spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ဖျက်ဆီးမှုနဲ့ ရင်ဆိုင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်း စိုက်ပျိုးထားတဲ့ ပြောင်းစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုးကျရောက်နေပြီး ဖျက်ဆီးထားမှုကိုလည်း ပြောင်းစိုက်တောင်သူတွေ ရင်ဆိုင်နေရပါတယ်။

ဒီမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအုပ်စုမှာလည်း ပြောင်းစိုက်ခင်းတွေမှာ ပြီးခဲ့တဲ့ နှစ်ကစပြီး ငမြှောင်တောင်ပိုး အများအပြားကျရောက်ခဲ့ပြီး အထွက်နှုန်းကျဆင်း မှုနဲ့ရင်ဆိုင်ခဲ့ရသလို ဒီနှစ်မှာလည်း စိုက်ခင်းမှာ ပိုးကျရောက်မှုကို ဆက်လက်ရင်ဆိုင်နေရပါတယ်။

ပြောင်းစိုက်ဧက ၅၀၀ကျော်မှာ ပိုးကျနေတာကြောင့် ပိုးသတ်ဆေးကို ဖြန်းနေရသလို ပိုးသတ်ဆေးလည်း ဈေးများတာကြောင့် မတတ်နိုင်ဘူးလို့ သေးဆူလဲကျေးရွာမှ တောင်သူဖြစ်တဲ့ ညားရယ်ကပြောပါတယ်။

“တချို့ခင်းတွေတောင်မှ ဆေးမနိုင်တော့ဘူး ဆေးနိုင်တဲ့တောင်သူတွေကျတော့ ဆေးနိုင်တယ် သုံးလေးခေါက်ဖြန်းရတာပေါ့နော အဲဒါကုန်ကျစရိတ်များသွားတယ် မတတ်နိုင်တဲ့သူတွေကျတော့ အရှုံးခံတဲ့သဘောပေါ့ အထွက်ကတော့ တစ်ဝက်လောက်ကျတယ်” လို့ သူက ပြောပါတယ်။

ပိုးကျနေတဲ့အပြင် မိုးခေါင်တာကြောင့် သီးနှံကို နှစ်ခါပြန်စိုက်နေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပိုးမကျမှီနှစ်တွေက ပြောင်းတစ်ဧကမှာ ၂၅ပိဿာဆန့်တဲ့ အိတ် ၈၀ နဲ့ ၁၂၀ ကြားရရှိပြီး ပိုးကျတဲ့အခါမှာတော့ အိတ် ၈၀အောက်သာ ထွက်ရှိတော့တာကြောင့် ပြောင်းစိုက်တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။

တောင်သူတွေကို ပိုးကျရောက်မှုသက်သာအောင် အသိပညာပေးမှုတွေဆောင်ရွက်နေပြီး လက်ရှိမှာလည်း COVID-19 ကြောင့် လူစုလူဝေးမလုပ်ရတာကြောင့် အသိပညာပေးမှုကို မလုပ်ရသေးဘူးလို့ ဒီမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ရို့စ်ထူးဒေးမြာက ဆိုပါတယ်။

“ကူညီဆောင်ရွက်ပေးတာကတော့ တောင်သူပညာပေးတို့ ဘာတို့ရှိတာပေါ့နော။ ဒါပေမယ့် အခု COVID ကြောင့်ပေါ့နော အခု လူစုလူဝေးမလုပ်ရဘူးဆိုတော့ အခုတောင်သူပညာပေးတော့ မလုပ်ဖြစ်သေးဘူးပေါ့ လုပ်ဖို့ကတော့ အစီအစဉ်ရှိပြီနော ရှိထားပြီးသား ဒါပေမယ့် လူစုလူဝေးမလုပ်ရဘူးဆိုတော့လေ””လို့ ၎င်းက ပြောပါတယ်။

ပိုးသတ်ဆေးကလည်း ဈေးများတာကြောင့် ငွေကြေးမတတ်နိုင်တဲ့တောင်သူတွေအနေနဲ့ ပိုးကျမှုသက်သာအောင် သဘာဝနည်းလမ်း ပိုးသတ်ဆေးကို အသိပညာပေးနေတယ်လို့ ဒေါ်ရိုစ့်ထူးဒေးမြာက ပြောပါတယ်။

“အရင်နှစ်က သေးဆူလဲအုပ်စု ကုန်းသာကျေးရွာမှာလုပ်တာပေါ့နော သူတို့ကို ဘယ်လိုနည်းစနစ်ပေးလဲဆိုရင် ဂျင်းရယ် ကြက်သွန်ရယ် ငရုပ်သီးရယ် အဲဒါကိုဖျော်စပ်ပြီးတော့မှ ရေနဲ့လေးဆတစ်ဆ အဲလိုဖျော်ပြီးမှ ဖြန်းခိုင်းတယ် သူ့ကို ထိထိမိမိဖြန်းခိုင်းတယ်။ ပိုးကိုအမြတ်ပြတ်အောင်တော့မဟုတ်ဘူး သူတို့ကို ခြေကျိုးလက်ကျိုးဖြစ်သွားအောင် အဲလိုပဲလုပ်ရတာပေါ့။” လို့ ဒေါ်ရိုစ့်ထူးဒေးမြာက ဆက်ပြောပါတယ်။

ငမြှောင်တောင်ပိုး ဖျက်ဆီးတဲ့ လက္ခဏာကို ပြောရမယ်ဆိုရင် အရွက်များတွေမှာ ဖျက်ဆီးခံထားတဲ့အပေါက်ရှိ နေခြင်း၊ အရွက်အနားတွေမှာ စုတ်ပြတ်နေတာတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက ဖယ်ခုံမြို့နယ်အတွင်းက ပြောင်းစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုးကျရောက်ခဲ့ပြီး စိုက်ခင်းအများအပြားကို မီးရှို့ဖျက်ဆီးခဲ့ရသလို လက်ရှိ ကယားပြည်နယ်မှာလည်း ငမြှောင်တောင်ပိုးကျရောက် ဖျက်ဆီးမှုကို ခံနေရတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

ငမြှောင်တောင်ပိုးကျတာက တစ်ပြည်နယ်လုံးဖြစ်နေပြီး ပြောင်းနဲ့ အခြားသီးနှံတွေဖြစ်တဲ့ စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်အပါအဝင် သီးနှံအမျိုးပေါင်း (၈၀)ကျော်ကို စားသောက်ဖျက်ဆီးနိုင်တဲ့အပြင် တစ်ညအတွင်း ကီလိုမီတာ (၁၀၀) အထိ ပျံသန်းနိုင်စွမ်းရှိတဲ့ ဖျက်ပိုးဖြစ်ပါတယ်။

spot_img
spot_img

Recent posts