CJ / ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစလို့ မော်တော်ယာဉ်တွေကို နေ့စဉ် စစ်ဆေးအရေးယူမှုတွေ တင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့မှာ သင်္ကြန်ကာလ စျေးဝယ်သူနဲ့ ယာဉ်အသွားအလာ များပြားနေချိန်မှာ စစ်ဆေးမှုတွေ တင်းကြပ်လာတာကြောင့် အခက်တွေ့တယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
“အခါကြီးရက်ကြီးဆိုတော့ စျေးလာတဲ့သူတွေ များတယ်။ အဲ့လိုအချိန်မှာ နေ့တိုင်းလို ဖမ်းနေတာကြောင့် အဆင်မပြေတော့ဘူး” လို့ အဆိုပါ အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိ စစ်ဆေးမှုတွေမှာ ယာဉ်လိုင်စင် ၊ ယာဉ်နံပါတ်ပြား ပြည့်စုံမှု၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုပ်၊ နောက်ကြည့်မှန် စတာကို စစ်ဆေးလျက်ရှိပြီး စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေ ၃၀,၀၀၀ ကျပ်ခန့် ကောက်ခံလျက်ရှိတယ်လို့ ဆိုပါတယ်။
“ သူတို့က အစုံဖမ်းတော့ လွှတ်ဖို့က မရှိတော့ဘူး။ ဆိုင်ကယ်သိမ်းတာတော့ မကြားဘူး၊ မိရင်လည်း ပြန်ရဖို့ အချိန်ကြာတယ်” လို့ နောက်ထပ် မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
ယာဉ်ထိန်းရဲဦးဆောင်တဲ့ အဖွဲ့က သီရိမင်္ဂလာစျေး (တောင်စျေး) အနီးတဝိုက်နဲ့ လူစည်ကားတဲ့နေရာတွေမှာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ မကြာမီ ရောက်ရှိလာတော့မယ့် သင်္ကြန်ပွဲအတွက် လွိုင်ကော်မြို့အနီးကျေးရွာက ပြည်သူအများစုဟာ မြို့တွင်းကို လာရောက် ဈေးဝယ်ယူနေကြတာ ဖြစ်ပါတယ်။





