Homeသတင်းလမ်းခရီးအခက်အခဲကြောင့် အချိန်မီ ဆေးကုသမှုမရခဲ့တဲ့ မီးဖွားပြီး သွေးသွန်မိခင် သေဆုံး

လမ်းခရီးအခက်အခဲကြောင့် အချိန်မီ ဆေးကုသမှုမရခဲ့တဲ့ မီးဖွားပြီး သွေးသွန်မိခင် သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖွံဘော်ခွတ်မြို့နယ်အတွင်း အသက် ၃၅ နှစ်အရွယ် မိခင်တဦးဟာ ကျေးရွာက နေအိမ်မှာ ကလေးမီးဖွားပြီးနောက် သွေးသွန်မှု (Postpartum Hemorrhage – PPH) ဖြစ်ပွားကာ ဆေးကုသမှုအချိန်မီ မပြုလုပ်နိုင်ခဲ့တာကြောင့် အသက်သေဆုံးခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိတဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

မီးဖွားပြီး သွေးသွန်ခဲ့တဲ့ အဆိုပါ မိခင်ကို အနီးဆုံး ဆေးခန်းမှာ ဆေးကုသမှုခံယူနိုင်ဖို့အတွက် ခြေလျင်ဖြင့် နှစ်နာရီခန့် အချိန်ယူကာ ပို့ဆောင်ခဲ့ရပါတယ်။ ဆေးခန်းကို ရောက်ရှိချိန်မှာတော့ အရေးပေါ်ကုသမှု ဆောင်ရွက်ခဲ့ပေမယ့် ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ ည ၁၀ နာရီအချိန်မှာ မိခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – ပေးပို့

“သေဆုံးသူက ကိုယ်ဝန် ၄၀ ပတ်ရှိ G5P5 မိခင်တဦးဖြစ်ပြီးတော့ ရွာမှာ လက်သည်နဲ့ ကလေးမွေးဖွားခဲ့တာ။ ကလေးမွေးဖွားပြီးတော့ အချင်းမကျဘဲ အချင်းကပ်နေခဲ့တာ မီးဖွားပြီးသွေးသွန်ခြင်း (Postpartum Hemorrhage) ဖြစ်ပွားခဲ့တာ။လူနာကို ရွာကနေ ဆေးခန်းကို ၂ နာရီကြာ ခြေလျင်နဲ့ပို့ဆောင်ခဲ့တာ ည ၈ နာရီမှာ ဆေးခန်းကို ရောက်ရှိခဲ့တာ။ ဆေးခန်းမှာ အရေးပေါ်ကုသမှုနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပေမဲ့ လူနာရဲ့အခြေအနေက ဆက်လက်ဆိုးရွားလာတော့ ည ၁၀ နာရီ ၁၀မိနစ်လောက်မှာ သေဆုံးခဲ့တာ။”လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးအရာရှိတဦးက ပြောပါတယ်။

အခုလို မီးဖွားပြီးစ ကလေးငယ်မိခင် သေဆုံးခဲ့ရတာဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ သွားလာရေးအခက်အခဲတွေကြောင့် ကျန်းမာရေးဝန်ဆောင်မှုကို အချိန်မီ မရရှိနိုင်ခဲ့တဲ့ အခြေအနေတွေကလည်း အဓိကအကြောင်းရင်းတခုဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျန်ရစ်တဲ့ မွေးကင်းစကလေးငယ်အတွက် နို့မှုန့်နဲ့ လိုအပ်တဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။

“ကလေးက ယောကျာ်းလေးပါ။ လောလောဆယ်အတွက်တော့ ကလေးအတွက်နို့မှုန့် ရယ်၊ အနှီးအချို့ရယ်တော့လိုမယ်။”လို့ မြို့နယ်ကျန်းမာရေးဦးစီးအရာရှိတဦးက ဆက်ပြောပါတယ်။

သေဆုံးခဲ့တဲ့ မိခင်ဟာ အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး မွေးကင်းစကလေးငယ်အပါအဝင် သားသမီး ၅ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ဖွံဘော်ခွတ်မြို့နယ်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျန်းမာရေးဝန်ဆောင်မှုတွေကို အချိန်မီ လက်လှမ်းမီရယူနိုင်ဖို့ ခက်ခဲနေသလို၊ အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိရေးမှာလည်း အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ