Homeသတင်းစက်သုံးဆီ သုံးစွဲမှု ဂါလံ ၁ သန်းကျော် လျော့ချနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်ပြော

စက်သုံးဆီ သုံးစွဲမှု ဂါလံ ၁ သန်းကျော် လျော့ချနိုင်ခဲ့တယ်လို့ စစ်ကော်မရှင်ပြော

-

ကန္တာရဝတီတိုင်း (မ်)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၀ ရက်ကစလို့ လက်ရှိအချိန်အထိ တစ်လကျော်အတွင်း စက်သုံးဆီသုံးစွဲမှု ဂါလန် ၁ ဒဿမ ၀၄ သန်း လျော့ချနိုင်ခဲ့တယ်လို့ ဧပြီလ ၇ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဂါလန် ၃ ဒဿမ ၅၄ သန်း ကနေ ၂ ဒသမ ၅သန်း ကျဆင်းလာခဲ့တာဖြစ်လို့ စက်သုံးဆီသုံးစွဲမှုက ပျမ်းမျှအားဖြင့် တစ်ရက် ၂၉ ရာခိုင်နှုန်းလျော့ကျလာတယ်လို့ ပြောပါတယ်။ ဒီလိုလျှော့ချနိုင်တာက အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေတဲ့အပြင် အရန်ဆီ ၁၀ ရက်စာ ပိုသိုလှောင်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်က ချမှတ်ထားတဲ့ စက်သုံးဆီလျော့ချရေးအစီအမံတွေကို လက်တွေ့ကျင့်သုံးပြီးနောက် အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတဝှမ်း စက်သုံးဆီဖူလုံမှုအနေနဲ့ ဓာတ်ဆီ ရက် ၄၀ စာ၊ ဒီဇယ် ၅၀ စာ ဖူလုံမှုရှိပြီး ဧပြီလအတွင်းမှာလည်း သင်္ဘော ၂၆ စင်း ထပ်တင်သွင်းဖို့ စီမံထားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

တစ်ဖက်မှာ စက်သုံးဆီစျေးမြင့်တက်လာတာနဲ့ ပြတ်လပ်တာတွေကြောင့် နိုင်ငံတွင်း ဆီမှောင်ခိုစျေးကွက်တွေ ပေါ်လာနေပါတယ်။ ဒါ့ကြောင့် ပြည်မကနေ ဆီကို တင်သွင်းနေရတဲ့ ကရင်နီပြည်မှာလည်း လက်ရှိ ဆီစျေးမြင့်တက်နေပြီး ဒေသခံတွေက အခက်ကြုံနေရပါတယ်။

“ ကားနဲ့သွားရဖို့ဖြစ်လာတော့ တစ်ဂါလန် ၆သောင်းဆို‌တော့ တစ်ဂါလန်က ခရီးမရောက်ဘူးလေး။ အနည်းဆုံး သိန်းဂဏန်းထည့်မှပဲ ခရီးရောက်တာပေါ့။ အပြင်ထွက်တာတော့ အနီးအနားတော့ ထွက်တာပေါ့။ ဒါပေမဲ့ တစ်နေရာနဲ့ တစ်နေရာသွားဖို့ကျတော့ ခက်တာတော့ရှိတာပေါ့” လို့ ဒီးမော့ဆို ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်က ဆီကုန်သည်တွေကလည်း နောက်ပိုင်း ဆီရနိုင်ချေနည်းလာရင်တော့ ဆီကုန်ရင် ဆိုင်ပိတ်ရနိုင်တယ်လို့ ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံက နှစ်စဉ် စက်သုံးဆီတန်ချိန် ၅သန်းခန့် တင်သွင်းရပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် သုံးစွဲရတာဖြစ်လို့ အခုလို စက်သုံးဆီကို စနစ်တကျ သုံးစွဲလာနိုင်မယ်ဆိုရင် နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၂၀၀၀ ခန့် သက်သာလာမယ်လို့ စွမ်းအင်ဝန်ကြီးဌာနကတော့ ပြောပါတယ်။

စက်သုံးဆီ ၉၇ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် ဆီမပြတ်လပ်အောင် ကြိုးစားနေတယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ