spot_img
Homeသတင်းကရင်နီမှာ တပ်ဖွဲ့တွေအားလုံး လိုက်နာနိုင်မယ့် စစ်ဥပဒေမူကြမ်းရေးဆွဲနေ

ကရင်နီမှာ တပ်ဖွဲ့တွေအားလုံး လိုက်နာနိုင်မယ့် စစ်ဥပဒေမူကြမ်းရေးဆွဲနေ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်နာကျင့်သုံးဖို့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းခြင်း ကိုအသားပေးတဲ့ စစ်ဘက်ဆိုင်ရာဥပဒေကို ကရင်နီပြည်ကြားကာလလွှတ်တော် KSIP မှာ ဆွေးနွေးနေတယ်လို့ လွှတ်တော်တာဝန်ရှိသူ ဆီကသိရပါတယ်။

လတ်တလော လွှတ်တော်မှာ ဆွေးနွေးနေတဲ့ စစ်ဘက်ဆိုင်ရာဥပဒေကိုတော့ ကရင်နီတပ်ပေါင်းစုံစစ်ဖက်ဆိုင်ရာဥပဒေ လို့ အမည်ပေးထားပါတယ်။ ကနဦး ဥပဒေမူကြမ်းရေးဆွဲရေးကိုတော့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ သက်ဆိုင်ရာဌာနကနေ ပြည်နယ်မှာရှိနေတဲ့တော်လှန်‌ရေး တပ်ဖွဲ့အသီးသီးနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပြီးတော့မှ ရေးဆွဲတာဖြစ်တယ်လို့လည်း ကရင်နီကြားကာလလွှတ်တော် ဒုဥက္ကဌလည်းဖြစ်၊ ဥပဒေကြမ်းရေးဆွဲရေးနဲ့ စိစစ်ရေးကော်မတီ ဥက္ကဌ ဦးအားဒိုက ပြောပါတယ်။

“အဲဒီကနေ ဥပဒေကြမ်းဖြစ်အောင် ကျနော်တို့ လွှတ်တော်ရောက်တဲ့အခါမှာ ဥပဒေကြမ်းဖြစ်အောင် လွှတ်တော်ကြားနာမှုတွေ၊ မူကြမ်းဖြစ်အောင်၊ ရအောင် ပြန်လည်ပြင်ဆင်မှုတွေနဲ့ နောက်တစ်ဆင့်မှာ လွှတ်တော်ရဲ့ ဥပဒေကြမ်း စိစစ်ရေးနဲ့ အတည်ပြုရေးကော်မတီမှာ စီစစ်တယ်။ ကော်မတီက ပထမအကြိမ် စီစစ်ပြီးတဲ့နောက်မှာ ဥပဒေကြမ်းကို တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ၊ တပ်ဗိုလ် တပ်မှူးတွေ၊ ပြည်နယ်မှာရှိတဲ့ stake holder တွေ၊ တစ်ဖွဲ့ချင်းစီ သီးခြားစီ တွေ့ဆုံပြီးတော့မှ ဆွေးနွေးချပြမှုတွေ အကြံပြုချက်တွေ မှတ်ချက်တွေ ရယူဆောင်ရွက်မှုတွေကို လနဲ့ချီ အချိန်ယူပြီးတော့မှ ဆောင်ရွက်ခဲ့တာရှိပါတယ်။ အဲဒီက တွေ့ဆုံမှုတွေ အရပေါ့နော။ ကျနော်တို့ပြောရရင် ဒီဥပ‌ဒေအပေါ်မှာ တပ်ဖွဲ့အသီးသီးနဲ့ stake holder တွေရဲ့ သဘောထားကတော့ အပြုသဘောဆောင်ပြီး အားရတယ်လို့‌ ပြောလို့ရတယ်” လို့ ကရင်နီကြားကာလလွှတ်တော် ဒုဥက္ကဌလည်းဖြစ်၊ ဥပဒေကြမ်းရေးဆွဲရေးနဲ့ စိစစ်ရေးကော်မတီ ဥက္ကဌ ဦးအားဒိုက ပြောပါတယ်။

ကရင်နီက တပ်ဖွဲ့တွေနဲ့သီးခြားတွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီးမှသာ ဒီဥပဒေမူကြမ်းပေါ်ပေါက်လာတာဖြစ်လို့ ဥပဒေအဖြစ်အတည်ပြုလိုက်ရင်တော့ တပ်ပေါင်းစုံကနေ တပြေးညီလိုက်နာကျင့်သုံးရမှာ ဖြစ်တယ်လို့ ဦးအားဒိုက ရှင်းပြပါတယ်။

စစ်ဥပဒေမူကြမ်းမှာ တပ်တွင်း လိင်အခြေပြု ကျား၊မ၊ LGBTQIA+ ရေးရာတွေကို ဘယ်လိုထည့်သွင်းထားသလဲ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့ ရဲဘော်တွေ ကျဆုံးရဲဘော်တွေအတွက် ဘယ်လို အသား‌ပေး ဥပဒေတွေရေးဆွဲထားသလဲ ဆိုတဲ့မေးမြန်းချက်ကိုတော့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

အခုလိုစစ်ဥပဒေတစ်ရပ်ကို ရေးဆွဲလိုက်ခြင်းအားဖြင့် ဒေသတွင်း လုံခြုံရေး အပြောင်းအလဲတွေဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ဒီးမော့ဆိုမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

“စစ်ဥပဒေတစ်ရပ်ပေါ်လာမယ်ဆိုရင် ကျမတို့ကြားထဲမှာ လက်နက်တွေလက်လွတ်စပယ် ကိုင်တွယ်အသုံးပြုနေကြတာတွေ လျော့ကျလာဖို့ကိုတော့ မျှော်လင့်ရတာပေါ့။ အခုက လက်နက်ရှိတဲ့သူက လူကြားထဲ လက်နက်တွေနဲ့ သွားလာနေတော့ ကျမတို့ လက်နက်မရှိတဲ့သူတွေကျတော့ အမြဲကြောက်နေရတာက တော်တော်ဆိုးတယ်။ အဲလိုမျိုးလည်းမလိုချင်တော့ဘူး။ အဲလိုမျိုးဆက်မဖြစ်တော့ဖို့လည်း မျှော်လင့်ပါတယ်” လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်ကြားကာလလွှတ်တော်မှာ ဥပဒေတရပ်ကို ပြဌါန်းဖို့ဆိုရင် ဥပဒေ မူကြမ်းပြင်ဆင်တင်သွင်းခြင်း ၊ လွတ်တော်ကြားနာခြင်း ၊ ဥပဒေမူကြမ်းပြင်ဆင်ခြင်း ၊ ဥပဒေကြမ်း စိစစ်ခြင်း ၊ ဥပဒေကြမ်းရှင်းလင်းပြီးအကြံပြုချက်များရယူခြင်း ၊ ဥပဒေကြမ်းကို ပြန်လည်စိစစ်ခြင်း ၊ လွတ်တော်ကိုယ်စားလှယ်များထံ ရှင်းလင်းတင်ပြခြင်း နှင့် ပြင်ဆင်ခြင်း ၊ KSCC ထံဥပဒေကြမ်းကို တင်ပြီးလမ်းညွန်မှုခံယူခြင်း နဲ့ နောက်ဆုံးအဆင့်မှာ လွှတ်တော်ခေါ်ယူပြီး ဥပဒေအတည်ပြုပြဌါန်းခြင်းဆိုပြီး ယေဘုယျအားဖြင့် အဆင့် (၉)ဆင့် လောက်ရှိပါတယ်။ တချို့ အဆင့်တွေက တခါမက လုပ်ဖို့လိုအပ်တာတွေရှိတယ်လို့လည်းပြောပါတယ်။ အခုလက်ရှိ စစ်ဥပဒေမူကြမ်းအတွက်က ဥပဒေကြမ်းကိုပြန်လည်စိစစ်ခြင်း ဆိုတဲ့ အဆင့် ၆ ကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ