spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

NRPC ၏ ခွင့်ပြုချက်ဖြင့် အရှေ့သံလွင်ရှိ ကျွန်းနှင့်သစ်မာ တန်ငါးထောင်ကို သယ်ဆောင်လာမည်

Author

Date

Category

နော်ဒွေးအယ်ခူ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ခွင့်ပြုချက်ဖြင့် အရှေ့သံလွင်တွင် စုပုံထားသော ကျွန်းတန်(၃၀၀၀)နှင့် သစ်မာတန်(၂၀၀၀)ကို သစ်တောဦးစီးဌာနမှ တရားဝင် သယ်ဆောင်လာမည်ဖြစ်ကြောင်း ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးက ပြောသည်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) အဖွဲ့ပိုင် သစ်ထုတ်လုပ်ကွက်များမှ ခုတ်လှဲပြီး ခွင့်ပြုရန်တင်ပြမှုနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနမှ အဆိုပါ သစ်လုံးများကို နိုင်ငံတော်သို့ အပ်နှံစေပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များကို ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ထုံးလုပ်နည်းနဲ့အညီ သယ်ယူဖို့ရှိတယ် သယ်ယူတဲ့အခါမှာ အရှေ့သံလွင်ကုမ္ပဏီကို နိုင်ငံတော်က ထုတ်လုပ်မှုကုန်ကျစရိတ်ကို အစည်းအဝေးထဲမှာ ညှိနှိုင်းထားတဲ့အတိုင်းပဲ နိုင်ငံတော်က ကုန်ကျခံပြီးတော့ သစ်တွေကိုထုတ်ယူမှာဖြစ်ပါတယ်။ သစ်ကိုထုတ်ယူလာပြီးတဲ့အချိန်မှာ နိုင်ငံတော်ကိုယ်စား မြန်မာ့သစ်လုပ်ငန်းက နောင်တစ်ချိန်မှာ ပြန်ပြီးစီမံခန့်ခွဲမှာဖြစ်ပါတယ် စီမံခန့်ခွဲတဲ့အခါမှာ လေလံပစ်တာတို့ အထက်ကညွှန်ကြားတဲ့အတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးစိုးမိုးက ဆိုသည်။

သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ အဓိက ပွိုင့်လေးပွိုင့်ဖြစ်သည့်  မယ်စဲ့မြို့ မယ်ဆည်နန်တွင် ကျွန်းနှင့်သစ်မာ တန်(၁၀၀၀)၊ ရှားတောမြို့ ဟွေနန့်မစန်တွင် တန်(၁၂၀၀)၊ ရွာသစ် စွတ်ပိုင်တွင် တန်(၂၀၀၀) နှင့် သာယာတွင် တန်(၈၀၀) စသည့် ကျွန်းနှင့်သစ်မာ တန် (၅၀၀၀)ကို တရားဝင် ထုတ်ယူသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ သစ်များကို သစ်တောဦးစီးဌာနမှ စစ်နံပါတ်စဉ်ရိုက်၍ စစ်တံဆိပ်ရိုက်မှတ်ကာ သံလွင်မြစ်ကြောတစ်လျှောက် ဖောင်ဖွဲ့ရေမျှောမည်ဖြစ်ပြီး ဖာဆောင်းမြို့ ပွန်ချောင်းဝသစ်ဆိပ်တွင် ၎င်းသစ်များကို ဆယ်ယူမည်ဖြစ်ကြောင်းသိရသည်။

သယ်ဆောင်လာသည့် ကျွန်းနှင့်သစ်မာများကို လွိုင်ကော်မြို့ရှိ ကုန်းသာသစ်ဆိပ်တွင် ပြန်စုပုံမည်ဖြစ်ပြီး တာဝန်ရှိသူတို့မှ သစ်များကို တိုင်းတာစစ်ဆေး၊ အကောက်ရိုက်မှတ်ပြီး မြန်မာ့သစ်လုပ်ငန်းကို လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သိရသည်။

NRPC မှ ပြည်နယ်တွင်းသစ်ထုတ်လုပ်မှု ခွင့်ပြုမှုသည် ယခုတွင်ပထမဆုံးနှင့် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သိရပြီး KNPLF မှ သစ်ထုတ်ခွင့်ပြုသည့် ကိစ္စသည်လည်း ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ်သည့်အတွက်ကြောင့် သစ်ထုတ်သည့်ပုံစုံကို ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရကြောင်း သစ်တောဦးစီးဌာန မှ သိရသည်။

ဦးစိုးမိုးက “ကျွန်တော်တို့ကို ရုံးစာတွေလည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒီနှစ်က သစ်ထုတ်တဲ့ပုံစံ နောက်ဆုံးပဲပေါ့ နောက်နောင် ဒီလိုသစ်ထုတ်ယူတဲ့စနစ်ကို ခွင့်မပြုတော့ဘူးဆိုတဲ့ ညွှန်ကြားချက်တွေ ကျွန်တော်တို့ဆီမှာရှိပါတယ်” ဟုပြောသည်။

သစ်တောဧရိယာအတွင်းမှ ကြိုးဝိုင်း/ပြင်များကို သစ်တောဌာနမှ အမှတ်ရိုက်မည်ဖြစ်ပြီး သတ်မှတ်ထားသော သစ်ပင်၏အရှည်မှာ ၆ပေ၆လက်မ ရှိရမည်ဖြစ်သည်။ ၎င်းအပင်တို့ကို အမှတ်ရိုက်ပြီးဆိုပါက ခုတ်၍ရကြောင်း တရားဝင်သစ်ထုတ်နည်းကို မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးမြင့်ဆွေက ရှင်းပြသည်။

၎င်းက “သစ်သားတွေသယ်လို့ ခွဲလုံးပဲဖြစ်ဖြစ် သစ်လုံးထိပ်မှာ နံပါတ်စဉ်တွေ ပါတယ်။ အစိုးရတံဆိပ်၊ သစ်တောတံဆိပ်တွေ ပါပါတယ်။ နယ်မြေရဲ့ နံပါတ်ကိန်း သင်္ကေတလည်း ပါပါတယ်။ တရားမဝင်သစ် ဆိုရင်တော့ တံဆိပ်မပါဘူး ဘယ်သူမှလည်းရိုက်ပေးမှာ မဟုတ်ဘူးလေ ကိုယ့်ကိုယ်လည်း ရိုက်လို့လည်းမရဘူး။ သစ်ကိုကြည့်လိုက်တာနဲ့ တရားမဝင်သစ်ကို စစ်ဆေးလို့ရပါတယ်”ဟု ဆိုသည်။

တရားဝင်သစ်ထုတ်လုပ်ခြင်းမှ ရရှိလာသော သစ်ခွဲသားသော်လည်းကောင်း၊ သစ်လုံးလိုက်သော်လည်းကောင်း မြန်မာ့သစ်လုပ်ငန်းမှ လေလံပစ်ခြင်းများပြုလုပ်ပြီး ပြည်ပနိုင်ငံသို့ တင်ပို့ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

မြန်မာ့သစ်လုပ်ငန်းမှ မြို့နယ်အလိုက် မယူသုံးသည့်သစ်များကိုလည်း သစ်တောဌာနမှ ၎င်းသစ်များကို လေလံပစ်ခြင်းများ၊ ကုန်ကြမ်းမှ ကုန်ချောထိ ပြုလုပ်ခြင်းများ လုပ်၍ရသော်လည်း ထုတ်လုပ်သည့်ဒေသတွင်းသာ သုံး၍ရကြောင်းသိရသည်။

spot_img
spot_img

Recent posts