ကန္တာရဝတီတိုင်း (မ်)
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတအဖြစ် တာဝန်ယူပြီးနောက် အစိုးရဝန်ကြီးဌာနတွေကို ဖွဲ့စည်းလိုက်ရာ ကယားပြည်နယ်အစိုးရ ဝန်ကြီးဌာနတွေမှာလည်း အပြောင်းအလဲ ရှိလာပါတယ်။
အာဏာသိမ်းခေါင်းဆောင်က လွှတ်တော်ဆီကို အဆိုတင်သွင်းထားတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအံ့မော်ကတော့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ တရားလွှတ်တော် တရားသူကြီးချုပ် အနေနဲ့ ဦးထွန်းထွန်းဦး ကို ခန့်အပ်ထားပါတယ်။
ဧပြီလ ၇ ရက်နေ့က ကယားပြည်နယ် ပြည်နယ်လွှတ်တော်ခန်းမမှာ ပြည်နယ်ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးဌာနအသီးအသီးက ဝန်ကြီးတွေကိုလည်း ရွေးချယ်ခန့်အပ်ခဲ့ကြတာပါ။ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးအံ့မော်က ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (လွိုင်ကော်မြို့နယ်) ကဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်တပ်အရာရှိတွေနဲ့ စစ်တပ်ကြောထောက်နောက်ခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းထားပြီး အားလုံးက ရွေးချယ်ခံရပါတယ်။
ကယားပြည်နယ်အစိုးရ ဝန်ကြီးဌာနတွေမှာတော့ စီးပွားရေးအခန်းကဏ္ဏ ပါဝင်တဲ့ ဌာနတစ်ခုတိုးလာပါတယ်။ အရင်က စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနကတော့ နှစ်ခုတွဲမနေတော့ပဲနဲ့ ဝန်ကြီးဌာနတစ်ခုစီအဖြစ် သီးသန့်ထွက်လာပါတယ်။
ပြည်နယ်ဝန်ကြီးတွေအဖြစ် ဗိုလ်မှူးကြီးသန်းစိုးအောင် (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)၊ ဦးတင်လှ (စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး)၊ ဦးအောင်မျိုးသိန်း (လူမှုရေးရာ ဝန်ကြီး)၊ ဦးရဲဝင်း(လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး)၊ ဦးဂျိုးဇက်ကျော် (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး)၊ ဒေါ်နှင်းနှင်းရီ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး)၊ ဦးစောဟူးဟူး (စည်ပင်သာယာ ရေးဝန်ကြီး) နဲ့ ဒေါ်ခင်သန္တာထွန်း (ဗမာတိုင်းရင်းသားရေးရာဝန်ကြီး) တို့ကို ကယားပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။





