ ခေါက်ပေ့ါနော်။ အဲ့မှာ သေဆုံးမှုတွေရှိတယ်။ ဒီမယ်စဲ့မှာ ကြဲတုန်းက ၅ ယောက်ဆုံးသွားတယ်။ ၁၄ ရက်မှာက ၁ယောက်သေတယ်။ ပြီးတော့ ၁၉ ရက်မှာလည်း ၁ယောက်သေတယ်ပေါ့နော် ။ ဆိုတော့ လေကြောင်း စုစုပေါင်း ၇ ယောက်သေမယ်ပေါ့နော်။” KnHRG ရဲ့တာဝန်ရှိသူက ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၇ ဦးလုံးဟာ ကရင်နီပြည် ဖားဆောင်းမြို့နယ်အတွင်းက လူထုတွေဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ၇ ဦး၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦး၊ သတ်ဖြတ်ခံရခြင်းကြောင့် ၃ ဦးတို့ဖြစ်ပြီး အမျိုးသား ၇ ဦး၊ အမျိူးသမီး ၃ ဦးနဲ့ ကလေးငယ် ၁ ဦး တို့ဖြစ်ပါတယ်။
စစ်အုပ်စုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အဆိုပါ ထိခိုက်သေဆုံးမှုအပြင် ပြည်သူ ၂၃ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ် အာဏာစသိမ်းတဲ့ ၂၀၂၁ခုနှစ်ကနေ ၂၀၂၆ မတ်လအထိ ကရင်နီပြည်နဲ့ ကယန်းဒေသအတွင်းမှာ ပြည်သူပေါင်း ၈၆၄ ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ဧပြီလ ၁ ရက်နေ့မှာ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။





