spot_img
Homeသတင်း“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုတည်ဆောက်ရေးသို့” အခြေခံမူနဲ့နိုင်ငံရေးရည်မှန်းချက်ကို ဆက်လက်ဖော်ဆောင်မယ်လို့ KNDF ဆို

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုတည်ဆောက်ရေးသို့” အခြေခံမူနဲ့နိုင်ငံရေးရည်မှန်းချက်ကို ဆက်လက်ဖော်ဆောင်မယ်လို့ KNDF ဆို

-

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလမှာ ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်အတွက် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုတည်ဆောက်ရေးသို့” ဆိုတဲ့ အခြေခံမူနဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်တွင်းတနေရာမှာ ပထမအကြိမ် KNDF ညီလာခံကို ဩဂုတ်လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ နှစ်ရက်တာ ပြုလုပ်ခဲ့ပါတယ်။ ညီလာခံအပြီး ရှေ့ဆက်လုပ်ဆောင်မယ့် နိုင်ငံရေးနဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အခုလို ထုတ်ပြန်အသိပေးပါတယ်။

အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်မှာတော့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးတွေမှာ အာဏာခွဲဝေပေးနိုင်ရေး ၊ လူထုကနေ ရွေးချယ်ပါဝင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရေးတို့အတွက်လည်း ဆက်လက်ပါဝင်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်နီပြည်မှာ ညီညွတ်သောအစိုးရနဲ့အတူ ပြည်နယ်တပ် တစ်ခုတည်း ဖြစ်ပေါ်လာရေးကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

KNDF တပ်ရဲ့ မူဝါဒနဲ့ စစ်ဥပဒေတွေကိုလည်း နိုင်ငံတကာကနေ လက်ခံယုံကြည်လာစေဖို့ ကြိုးပမ်းသွားပြီး နိုင်ငံတကာစစ်ဘက်ဆိုင်ရာစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးသွားမယ်လို့ ပြောပါတယ်။ တပ်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လိုက်နာကျင့်သုံးမှုတွေကိုလည်း နိုင်ငံတကာကနေ စောင့်ကြည့်အကဲဖြတ်ခြင်းကို ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရာမှာလည်း “ရဲဘော်တွေကို မှားယွင်းတဲ့ နိုင်ငံရေးလမ်းကြောင်းဆီ ခေါ်ဆောင်သွားမှာ မဟုတ်ကြောင်း”လည်း KNDF က ပြောဆိုထားပါတယ်။

ပြုလုပ်သွားတဲ့ ၂ ရက်တာ ပထမဆုံးအကြိမ် ညီလာခံမှာတော့ KNDF ဗဟိုကော်မတီဝင်တွေ၊ စစ်ဒေသမှူးတွေ၊ ဌာနမှူးတွေ၊ တပ်ရင်းမှူးတွေ၊ ရုံးဦးစီးမှူးတွေနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် အမျိုးသား (၉၁) ဦး ၊ အမျိုးသမီး (၁၄) ဦး စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ နယ်မြေဒေသရဲ့ လိုအပ်ချက်တွေအရ KNDFရဲ့ ဗဟိုကော်မတီဝင်တချို့ကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တပ်ရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။

KNDF ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ ယခင်ကာလ လုပ်ငန်းစဉ်နဲ့ အနာဂတ် စစ်ရေး၊ နိုင်ငံရေး ဦးတည်ချက်တွေကိုလည်း ဆွေးနွေးသုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ