ကန္တာရဝတီတိုင်း (မ်)
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန့်မိုင်နန်းဆွိုင် ဒုက္ခသည်စခန်း တနည်းအားဖြင့် ဒုက္ခသည်စခန်း အမှတ် (၁) မှာ အုပ်စုအလိုက် အမည်ဖွဲ့ပြီး လှုပ်ရှားနေကြတဲ့ ဒုက္ခသည်လူငယ်တွေကို အုပ်စုဖျက်သိမ်းဖို့အပြင် အုပ်စုနဲ့ သက်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ပြန်အပ်ဖို့ ညွှန်ကြားထားတယ်လို့ ဒုက္ခသည်စခန်း အမှတ် (၁) စခန်းကော်မတီ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ဖြေကြားပါတယ်။
ဒုက္ခသည်စခန်း အမှတ် (၁) မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေက မတူညီတဲ့ အုပ်စုတွေ ဖွဲ့ကြတာ အနည်းဆုံး ၅ ဖွဲ့ထက်မနည်း ရှိနေတယ်လို့လည်း ပြောပါတယ်။
“ပထမဆုံးအချက် ကျနော်တို့ အဝတ်အစား လာအပ်ခိုင်းတယ်။ ပြီးတော့မှ ဖွဲ့ထားတဲ့ ဂိုဏ်းတွေက အဖွဲ့လိုက် ဆက်မလုပ်ဖို့။ တကယ်လို့ ဆက်လုပ်နေမယ်ဆိုရင် ဒုတိယတစ်ကြိမ်ဆိုရင် , ပထမ အချက်အနေနဲ့ သတိပေးချက်ကို မလိုက်နာလို့ရှိရင် သူတို့ကို ဒုတိယအကြိမ် ထပ်တွေ့မယ်။ သူတို့ဆက်လုပ်နေမယ်ဆိုလို့ရှိရင် စခန်းရဲ့ စည်းမျဥ်းစည်းကမ်းအရ အပြစ်ပေးအရေးယူခံရမှာပေါ့နော။ သို့မဟုတ်ရင် အာဏာပိုင်တွေနဲ့ သူတို့ကိုယ်တိုင် ဝင်ရောက်ကိုင်တွယ်မယ်” လို့ ဒုက္ခသည်စခန်း အမှတ် (၁) စခန်းကော်မတီ တာဝန်ရှိသူတစ်ဦး က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
အဆိုပါ လူငယ်တွေထဲက တစ်ဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ မယ်ဟောင်ဆောင်ခရိုင်၊ ဒွိုင်းစန်ဖာ့ view point က လမ်းအတားအဆီးဘောင်ပေါ်မှာ “Karenni by Black King” ဆိုတဲ့ စာသားကို ဆေးမှုတ်ရေးသားခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက ခံဝန်ကတိထိုးစေခဲ့တယ်လို့လည်း စခန်းကော်မတီတာဝန်ရှိသူ က ပြောပါတယ်။
ဆေးမှုတ်ခဲ့တဲ့ အဖွဲ့သားတွေက အသက်မပြည့်သေးတဲ့လူငယ်တွေဖြစ်တာကြောင့် ထိုင်းအာဏာပိုင်တွေဆီမှာ အရေးယူမခံရတာဖြစ်တယ်လို့လည်း စခန်းကော်မတီ တာဝန်ရှိသူ က ဆက်ပြောပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်ထားတဲ့ လူငယ်တွေကို စခန်းတွင်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးထားတယ်လို့လည်း ပြောပါတယ်။
အဆိုပါဖြစ်ရပ်ကြောင့် ဇူလိုင် ၁၃ ရက်နေ့မှာ ကရင်နီဒုက္ခသည်ကော်မတီ KnRC က ကရင်နီဒုက္ခသည်အတွင်း နှောက်နောင်တွင် ယခုကဲ့သို့ မင်းမဲ့စရိုက်များဖြစ်ပွားခြင်းမရှိစေရန်အတွက် ထိုင်းအာဏာပိုင်များနှင့်အတူ ထိုင်းနိုင်ငံရဲ့ ကောင်းကျိုးစီးပွားအလို့ဌာ အထူးကြပ်မတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါအဖွဲ့ကနေ ဆေးမှုတ်ထားခဲ့တဲ့ စာသားကိုတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ လူငယ်တွေကိုယ်တိုင်ဆေးပြန်သုတ်ထားပြီး ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်ဖက်ကလည်း အုပ်စုဖွဲ့လူငယ်တွေရဲ့ လုပ်ရပ်ကြောင့် ကရင်နီဒုက္ခသည်စခန်းရှိလူထုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအပေါ် ထိခိုက်လာနိုင်တယ်လို့ စခန်းကော်မတီဝင်တွေကို ပြောကြားသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုလိုဖြစ်ရပ်မျိုးက စခန်းတွင်း အုပ်စုဖွဲ့လူငယ်တွေကျူးလွန်တဲ့ ပထမဆုံး ပြစ်မှုဖြစ်တာကြောင့် နောက်နှောင် ထပ်မဖြစ်အောင် စည်းကမ်းတင်းကြပ်ရခြင်းဖြစ်တယ်လို့လည်း ဒုက္ခသည်စခန်း အမှတ် (၁) စခန်းကော်မတီ တာဝန်ရှိသူက ပြောပါတယ်။






