spot_imgspot_imgspot_imgspot_img
Thursday, May 2, 2024
spot_imgspot_imgspot_imgspot_img

တောင်သူအရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးခဲ့ပေမယ့် အခုချိန်ထိ ပြောင်းလဲမှုမရှိသေး

Author

Date

Category

မော်ဦးမြာ

တပ်မတော်ကနေ တောင်သူတွေအပေါ် တရားစွဲထောင်ချထားတဲ့ကိစ္စ ပြီးခဲ့တဲ့လက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးမှုရလဒ်ကောင်းခဲ့တယ်လို့ဆိုပေမယ့်လည်း ယနေ့အချိန်ထိ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ ဒေါဆိုရှေးကျေးရွာမှ တောင်သူတစ်ဦးဖြစ်တဲ့ ဦးပါးရယ်က ပြောပါတယ်။

“ တစ်စုံတစ်ရာတော့ ဘာမှ အဖြေမလာသေးဘူးပေါ့နော ဒေါ်အောင်ဆန်းစုကြည်ကတော့ ပွင့်ပွင့်လင်းလင်းတော့ ကရင်နီ လူငယ်တွေနဲ့ သူပြောထားတာကတော့ ပြန်လုပ်ပေးမယ် စသဖြင့်တော့ သူပြောထားတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာမှ ကျတော်တို့ကို အဖြေမပေးလာနိုင်သေးဘူးပေါ့နော။” လို့ ဦးပါးရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ပြီး ကရင်နီလူငယ်တွေနဲ့ တွေ့ဆုံခဲ့စဉ် မြန်မာ့တပ်မတော်မှ တောင်သူလယ်သမားတွေအပေါ် မတရားစွဲဆို အကျဉ်းချခြင်းကိစ္စ၊ ထည့်သွင်းဆွေးနွေးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ကယားပြန်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေပါဝင်ပြီး ကရင်နီလူငယ်အင်အားစုဘက်က လူငယ် (၇) ဦးနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

တောင်သူလယ်သမားတွေအတွက် လွတ်လပ်စွာ ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ ဘဝလုံခြုံရေး အရေးကြီးတဲ့အတွက် အမြန်ဆုံးကူညီဖြေရှင်းပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့လို့ တောင်သူတွေမှာ မျှော်လင့်ချက်တွေစောင့်ဆိုင်းနေကြရပါတယ်။

“ ကျတော်တို့ကတော့ ဆက်ပြီးတော့ မျှော်လင့်နေသေးတယ်ပေါ့နော မျှော်လင့်ချက်တော့ မပျက်သေးဘူး။ ပြောရမယ်ဆိုရင် ကျတော်တို့ နိုင်ငံတော် လူကြီးလူကောင်းက အရမ်းလျောက်ပြီး ကတိမပေးဘူးလို့ပဲ ကျတော်မြင်တယ်ပေါ့နော။ လောလောဆယ်တော့ ကျတော်တို့ ဆက်ပြီး မျှော်လင့်နေတုန်းပဲပေါ့။” လို့ ဦးပါးရယ်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးထားတာ လာမဲ့ ၁၅ ရက်နေ့မှာ တစ်လ ပြည့်မှာ ဖြစ်တဲ့အတွက် ပေးထားတဲ့ကတိတွေကို စောင့်ကြည့်သွားမယ်လို့လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဠ ခူးတူရယ်က ပြောပါတယ်။

“ ဒီဟာ ကတိပေးထားတဲ့အတိုင်း အကောင်အထည်ဖော်မှု မရှိဘူး တောင်သူတွေကို ဆက်လက်ပြီးတော့ ညင်းပန်းနှိပ်စက်နေမယ် ဆက်လက်ပြီးတော့ တရားစွဲနေမယ် စိတ်ရှိတိုင်းသာ လုပ်နေမယ်ဆိုရင်တော့ ကျတော်တို့ တခြားနည်းလမ်းကို ရှာရလိမ့်မယ်။ ဘာလဲဆိုတော့ကိုတော့ ကျတော်တို့ အခု ပြောဖို့ ခက်ပါသေးတယ်။” လို့ ခူးတူရယ်က ပြောပါတယ်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအနေဖြင့် တောင်သူများနှင့်အတူ ဆက်လက်ရပ်တည် ဝန်းရံသွားမယ်လို့ သူက ပြောပါတယ်။

လက်ရှိတွင် ပုဒ်မ ၅ ခု( ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၃၉၄၊ ပုဒ်မ ၆/၁ ) ဖြင့် တရားစွဲခံထားရတဲ့တောင်သူ ၄၁ ဦး ရှိနေပြီး တချို့သူတွေက တဦးတည်းမှာ အမှု ၂ခုကနေ ၄ ခုအထိ တရားစွဲခံထားရပါတယ်။

spot_img
spot_img

Recent posts