spot_img
Homeသတင်းဖရူဆိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် တောင်ယာလုပ်ငန်းခွင်သွားဖို့ တောင်သူတွေအခက်တွေ့

ဖရူဆိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် တောင်ယာလုပ်ငန်းခွင်သွားဖို့ တောင်သူတွေအခက်တွေ့

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် တောင်ယာလုပ်ငန်းခွင်ကို သွားရောက်လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။

အခုလို တောင်ယာလုပ်ငန်းခွင်တွေကို တိုက်ခိုက်တာဟာ စိုက်ပျိုးရာသီအတွင်း ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ တောင်သူတွေက ပြောဆိုပါတယ်။

တောင်ယာလုပ်ကိုင်သူတွေအနေနဲ့ နှစ်စဉ် စိုက်ပျိုးရေးရာသီရောက်တိုင်း လုံခြုံရေးအခြေအနေကို စိုးရိမ်နေရပေမယ့် ဒီနှစ်မှာတော့ ဒရုန်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ပိုမိုများပြားလာတာကြောင့် တောင်ယာသွားလာလုပ်ကိုင်ဖို့ ပိုမိုခက်ခဲလာတယ်လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ တောင်ယာလုပ်ကိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

“နှစ်တိုင်းပေါ့နော်၊ တွေးလည်းပူရတယ်။ ဒီနှစ်မှာကျတော့ ပိုတောင်အဆင်မပြေဖြစ်သွားတယ်။ တောင်ယာသွားတဲ့အချိန်ဆို တောင်ယာသွားတဲ့လမ်းမှာများ စစ်သားတွေ တက်လာမလာဆိုပြီးတော့လည်း စိုးရိမ်ရတာမျိုးတွေရှိတယ်။ ဒီနှစ်ကျတော့ ဒရုန်းတွေ၊ လက်နက်ကြီးတွေ ထုလာတာပိုများလာတော့ သွားမယ်ဆိုလို့ရှိရင်လည်း အသေခံဒရုန်းတွေဆိုလည်း လာတယ်ပြောတာပေါ့နော်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာ တောင်ယာပေါင်းလိုက်ရမယ့်အချိန် ရောက်ရှိလာပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေကြောင့် တောင်ယာခင်းတွေထဲ သွားရောက်ပြီး ပေါင်းရှင်းတာနဲ့ ခြံရှင်းတာတွေ မလုပ်နိုင်ကြသေးဘူးလို့ တောင်သူတွေက ပြောပါတယ်။ တောင်ယာခင်းတွေကို အချိန်မီ ပေါင်းမရှင်းနိုင်ဘူးဆိုရင် စိုက်ပျိုးထားတဲ့ သီးနှံတွေ အောင်မြင်ဖြစ်ထွန်းမှု ထိခိုက်နိုင်တာကိုလည်း တောင်သူတွေက စိုးရိမ်နေကြပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက အုပ်ချုပ်ရေးတာဝန်ရှိသူ အမျိုးသားတဦးကလည်း တောင်ယာလုပ်ငန်းခွင်တွေမှာ အာဏာသိမ်းစစ်တပ်က ဒရုန်းတိုက်ခိုက်မှုတွေ ပိုလုပ်ဆောင်လာတယ်လို့ ပြောပါတယ်။

“ဒရုန်းနဲ့ ခဏခနလာတယ်။ တစ်ရက်ခြား၊ နှစ်ရက်ခြားလောက်ဆို လာကြဲတယ်ပေါ့နော်။ တောင်ယာသွားတော့ လူစုနဲ့ဆို ပိုပြီးလုပ်တယ်။ စိုက်ခင်းတွေမှာ ပိုပြီးချတယ်” လို့ သူက ပြောပါတယ်။

တောင်ယာလုပ်ကိုင်သူတွေဟာ မိသားစုဝမ်းစာအတွက် တပိုင်တနိုင် စိုက်ပျိုးလုပ်ကိုင်နေသူတွေ အများစုဖြစ်သလို တချို့ကတော့ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြတာလည်း ရှိပါတယ်။ တောင်ယာစပါးအပြင် ပြောင်းဖူး၊ ပြောင်းကောက်နဲ့ မြေပဲတွေကိုလည်း စိုက်ပျိုးလုပ်ကိုင်နေကြပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက တောင်ယာလုပ်ငန်းခွင်တွေနဲ့ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဩဂုတ်လအတွင်း ဒရုန်းနဲ့ ၁၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူ ၅ ဦး ထိခိုက်သေဆုံးခဲ့သလို ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ်လည်း သတ်မှတ်နိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ မမေက သုံးသပ်ပါတယ်။

“စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာက လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေအရဆိုရင် စစ်ရာဇဝတ်မှုမြောက်တယ်ပေါ့နော်။ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်တဲ့အမှု ဖြစ်တယ်ဆိုတာလည်း ပြောချင်တယ်။ အဲ့ဒါကြောင့် စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာမျိုး လုံးဝမရှိသင့်ပါဘူး။ အဲ့ဒီအတွက် စစ်ကောင်စီကို အားလုံးက ဝိုင်းဝန်းဖိအားပေးဖို့ လိုနေတယ်” လို့ ဒါရိုက်တာ မမေက ဆိုပါတယ်။

တောင်ယာလုပ်ငန်းခွင်တွေကို လုံခြုံစွာ သွားရောက်လုပ်ကိုင်နိုင်ခြင်းမရှိတာဟာ တောင်သူတွေရဲ့ လက်ရှိစားဝတ်နေရေးအပြင် လာမယ့်နှစ် စားနပ်ရိက္ခာဖူလုံရေးအပေါ်ပါ သက်ရောက်မှုရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ