ကန္တာရဝတီတိုင်း (မ်)
မိဘတွေဟာ ကလေးတွေရဲ့ ပညာရေးမပြတ်တောက်စေဖို့ ကျောင်းတွေမှာ စာသင်ကြားစေလျက်ရှိပါတယ်။ စစ်ရှောင်ကာလကြာမြှင့်လာပြီး ဝင်ငွေအခက်အခဲရှိနေသလို လစဉ်ကျောင်းလခပေးသွင်းရတာဖြစ်ပြီး စာသင်ကျောင်းအများစုမှာ ပြီးခဲ့တဲ့စာသင်နှစ်ထက် ကျောင်းလခ ၃,၀၀၀ ကနေ ၅,၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံလာတယ်လို့ ပြောပါတယ်။ ကျောင်းဖက်ကနေလည်း ပညာရေးကုန်ကျစရိတ်အပြင် ကျောင်းဆရာ၊ ဆရာမ မုန့်ဖိုးပါ အခက်အခဲရှိလာလို့ တိုးမြှင့်ကောက်ခံရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဝင်ငွေအကန့်အသတ်ရှိတဲ့ စစ်ရှောင်မိသားစုတွေအတွက် ပညာရေးစရိတ်က ပိုကြီးမြင့်လာပါတယ်။ အထူးသဖြင့် သားသမီးများတဲ့ မိသားစုတွေအနေနဲ့ ကလေးတစ်ဦးချင်းစီအတွက် ကျောင်းလခနဲ့ အခြားပညာရေးကုန်ကျစရိတ်တွေ ပေးဆောင်ရတာကြောင့် ငွေကြေးအခက်အခဲ ပိုမိုကြုံတွေ့နေရတဲ့အကြောင်းကို မိဘတချို့ရဲ့ အခက်အခဲနဲ့ ရင်ဖွင့်စကားသံတွေကို မေးမြန်းတင်ဆက်ထားပါတယ်။
ဒေါ်ကတ်သရင်းနာ
” အခက်ခဲကတော့ လစဉ်ပုံမှန်ပေးရတဲ့အတွက် ကိုယ်က မရှာပေးနိုင်တဲ့အတွက်ကြောင့် အိပ်မပျော်စားမဝင်တဲ့ပုံစံမျိုး၊ ကိုယ့်သား၊ သမီးတွေ အတွက်ဆိုတော့ ပညာရေးတော့ ဦးစားပေးချင်တယ်။ ခက်တာက ငွေကြေးက လစဉ်ပုံမှန်မပေးနိုင်တော့ အိပ်မပျော်စားမဝင်ပဲ စိတ်ပါပါ စိတ်ဖိစီးမှုတွေရပြီး ကျန်းမာရေးလဲတဖက် ထိခိုက်လာတာပေါ့။ ”
ဒေါ်ဖရားရှာ
” မိဘတစ်ယောက်အနေနဲ့ဆို ဝင်ငွေမရှိဘူး။ အလုပ်သူများငှားဖို့တောင် တစ်ရက်တစ်သောင်းတောင်ငှားတဲ့လူ မရှိဘူး။ မိဘတိုင်းက သူများငှားရင် လိုက်ချင်ကြတယ်လေ။ ဘာဖြစ်လဲဆို လကုန်ရင် ဆရာမ မုန့်ဖိုးတွေပေးရမယ်လေ။ တချို့ သူများမငှားတော့ သူများဆီမှာ သွားချေး။ သွားချေးတော့ အတိုးပေးရတာပေါ့။ ”
ဂျူဒီးတာ
” ကျမတို့ အလုပ်အကိုင်မရှိတဲ့ဟာ။ ကလေးလဲများတယ် ကလေးက ငါးယောက်ရှိတယ်။ လူများကျောင်းလခ လာတောင်းဆို အဒေါ်မပေးနိုင်တာလေ ရှက်တယ်ကောနော်။ လူများလာကောက်တာလဲ အဒေါ်မပေးနိုင်တော့ ရှက်တယ် စိတ်ဆင်းရဲသွားတယ်။ လူများဟာ သွားချေးလဲ လူများဟာလဲ မရှိ။ အကြွေးလဲမရ အဲ့မျိုးလေ။ အဒေါ်လည်း အရမ်းစိတ်ညစ်တယ် မိဘတွေက စိတ်ဆင်းရဲတယ်ပေါ့နော်။ ”
ဒေါ်မနွဲ့
” အလုပ်လဲ ရှားပါးတော့ တလ တလ လစဉ် ကောက်တာလဲရှိတော့ ကော်မတီတွေလာကောက်ရင် ကျမတို့ပေးဖို့မရှိတော့ အိမ်နီးနားချင်းတွေကိုပဲ သွားချေးရတယ်ပေါ့နော်။ တလ တလဆိုလဲ ပိုက်ဆံက အတိုးတက်တယ်လေ။ ကျမတစ်ယောက်အနေနဲ့ဆိုရင်လဲ ကလေးကိုအောက်မကျ နောက်မကျ ခိုင်းစေချင်ဘူးလေး ပညာရေးကိုပဲ တိုက်တွန်းချင်တော့လေ။ အခုလဲ ကျောင်းလခ ထပ်တိုးလာတော့ ကျမက ကလေးတအားများတော့ မပေးတက်နိုင်တော့ ကလေးကို ထွက်ခိုင်းမလားလို့ စဉ်းစားထားတာလေ။ “





