ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ၁၂ တန်းပြီးမြောက်သွားတဲ့ ကလေးတွေရဲ့ ပညာရေးအခွင့်အလမ်းတွေအတွက် ကော်လိပ်အဆင့် ကျောင်းတွေကို ဆက်လက်ဖွင့်လှစ်ပေးဖို့ အတွက် ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
ကောလိပ်ကျောင်းတွေသာ ဖွင့်လှစ်ပေးနိုင်မယ်ဆိုရင် ကလေးတွေရဲ့ ပညာရေး အခွင့်အလှမ်းတွေ ပိုမို ကောင်းမွန်လာသလို မိဘအရိပ်အောက်မှာ ပညာသင်ကြားခွင့်ရတဲ့ အတွက်လည်း မိဘတွေ ပိုမို စိတ်ချရမှာ ဖြစ်တယ်လို့ ကယားလီဖု ပညာရေး တာဝန်ခံ တဦးက ပြောပါတယ်။
“အရှေ့ဘက်ခြမ်း တနေရာမှာပေါ့နော် ။ ကောလိပ်လေးတွေ ဖွင့်ပေးနိုင်ရင် ကလေးတွေအတွက် ပိုမိုပြီးတော့မှ ပညာသင်တဲ့ အခွင့်အလှမ်းတွေ ပိုမို ရရှိလာမယ်။ နောက်ပြီးတော့မှ မိဘတွေ အနေနဲ့ ဆိုရင်လည်း အဝေးကို သွားစရာမလိုတော့ဘူးဆိုတဲ့ ဟာမျိုးတွေ ။ ဘာလို့ လည်း ဆိုရင် သူတို့ရဲ့ မျက်စိ အောက်မှာ ရှိနေတဲ့ ဆိုပြီးတော့ စိတ်ချချ နဲ့တော့ ကျနော်တို့ ပညာရေး ပညာသင်ကြားလို့ရမယ်။ လက်ရှိ အခြေအနေအရကတော့ ကျနော်တို့ ဘယ်နေရာမှာမှ လုံခြုံတယ်ဆိုတာ မရှိဘူး။ လာပြီးတော့မှ ၁၂ တန်းလွန် ကောလိပ်တွေ လာဖွင့်ပေးနိုင်ရင်တော့ ဒါက အကောင်းဆုံးပဲလို့ ကျနော်တို့က မျှော်လင့် တယ်” လို့ ကယားလီဖု အဖွဲ့ရဲ့ ပညာရေးတာဝန်ခံတဦးက ပြောပါတယ်။
လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းမှာ အများအားဖြင့်က စာသင်ကျောင်းတွေကို ၁၂ တန်းထိပဲ ဖွင့်လှစ်ထားနိုင်တာပါ။ ၁၂ တန်းလွန်သွားပြီးမြောက်သွားတဲ့ ကလေးတွေအတွက် တက္ကသိုလ်ပညာရေးကျောင်းတွေလည်း မရှိတာမို့ တခြားဒေသကို ပြောင်းရွေ့ စာသင်ကြားရသလို ၊ ပညာရေးအခွင့်အလမ်းကြောင့် မိသားစုအလိုက် ရွေ့ပြောင်းနေထိုင်ကြရသူတွေလည်းရှိနေပါတယ်။
“ဆက်လက်ပြီးတော့ ပညာတွေ မသင်ကြားပေးနိုင်တဲ့ ကလေးတွေဆို သူတို့ အတွက်တော့ တော်တော် စိုးရိမ်ရတယ်။ ဘာဖြစ်လို့လည်း ဆိုရင် လေ လွင့်သွားမှာကို အရမ်းကြောက်တယ်။ နိုင်ငံရေးကလည်း သပ်သပ်၊ ပညာရေးကလည်း သူတို့ တနိုင်တပိုင်နဲ့ သူတို့ လုပ်နေတာပဲ။ ဒါပေမယ့် နောက်ဆုံး မှာကျ သူတို့ ဆက်လက် မဆောင်ရွက်သွားနိုင်တာတပိုင်း ၊ (တက္ကသိုလ်)တွေ မဖွင့်ပေးနိုင်တာက တပိုင်း။ တချိူ့မိဘတွေကျတော့ ကလေးတွေကို အရှေ့ဘက်ကမ်းကို ပို့သွားတာတွေ ရှိတယ်။ လုံးဝ မရတော့ဘူးဆို ဟိုဘက်(စစ်ကောင်စီ)ကို ပြန်သွားကြတဲ့ သူတွေလည်း ရှိတယ်။ ကလေးတွေ အလေမလွင့်သွားအောင် ဆိုပြီးတော့ ကျနော်တို့ ပညာပေးတွေ ခဏခဏ လုပ်ပေးဖြစ်တယ်။ ဘာဖြစ်လို့လည်း ဆိုရင် ဒီ လူငယ်ပိုင်းတွေက မူးယစ်ဆေးဝါးတွေနဲ့ တော်တော်လေးပျက်စီးနေတဲ့ ရာခိုင်နှုန်း တက်လာတာကို တွေ့ရတယ်။ ဒီပညာရေးကိစ္စ နဲ့ ပက်သက်လာရင်တော့ စိန်ခေါ်မှု ကတော့ တော်တော်လေး များတယ်” လို့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးလူရယ်ကပြောပါတယ်။
ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း မှာတော့ အထက်တန်းကျောင်း ၁၀ ကျောင်းနီးပါး အပါအဝင် စာသင်ကျောင်း ပေါင်း ၄၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။
အခြေအနေ အကြောင်းအမျိုးမျိုးတွေကြောင့် စစ်ရှောင်တွေဟာ မိသားစု လိုက် စစ်ကော်မရှင်ထိန်းချုပ်နေတဲ့ မြို့ထဲတွေကို ပြန်ဝင်သွားသူတွေ ရှိနေသလို တခြားသော နေရာတွေကို ပြောင်းရွေ့သွားတာတွေ ရှိနေတာကြောင့်လာမယ့် ပညာသင်နှစ်မှာ ပညာသင်ကြားသူ ကျောင်းသားကျောင်းသူဦးရေ လျှော့နည်း လာနိုင်တယ်လို့လည်း သိရပါတယ်။






