ကန္တာရဝတီတိုင်း ( မ် )
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် ၊ မယ်တန်မြို့နယ်မှာ အသက် ၃၆နှစ်အရွယ် ကယောလူမျိုးဖြစ်တဲ့ ဦးထွန်းအီကို လူတစုက ကားပေါ်တင် ခေါ်ဆောင်သွားပြီးနောက် သတိလစ်မေ့မြောတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
အဲ့ဒီ ရိုက်နှက်ခံရမှုကြောင့် ဦးထွန်းအီမှာ Lana ဆေးရုံမှာ ခွဲစိတ်ကုသမှုယူခဲ့ရပြီး ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့အထိ သတိပြန်မရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ လူ ၁၀ ဦးကျော်ပါတဲ့အဖွဲ့က ဦးထွန်းအီရဲ့ ဆိုင်ကယ်ကို တားပြီး လူနဲ့ ဆိုင်ကယ်ကို အတင်းအဓမ္မခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဦးထွန်းအီကို ဖမ်းခေါ်သွားသူတွေဟာ ကား၂စီးနဲ့လာတာဖြစ်ပြီး ငွေရောင် Isuzu D-Max တစီးအပြင် အခြားအမည်မဖော်ပြနိုင်တဲ့ ကားဖြူတစ်စီးလည်း ပါဝင်ပါတယ်။
ငွေရောင် Isuzu D-Max ကားကိုမောင်းနှင်လာသူ ယာဉ်မောင်းကတော့ အနက်ရောင်၊ အနီရောင်အနားပါ တီရှပ်ဝတ်ထားတဲ့ အမျိုးသားဖြစ်ကာ ကားပေါ်မှာလည်း တခြားသူတွေရှိနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
အဖြူရောင်ကားတစီးကတော့ ဦးထွန်းအီရဲ့ဆိုင်ကယ်ကို တင်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။
ဖမ်းခေါ်ခံရပြီး နောက်တနေ့ နံနက်အစောပိုင်းမှာ ထိုင်းဒေသခံတွေက လမ်းဘေးတနေရာမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ဦးထွန်းအီကို တွေ့ရှိခဲ့တာပါ။ သတိမေ့မြောနေတဲ့ ဦးထွန်းအီရဲ့ မျက်နှာမှာ ရောင်ရမ်းနေသလို နှာခေါင်းနဲ့ နားမှာ သွေးတွေထွက်နေတယ်လို့ ဆိုပါတယ်။
“ရဲဆိုရင် အမှန်ဆိုရင် ရဲစခန်းသွားရမှာပေါ့။ သူတို့ကဖမ်းပြီးတော့ဟို့ တောလမ်းဖက် လူသိပ်မရှိတဲ့ နေရာကို သူတို့သွားပြီး သွားရိုက်တာပေါ့။ ဦးခေါင်းတွေကိုရိုက်တယ်။ ရောင်အောင်ရိုက်တယ် ။ သူပါလာတဲ့ ပစ္စည်းတွေကိုအကုန်လုံးယူသွားတယ်။ ဆိုင်ကယ်တော့မယူသွားဘူး။ ဆိုင်ကယ်နဲ့လူနဲ့ပဲ ချန်ထားပြီး ကျန်တဲ့ဟာ ဘဏ်ကဒ်နဲ့ ပတ်စပို့တွေအကုန်လုံးယူသွားတာပေါ့။ “ လို့ ဦးထွန်းအီရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
အခုလို အကြောင်းမဲ့ အရပ်သားပြည်သူကို ဖမ်းဆီးရိုက်နှက်မှုအပေါ် တရားမျှတမှုရရှိလိုတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“ လက်မှတ်ရှိရဲ့သားနဲ့ ဒီလိုဖမ်း မတရားရိုက်နှက်၊ နှိပ်စက်နေတာကို တရားဥပဒေနဲ့အညီ တရားမျှရရှိစေရန် ဆက်လက် ဆောင်ရွက်မယ်။”လို့ အဆိုပါ မိသားစုဝင်တဦးက ဆက်ပြောပါတယ်။
ဦးထွန်းအီဟာ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ယိုစပရားကျေးရွာဇာတိဖြစ်ပါတယ်။ ထိုင်းကိုရောက်ရှိနေထိုင်တာ နှစ်ပေါင်း ၂၀ ကျော်ရှိနေပြီး မိုးကုဆင်သဲကျေးရွာမှာ ဆင်ထိန်း အလုပ်သမားအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။






