Homeသတင်းနှစ်ပေါင်း (၂၀၀)ကျော်ကြာ ရန်ငြိုးရှိလာတဲ့ လိုဘာခို နဲ့ ယပ်ခူ ဆွေမျိုးစုတို့ ပြန်လည်သင့်မြတ်ရေး စာချုပ်ချုပ်ဆို

နှစ်ပေါင်း (၂၀၀)ကျော်ကြာ ရန်ငြိုးရှိလာတဲ့ လိုဘာခို နဲ့ ယပ်ခူ ဆွေမျိုးစုတို့ ပြန်လည်သင့်မြတ်ရေး စာချုပ်ချုပ်ဆို

-

ကန္တာရ၀တီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာနေထိုင်ကြတဲ့ လိုဘာခို‌ ဆွေမျိုးစုနဲ့ ယပ်ခူ ဆွေမျိုးစုတို့ဟာ သမိုင်းကြောင်းအရ နှစ်ပေါင်း ၂၀၀ ကျော်ကြာ ရန်ငြိုးတွေရှိခဲ့ကြပေမယ့် လက်ရှိမှာတော့ ပြန်လည်သင့်မြတ်ခြင်း သဘောညီချက်စာချုပ်ကို ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။

“ကျနော်တို့ လိုဘာခိုနဲ့ ယပ်ခူဆိုရင် ကျနော်တို့ ဘိုးဘွားခေတ်ကတည်းက ပဋိပက္ခ အကြီးအကျယ် ဖြစ်ခဲ့တယ်ပေါ့။ အရင်ခေတ်ကဆို ဥပဒေကြောင်းတွေ နားမလည်ကြဘူးပေါ့။ ရှေရှည်အတွက် မစဉ်းစားခဲ့ကြဘူးပေါ့။ ဒီနေ့ကစ လမယ့်နောက်နောင်သားသမီးတို့အတွက်ဆိုရင် လူမှုရေးဖြစ်စေ ၊ဘာသာရေးဖြစ်စေ၊ အိမ်ထောင်ရေးပိုင်းဖြစ်စေ အားလုံးပေါင်းသင်းနိုင်သွားပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကနေ့မှာ သင့်မြတ်ရေးပွဲ ကျင်းပပြုလုပ်ရတာပေါ့။” လို့ ယပ်ခူကျေးရွာ ရပ်မိရပ်ဖ ဦးခွန်းက အခုလို ပြောပါတယ်။

လွန်ခဲ့တဲ့ (အေဒီ – ၁၈၀၀)ဝန်းကျင်ကတည်းက လိုဘာခို ဆွေမျိုးစုနဲ့ ယပ်ခူဆွေမျိုးစုတို့ဟာ စေ့စပ်ပွဲ ကိစ္စကို အကြောင်းပြုပြီး ပဠိပက္ခ ဖြစ်ပွားလာခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ထက်ထိတိုင် နှစ်ဖက်ဆွေမျိုးစုဟာ လက်ထပ်ထိမ်းမြားခြင်း ပြုလုပ်လို့မရသလို၊ ထိမ်းမြားခြင်းပြုလုပ်ပါကလည်း စောစီးစွာ သေဆုံခြင်းတွေကို ဖြစ်စေတယ်လို့ နှစ်ဖက်ဆွေမျိုးစုတွေက ယူဆကြပါတယ်။

ယခု ပြန်လည်သင့်မြတ်ရေးစာချုပ် ချုပ်ဆိုပြီးချိန်မှာတော့ ဘိုးဘွားလက်ထက်က ချန်ထားခဲ့တဲ့ ကျိန်စာတွေအားလုံး ပျယ်သွားပြီလို့ ကျေးရွာခံတွေက ယူဆကြပါတယ်။ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အငြင်းပွားမှု၊ စိတ်ဝမ်းကွဲမှုကို အဆုံးသတ်ဖို့ ၊ ဆွေမျိုးစု တစုနဲ့တစု ဂုဏ်သိက္ခာထိခိုက်စေမယ့် ပြောဆိုမှု၊ ပြုမူမှုကို ရှောင်ကြဉ်ဖို့ ၊ ဆွေမျိုးစုနှစ်ဖက်လုံးက မိမိတို့ မှားယွင်းခဲ့တဲ့အရာတွေကို ရိုးသားစွာ အပြန်အလှန် တောင်းပြန်ကြပြီး စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

“ဒီလိုဝမ်းသာအားရနဲ့ ကလေးလူကြီး ရွာလူကြီးတွေ ဖိတ်ထားတဲ့သူတွေ ဒီလိုလာကြတဲ့အတွက် ဝမ်းသာအားရတယ်။အခု စုံစုံလင်လင် ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်း လုပ်ကိုင်တော့ ဝမ်းသာတယ် ပိတီလဲ ဖြစ်တာပေါ့” လို့ လိုဘာခိုကျေးရွာတာဝန်ခံတဦးက ပြောပါတယ်။

ယခင်က အခုလို ပြန်လည်သင့်မြတ်ရေးစာချုပ် ကို ချုပ်ဆိုနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် အဆင်မပြေမှုတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒီကနေ့ရဲ့ ပြန်လည်သင့်မြတ်ရေးကို ကယန်းဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ ပြုလုပ်ခဲ့ကြပြီး မိတ်ဆုံစားပွဲလုပ်တာအပြင် အနီးအနားက ကျေးရွာတာဝန်ရှိသူတွေကလည်း အသိသက်သေအနေနဲ့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ