ကန္တာရဝတီတိုင်း(မ်)
စစ်အစိုးရလက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့က ဒီးမော့ဆိုမြို့ပေါ်မှာရှိတဲ့ ဆေးရုံ ၊ မီးသတ်ရုံး ၊ မြို့မဈေး ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းအပြင် ဌာနဆိုင်ရာရုံးတွေကို ပြုပြင်ဆောင်ရွက်ဖို့ ဇူလိုင်လ ၁၅ ရက်နေ့မှာ သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်အစိုးရရဲ့သတင်းဌာနတွေမှာ ပြောပါတယ်။
ဒီးမော့ဆိုမြို့ပေါ်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စစ်အစိုးရရဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်က မြေပြင်မှာ သွားရောက်ခဲ့တာပါ။ ဒါ့အပြင် လွိုင်ကော်- ဒီးမော့ဆိုပြည်ထောင်စုလမ်းမကြီးဘေးက ကျေးရွာတချို့မှာလည်း လမ်းပြင်ဆင်ရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
လွိုင်ကော်-ဒီးမော့ဆိုပြည်ထောင်စုလမ်းမကြီးတလျှောက်က ကျေးရွာတွေမှာ လူထု ပြန်လည်နေထိုင်တာရှိပေမယ့် မြို့ပေါ်ရပ်ကွက်မှာတော့ နေထိုင်ခြင်းမရှိသေးတာကြောင့် အတင်းအကြပ် ပြန်လည်ထူထောင်ခြင်းမျိုးသာ ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက တုန့်ပြန်ပါတယ်။
“လွန်ခဲ့တဲ့ ၂ပတ်ဝန်းကျင်က ပြည်နယ်အစိုးရက ဒီးမော့ဆို ၊ဖရူဆို၊ ဘောလခဲစတဲ့ မြို့တွေကို ပြန်လည်ထူထောင်ခြင်းနဲ့ နေရာချထားရေးဆိုင်ရာ ဆွေးနွေးတဲ့ အစီမံတွေကို တွေ့ရတယ်။ အဲ့နောက်ပိုင်း ခုလို သန့်ရှင်းရေးလုပ်ငန်းပြန်စတာလို့ပဲမြင်ပါတယ်။ အဲ့လိုပုံစံနဲ့ ဒီးမော့ဆိုမြို့ကို ပြန်ထူထောင်လိမ့်မယ်။ အတင်းအကြပ်ပြန်လည်ထူထောင်ခြင်းပါ။ “လို့ ဦးဗညားက ဆိုပါတယ်။
ဒီးမော့ဆိုမြို့အနီး နဲ့ မြို့ပြင်ပတ်လည်မှာတော့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စုတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လူထုတွေ နေထိုင်ဖို့မသင့်ဘူးလို့လည်း ဆိုပါတယ်။
“အမှန်က ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲရက်တိုင်း ဖြစ်ပွားနေတဲ့ မြို့နယ်ဖြစ်လို့ ပြန်လည်နေထိုင်ဖို့လုံးဝ မသင့်တဲ့မြို့ဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့ လူထုပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးတာတော့ အမှန်ပါပဲ။”လို့ ဦးဗညားက ဆိုပါတယ်။
အစောပိုင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ပေါ်ကို စစ်အုပ်စုက စစ်ကြောင်းတွေ၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် နယ်မြေလက်လွှတ်ခဲ့ရတာပါ။ အဲ့ဒီနောက် ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဩဂုတ်လမှာ ကြေညာခဲ့ပါတယ်။
လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကိုလည်း ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး နယ်မြေ လုံခြုံရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ စစ်အစိုးရက ပြောဆိုထားပါတယ်။






