ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို စစ်အုပ်စုက Black List စာရင်းသွင်းသလို တဖက်မှာလည်း အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရသူတွေ ရှိတယ်လို့ CDM ကောင်စီလှုပ်ရှားသူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီမှာ အွန်လိုင်းကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF နဲ့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုကောင်စီ( KSCSC-CDM) အပါဝင် CDM အင်အားစုတွေ တွေ့ဆုံဆွေးနွေးစဉ်မှာ အဆိုပါအကြောင်းအရာကို ပြောဆိုခဲ့တာပါ။
တွေ့ဆုံဆွေးနွေးစဉ်မှာလည်း CDM ရဲ့ တာဝန်ထမ်းဆောင်ရေးနဲ့ လုံခြုံရေးဆိုင်ရာအာမခံချက်ရှိဖို့ အခန်းကဏ္ဍ အပါအဝင် အချက် ၉ ချက်ကို ဆွေးနွေးတင်ပြတောင်းဆိုခဲ့ပါတယ်။
“အာဏာသိမ်းကာလ ကြာလာတာနဲ့အမျှ CDM ပို ခက်ခဲလာကြတယ်။ ပြည်ပ/ နယ်စပ်မှာလည်း စစ်ကောင်စီရဲ့ Black List ကြောင့် အထောက်အထားတွေ လက်မှတ်တွေ လုပ်ရာမှာလည်း CDM နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ အဆင်မပြေမှုတွေ ရှိတယ်။ ပြည်တွင်းမှာလည်း အကာအကွယ်ရရှိမှု၊ အကူအညီရရှိမှု အားနည်းသလို အချို့သော ဒေသတွေမှာ အသက်အန္တရာယ်ပြုခံရတဲ့အထိ ရှိတယ်။” လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုကောင်စီ ( KSCSC-CDM)ရဲ့ တာဝန်ရှိသူ ဦးသန်းကျော်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ဒါ့အပြင်
– သက်ဆိုင်ရာ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေက ဒေသဆိုင်ရာ CDM အဖွဲ့အစည်းတွေကို တရားဝင်အသိအမှတ်ပြုဖို့၊
– နိုင်ငံ့ဝန်ထမ်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းတွေနဲ့ ဆွေးနွေးပွဲတွေကို SCEF နဲ့အတူ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခွင့်ပေးဖို့၊
– ပြည်ထောင်စုနဲ့ ပြည်နယ်/ယူနစ်တွေရဲ့ ဝန်ထမ်းယန္တရားမှာ ဝန်ထမ်းရေးရာနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ CDM ဝန်ထမ်းတွေက ဦးစီးဦးဆောင် ပြုနိုင်ရေး ဆောင်ရွက်ပေးဖို့ ၊
– CDM ဝန်ထမ်းတွေရဲ့ မရှိမဖြစ် လိုအပ်နေတဲ့ လူမှုအခက်အခဲတွေကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ရေး စီမံဆောင်ရွက်ဖို့ ၊
– အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ သက်ဆိုင်ရာ ပြည်နယ်/ယူနစ်တွေရဲ့ ပြဋ္ဌာန်းချက်တွေကို အာဏာသက်ရောက်စေရေး SCEF နဲ့ အတူ ကြိုးပမ်းဖို့၊
– SCEF မှာ CDM နိုင်ငံ့ဝန်ထမ်းရေးရာ နဲ့ စပ်လျဉ်းပြီး သီးသန့်ကဏ္ဍတစ်ရပ် ထည့်သွင်းပေးဖို့ နဲ့ CDM ဝန်ထမ်းတွေနဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးနိုင်ရေး (Regular Meetings) စီမံပေးဖို့
စတာတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဒီတောင်းဆို တင်ပြချက်တွေကို SCEF အဖွဲ့အတွင်းကို သယ်ဆောင်သွားပြီး ပြန်လည် ဆွေးနွေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆွေးနွေးပွဲမှာ တင်ပြတောင်းဆိုသူတွေကတော့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကောင်စီ (KSCSC-CDM) အပါအဝင် ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊ ပဲခူးဒေသ စီဒီအမ် နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)၊ ရန်ကုန်ဖက်ဒရယ်ယူနစ် စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ အဖွဲ့အစည်း (YFCCO) နဲ့ ရှမ်းပြည်နယ် CDM ကောင်စီ (Pre Founding) တို့ ပါဝင်ပါတယ်။
ဆွေးနွေးပွဲ မှာတော့ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနဲ့ တွဲဘက် ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့ တက်ရောက်ရှင်းလင်းခဲ့ကြပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့တယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကောင်စီ (KSCSC-CDM) ဆီကနေ သိရပါတယ်။






