ကန္တာရဝတီတိုင်း ( မ် )
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) စုဖွဲ့မှုမှာ လက်တွေ့ကျတဲ့ စစ်ရေး ၊ နိုင်ငံရေးကို အကောင်ထည်ဖော်သွားမယ်လို့ ဧပြီလ ၁၁ ရက်နေ့မှာပြုလုပ်တဲ့ SCEF ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်သူ ဦးအောင်ဆန်းမြင့် က ပြောဆိုသွားပါတယ်။
စစ်အောင်နိုင်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလကို ချောမွေ့စွာ သွားနိုင်ဖို့ နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးယန္တာရားတွေကို အကောင်ထည်ဖော်သွားမယ်လို့ ပြောပါတယ်။
“ SCEF က ရှင်းရှင်းပြောရရင် လက်တွေ့ကျကျ စစ်ရေး နိုင်ငံရေးကို အကောင်ထည်ဖော်သွားမယ်။ လုပ်ဆောင်သွားမယ့် အဖွဲ့ဖြစ်တဲ့အတွက် သူကတော့ Governing body လိုမျိုးဖြစ်တယ်။ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်မှာ တကယ့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကိုယ်စားပြုမှုရှိတဲ့အစုအဖွဲ့တွေ ကြားထဲမှာ ပေါင်းစပ်ညှိနှိုင်းရေး ယန္တာရားတွေကို တည်ဆောက်ပြီးတော့ အကောင်ထည်ဖော်ဖို့ ဖြစ်တယ်။” လို့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။
တော်လှန်ရေး ၅ နှစ်တာကာလအတွင်း နိုင်ငံရေးအရ ၊ စစ်ရေးအရ စုဖွဲ့မှုတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စုဖွဲ့လာခဲ့ကြပြီး အောင်မြင်မှုတချို့ ရရှိခဲ့ပေမယ့် တော်လှန်ရေးကို အပြီးသတ် အောင်မြင်အောင် မလုပ်ဆောင်နိုင်သေးသလို လက်ရှိ ဆင်နွဲနေတဲ့တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်ပြီး အောင်ပွဲရရှိနိုင်ရေးအတွက် SCEF ကို ဖွဲ့စည်းရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလ အစီအမံဆိုင်ရာ အခြေခံဥပဒေ ( AFTA ) ကို ဆက်လက်ဆွေးနွေးအတည်ပြုပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးနဲ့ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို လက်တွေ့ကျကျ ချမှတ်အကောင်ထည်ဖော်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
SCEF ကို လက်ရှိတော်လှန်ရေးအခြေအနေ ၊ နိုင်ငံရေးအရွေ့နဲ့ လိုအပ်ချက်အရ ကနဦး အဖွဲ့အစည်း ၆ ဖွဲ့ဖြစ်တဲ့ NUG ၊ CRPH ၊ KIO ၊ KNU ၊ KNPP ၊ CNF နဲ့ မတ်လ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။
SCEF မှာ ပြည်နယ် ၊ ဖက်ဒရယ်ယူနစ် ၊ ERO အစုဖွဲ့ ၊ ပြည်သူ့ကိုယ်စားပြု အစုဖွဲ့ ၊ အမျိုးသမီး ကိုယ်စားပြုအဖွဲ့ စတဲ့ မဏ္ဍိုင် သုံးခု နဲ့ စုဖွဲ့ထားကြောင်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“လောလောဆယ်မှာ ဖက်ဒရယ်ယူနစ်တွေ အမျိုးသမီးအစုအဖွဲ့တွေ တခြားတိုင်းရင်းသားအစုအဖွဲ့တွေ တွေ့ပြီးပါပြီ ပဏမအနေနဲ့ ။ ဒီထက်လည်း ကျနော်တို့စုဖွဲ့မှုထဲ ပါဝင်နိုင်အောင် ထပ်ပြီး ညှိနှိုင်းသွားဖို့ရှိတယ်။ အင်အားသစ်တွေ အဖွဲ့ဝင်အသစ်တွေ ပေါ်ထွန်းလာရေးကတော့ သတ်မှတ်ထားတဲ့ မဏ္ဍိုင်သုံးခုကနေပဲ လာရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ယူနစ်တွေ ပြည်နယ်တွေ အမျိုးသမီး ကိုယ်စားပြုမှုတွေ နောက်ပြီးတော့မှ ပြည်သူလူထုကိုယ်စားပြုမှုတွေ ဒီအခန်းကဏ္ဍကနေပဲ အဖွဲ့ဝင်ဖြစ်ရေးက ပါလာရမှာဖြစ်ပါတယ်။” လို့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။
ဒါ့အပြင် အခြေခံမူ ၄ ချက်ဖြစ်တဲ့ မျှဝေမှုရှိတဲ့ အချုပ်အခြာအာဏာ ၊ စုပေါင်းခေါင်းဆောင်မှု ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု ၊ အပြန်အလှန်လေးစားမှုနဲ့ အသိမှတ်ပြုမှုတို့ကို ချမှတ်ထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
SCEF ဖွဲ့စည်းပုံအရ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ ၊ စစ်မဟာဗျူဟာ ပေါင်းစပ် ညှိနှိုင်းကွပ်ကဲရေးကော်မတီ ၊ မူဝါဒရေးရာ အကြံပေးအဖွဲ့ ၊ အတွင်းရေးမှူးအဖွဲ့ ၊ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ထဲ စစ်ရေး၊ နိုင်ငံခြားရေး ၊ လုံခြုံရေးနှင့် ကာကွယ်ရေး ၊ ဖက်ဒရယ်ရေးရာ ၊ ဘဏ္ဍာရေး ပါဝင်ပါတယ်။
SCEF ရဲ့ ရှေ့လုပ်ငန်းစဉ်အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းတာ ၊ မူဝါဒအခြေပြုတဲ့ ကဏ္ဍ ၅ ခုရဲ့ မဟာဗျူဟာ အရ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေဖို့ ဆောင်ရွက်တာ ၊ အဖွဲ့ဝင် အသစ်တွေ ပါဝင်လာနိုင်ရေး ဆက်လက်တွေ့ဆုံဆွေးနွေး ဆောင်ရွက်တာ နဲ့ ပြည်တွင်းပြည်ပ ထောက်ခံမှု ရရှိနိုင်ရေးကို ချမှတ်ဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဖွဲ့ဝင်အသစ် ပါဝင်နိုင်ရေးကို တွေ့ဆုံဆွေးနွေးနေဆဲဖြစ်သလို စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းမယ့် မဟာမိတ်တွေနဲ့လည်း ဆက်လက် ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။





