ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်တွေကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်း အမျိုးသမီး ၈၈ ဦးသေဆုံးခဲ့ပြီး ကရင်နီပြည်က ၄ ဦး ပါဝင်တယ်လို့ ယမန်နေ့ ဧပြီလ ၇ ရက်နေ့မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ သေဆုံးခဲ့သူ ၈၈ ဦးဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၇ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၂၁ ဦး ၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၄ ဦး ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၃ ဦး ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၁ ဦး ၊ အကျဥ်းထောင်အတွင်း ဆေးကုသမှု ခံယူခွင့်မရရှိတာကြောင့် ၁ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၁ ဦးတို့ဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသမီးတွေထဲမှာလည်း ၁၈ နှစ်အောက် ကလေး ၂၀ ဦး နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၈ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁ ဦး၊ ကျည်ထိမှန်မှုကြောင့် ၁ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၄ဦး စုစုပေါင်း ၅၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ပဋိပက္ခနယ်မြေအတွင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက လူထုလုံခြုံရေးဆိုင်ရာ အသိပေးထားပေမယ့် မြေမြှုပ်မိုင်းအန္တရာယ်ကတော့ စိုးရိမ်စရာဖြစ်တယ်လို့ ကရင်နီ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“လူတိုင်းကတော့ ကိုယ့်အိမ် ကိုယ့်ရွာမှာပဲ ပြန်နေချင်ကြတာလေနော်။ ဒါပေမဲ့ တာဝန်ရှိသူတွေ အသိပေးထားတဲ့နေရာ ဥပမာ လုံးဝသွားလာလို့မရ နေထိုင်လို့မရ ပြောထားရင်တော့ မသွားဘူးပေါ့။ ဒါပေမဲ့ မြေမြှုပ်မိုင်းတစ်ခုတော့ မပြောတတ်ဘူးလေ တာဝန်ရှိသူတွေလည်း သူတို့အကုန်မသိတော့ အသိမပေးနိုင်တာတွေရှိတော့ မိုင်းကတော့ စိုးရိမ်စရာဖြစ်တာပေါ့။”လို့ သူက ဆိုပါတယ်။
ထိခိုက်သေဆုံးခဲ့တဲ့ နေရာဒေသအရ စစ်ကိုင်းတိုင်းမှာ ၃၇ ဦးနဲ့ သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပြီး ကရင်နီပြည်မှာ ၄ ဦးအပါအဝင် ပဲခူးတိုင်းမှာ ၂၈ ဦး၊ မကွေးတိုင်းမှာ ၅ ဦး၊ မန္တလေးတိုင်းမှာ ၅ ဦး၊ ကရင်ပြည်မှာ ၅ ဦး၊ တနင်္သာရီတိုင်းမှာ ၂ ဦး၊ ရှမ်းပြည်မှာ ၁ ဦးနဲ့ ရခိုင်ပြည်မှာ ၁ ဦးတို့ ပါဝင်ပါတယ်။





