ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ အာဏာသိမ်းစစ်အစိုးရ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ လိုင်စင်မဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်ယာဉ်တွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးမှုတွေ တင်းကြပ်စွာ လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာလကစပြီး ယာဉ်အသွားအလာများတဲ့ မြို့တွင်းနေရာတွေနဲ့ ရပ်ကွက်တွေမှာ အလှည့်ကျ စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ဖမ်းနေတာကြာပြီ။ ဒီတပတ် နာရီစင်အနီးအနားဆို နောက်တစ်ပတ် ရှမ်းပိုင်းတံတားနား အဲဒီလိုမျိုး လှည့်ဖမ်းနေတာ” လို့ လွိုင်ကော်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
အရင်က ဖမ်းဆီးခံရတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ငွေကျပ် ၃၀,၀၀၀ ပေးပြီး ပြန်လည်ရွေးယူနိုင်ပေမယ့် လက်ရှိမှာတော့ ပြန်ရွေးယူလို့မရတော့ဘဲ သိမ်းဆည်းခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် အရင်က ယာဉ်မောင်းဦးထုပ်နဲ့ နောက်ကြည့်မှန် စတဲ့ ယာဉ်စည်းကမ်းပိုင်းတွေကို အဓိကစစ်ဆေးခဲ့ပေမယ့် လက်ရှိမှာတော့ ဆိုင်ကယ်လိုင်စင်တွေကိုပါ စစ်ဆေးဖမ်းဆီးလာတယ်လို့ ဆိုပါတယ်။
“အရင်က ဖမ်းရင် ဦးထုပ်၊ ဘတ်မှန် အဲဒါပဲ အဓိက။ ခုတော့ ဆိုင်ကယ်လိုင်စင်တွေပါ ဖမ်းနေတယ်။ ကားသမားတွေတော့ ပိုတိုင်ပတ်တာပေါ့” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ယာဉ်ပိုင်ရှင်တွေဟာ သိမ်းဆည်းခံထားရတဲ့ ယာဉ်တွေကို ပြန်လည်ရွေးယူဖို့ အခက်အခဲရှိနေသလို ယာဉ်လိုင်စင်အသစ် ထပ်မံထုတ်ပေးတာမျိုးလည်း မကြားသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
အခုလို စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ကျေးရွာတွေကနေ လွိုင်ကော်မြို့တွင်းကို ဈေးရောင်းဈေးဝယ်လာကြတဲ့ ပြည်သူတွေအတွက်လည်း အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။
လက်ရှိ လွိုင်ကော်မြို့တွင်းမှာ စစ်ဆေးဖမ်းဆီးမှုတွေ တင်းကြပ်လာတဲ့အပေါ် သိမ်းဆည်းခံထားရတဲ့ လိုင်စင်မဲ့ယာဉ်တွေနဲ့ သက်တမ်းလွန်ယာဉ်တွေကို ပြန်လည်မှတ်ပုံတင်ခွင့်၊ သက်တမ်းတိုးခွင့်ရရှိဖို့ မျှော်လင့်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။







