spot_img
20.5 C
Loikaw
Friday 3, October 2025
spot_img
Homeဆောင်းပါးကျည်သံနှင့် နှစ်သစ်ကူးည

ကျည်သံနှင့် နှစ်သစ်ကူးည

-

CJ ကန္တာရဝတီတိုင်း( မ် )

နှစ်တစ်နှစ်ရဲ့အစ နှစ်သစ်ကူးညကိုတော့ လူတိုင်းက စိတ်သစ်လူသစ်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြတာအမှန်ပါပဲ။

သို့ပေမယ့် ကရင်နီပြည် လွိုင်ကော်မြို့ရဲ့ ၂၀၂၃ခုနှစ်အကြို နှစ်သစ်ကူးညကတော့ ည၁၀နာရီအထိ ကာရာအိုကေသံတွေနဲ့ ဆူညံခဲ့ပြီး ၁၂နာရီနဲ့ နောက်ပိုင်းမှာ လက်နက်ကြီးသံတွေနဲ့ မြို့ကို ဖုံးလွှမ်းခဲ့ပါတယ်။

‘’၁၀နာရီကျော် လောက်ထိတော့ ကာရာအိုကေသံတွေ သီချင်းသံတွေနဲ့ အရင်ကထက် ဆူနေတာပဲမြို့ထဲမှာ ည ၁၂ လောက်တော့မီးပျက်ပြီး ၊ လက်နက်ကြီးသံတွေကြားရတော့တာပဲ ‘’ လို့ လွိုင်ကော်ဒေသခံ တစ်ယောက်က အဖြစ်အပျက်ကို ပြောပါတယ်။

လှပတဲ့ မီးရှူးမီးပန်းတွေကို မြင်တွေ့ကြားတွေ့ရတာမဟုတ်တဲ့ နှစ်သစ်ကူးညကတော့ လက်နက်ကြီးသံနဲ့ အစပြုနေခဲ့တာပါ။

အဲဒီလက်နက်ကြီးအသံဟာ မည်သည့်နေရာကို ပစ်ခတ်တယ်ဆိုတာကို တိတိကျကျမသိရသေးပေမယ့် လွိုင်ကော်မြို့ ဒီးမော့ဆိုမြို့မှာနေထိုင်တဲ့ ပြည်သူတွေ စစ်ရှောင်တွေကတော့ အထင်းသား ကြားနေခဲ့ရတာပါ။

လွိုင်ကော်မြို့အတွင်းမှာ ည ၉နာရီကနေမနက် ၄နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ဒီဇင်ဘာလ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပေမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ ညတွင်မူ ညဖက်သွားလာမှုများ ရှိခဲ့ပါသေးတယ်။

အာဏာမသိမ်းခင်နှစ်‌တွေမှာ လူကြီးလူငယ်မရွေး နှစ်သစ်ကူးကြိုတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်လေ့ရှိကြပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ဗြောက်အိုးသံ မီးရှူးမီးပန်းအစား လက်နက်ကြီးသံ ကျည်သံတွေနဲ့ နှစ်သစ်ကူးနေကြရတာဖြစ်ပါတယ်။

” ကျမတို့က နှစ်သစ်ကူးညကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ဖြတ်သန်းနေတာမဟုတ်ဘူးလေ။ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့ တဲကလေးကနေ ကြိုကြတာ။ ကျည်သံ လက်နက်ကြီးသံကြားကနေ ကြိုကြရတာပေါ့ စစ်ဖြစ်နေတဲ့ ဒေသကိုး။” လို့ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြတဲ့အထဲ ကရင်နီပြည်နယ်က လက်ရှိအချိန်ထိ ပါဝင်မှု အားကောင်းနေဆဲ ဖြစ်ပါတယ်။ နှစ်သစ်အစမှာတော့ ကျည်သံနဲ့ အစပြုပေမယ့် တရားသောအောင်ပွဲကို ဆင်နွဲနိုင်ကြဖို့ ဒေသခံလူထုတစ်ရပ်လုံးက မျှော်လင့်ဆုတောင်းနေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ