Homeသတင်းဖရူဆိုအနောက်ခြမ်းမှာ ဓာတ်ဆီတစ်လီတာ နှစ်သောင်းအထိ မြှင့်တက်၊ ဒေသခံနဲ့ စစ်ရှောင်တွေ အခက်ကြုံ

ဖရူဆိုအနောက်ခြမ်းမှာ ဓာတ်ဆီတစ်လီတာ နှစ်သောင်းအထိ မြှင့်တက်၊ ဒေသခံနဲ့ စစ်ရှောင်တွေ အခက်ကြုံ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ စျေးမြှင့်တက်လာတယ်လို့ သိရပါတယ်။ ဧပြီလ ပထမပတ်အထိ တစ်လီတာကို တစ်သောင်းရှစ်ထောင်ကျပ် ပေးဝယ်ရသေးပေမယ့် မနေ့က ဧပြီလ ၉ ရက်နေ့ ကစပြီး တစ်လီတာကို နှစ်သောင်းကျပ်အထိ ပေးဝယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝယ်ယူရတဲ့စျေးနှုန်း၊ သယ်ယူရတဲ့ ကားခကြောင့် အခုလို စျေးတက်ရခြင်းဖြစ်တယ်လို့ တစ်နိုင်တစ်ပိုင် ဓာတ်ဆီရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက အခုလို ပြောပါတယ်။

“ဝယ်တဲ့သူတွေကလည်း သူ့အတွက် စျေးကြီးတယ်လေး။ စျေးကြီးကြီးနဲ့ ဝယ်ရတော့ ပြန်ရောင်းပေးတဲ့အချိန် အဲ့ဝယ်စျေးနဲ့ပဲ ပြန်ရောင်းပေးရင်လည်း မမြတ်တော့ဘူးကော။ အဲ့ဒါကြောင့်မလို့ နှစ်သောင်း အဲ့လောက်အထိတော့ တင်ရောင်းမှာပဲလေး။ အဆင်တော့ မပြေဘူးပေါ့။ ဝယ်တဲ့လူအတွက်ကော ရောင်းတဲ့လူအတွက်ကော။” လို့ ဓာတ်ဆီရောင်းသူတစ်ဦးက ပြောပါတယ်။

ဓတ်ဆီစျေးနှုန်းမြှင့်တက်လာတဲ့အတွက် ကုန်သယ်ယူစရိတ် နှစ်ဆ မြှင့်တက်သွားတာကြောင့် ယခင်က တစ်ပတ်တစ်ကြိမ် ကုန်စည်တွေ သယ်ယူနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ နှစ်ပတ် (သို့မဟုတ်) သုံးပတ်တစ်ကြိမ်သာ ကုန်စည်တွေကို သွားရောက်သယ်ယူနိုင်တော့တယ်လို့ ကုန်စုံရောင်းတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကားခက နှစ်ဆ တက်သွားတယ်။ အရင်တုန်းကဆို သုံးသိန်း၊ အခုဆို ခုနှစ်သိန်း တက်သွားတယ်။ ဘာဖြစ်လဲဆို ဓာတ်ဆီစျေးတက်လို့ ခုနှစ်သိန်း ဖြစ်သွားပြီ။ ”လို့ ကုန်စုံရောင်းတဲ့အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စက်သုံးဆီစျေး မြှင့်တက်တာကြောင့် ကုန်စျေးနှုန်းတွေ ထပ်မံမြှင့်တက်လာပြီး ဆန်၊ အခြေခံဖြစ်တဲ့ ဟင်းသီးဟင်းရွက်လည်း မဝယ်စားနိုင်တဲ့အပြင် ဓာတ်ဆီလည်း မဝယ်နိုင်တော့တာကြောင့် စစ်ရှောင်တွေအနေနဲ့ အခက်အခဲ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

“စျေးက တက်ပြီဆို ကျဖို့ကတော့ မဖြစ်နိုင်ဘူး။ တက်ပြီဆိုတက်တာတွေပဲ။ ကျပြီဆို တစ်ချက်ပဲ ပြီးပြန်တက်တယ်။ ဘယ်လောက်မှမကြာဘူး နည်းနည်းလေး ပြန်ကျတာမှ မကြာဘူး ဆီစျေးဆို လပိုင်းလောက်တောင်မှ မကြာသေးဘူး အခု နှစ်ဆတောင်မှ ပြန်တက်ပြီ။” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တချို့သော ကျေးရွာတွေမှာလည်း ဓာတ်ဆီပြတ်လပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ လောင်စာဆီချွေတာရေး အစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို မတ်လ ၂၀ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) က ပြောထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ