spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeဆောင်းပါး“လူသုံးထောင်ကို အုပ်ချုပ်တဲ့ ဒေါ်နန်းစုစုလွင်”

“လူသုံးထောင်ကို အုပ်ချုပ်တဲ့ ဒေါ်နန်းစုစုလွင်”

-

မော်ဦးမြာ / ကန္တာရဝတီတိုင်း(မ်)

ဒေါ်နန်းစုစုလွင်ဟာ စစ်ရှောင်စခန်း ၂ ခု နဲ့ ကျေးရွာ ၃ ရွာကို အုပ်ချုပ်နေတဲ့ အမျိုးသမီး အုပ်စုအုပ်ချုပ်ရေးမှူး တဦးပါ။ သူမ အုပ်ချုပ်ရတဲ့ အုပ်စုအတွင်း လူဦးရေ သုံးထောင်ဝန်းကျင် ရှိပါတယ်။

သူမ အုပ်ချုပ်တဲ့ စခန်းနဲ့ ကျေးရွာတွေက အမျိုးသမီးပေါင်း ၇၀ ဝန်းကျင်ကို သူမ လို ဦးဆောင်သူတွေ ဖြစ်လာဖို့ မွေးထုတ်ပေးနေသူ ဖြစ်ပါတယ်။

သူမဟာ အသက် ၄၆ နှစ်ရှိပါပြီ။ ဆယ်ကျော်သက်အရွယ် ရှိနေပြီဖြစ်တဲ့ သား တဦး၊ သမီး တဦး ကို ပိုင်ဆိုင်ထားပြီး သူမတို့ မိသားစုဟာလည်း တခြားသူတွေလိုပဲ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ စစ်ရှောင်ကာလ နှစ် နှစ်ကျော်အတွင်း သူမဟာ တတ်နိုင်တဲ့အခန်းကဏ္ဍတွေမှာ ဘဝတူ စစ်ဘေးရှောင်တွေအတွက် နိုင်ရာဝန်ကို ထမ်းရွက်ပြီး ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

ဒီတော်လှန်ရေးကြီးမှာ ရှေ့တန်းစစ်မြေပြင်သွားပြီး တိုင်းပြည်ကို အကာအကွယ်ပြုနေကြသူ (သို့တည်းမဟုတ်) စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်သူတွေရှိသလို
နောက်တန်းမှာကျန်ခဲ့တဲ့ မည်သူမဆို နိုင်ရာဝန်ကို ထမ်းဖို့လိုအပ်တယ်လို့ သူမကလက်ခံထားပါတယ်။

ဒါကြောင့်လည်း သူမကိုယ်တိုင် ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်နေပြီး စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေကိုလည်း လက်တွဲခေါ်ပေးနေတာဖြစ်ပါတယ်။

ဒေါ်နန်းစုစုလွင်ဟာ အမျိုးသမီးဦးဆောင်သူအဖြစ် နိုင်ရာဝန်ထမ်းနေတဲ့ချိန်မှာ သူမ ရဲ့ မိသားစုဝင်တွေဆီက ပံ့ပိုးမှုကို အပြည့်အဝ ရရှိထားသူလည်း ဖြစ်ပါတယ်။

“အမျိုးသားကတော့ ကျမ ဘာလုပ်လုပ် မနှစ်သက်တာတော့ မရှိဘူးပေါ့နော်။ စိုးရိမ်ပူပန်မှုရှိတာက ကျမ က အမျိုးသမီး ဖြစ်နေတဲ့အတွက် ဒီတခုပါပဲ။ ကျန်တာကတော့ ကျမ သဘောပဲပေါ့။” လို့ မိသားစုဝင်တွေရဲ့ ပံ့ပိုးမှုနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

သူမရဲ့ အားလပ်ချိန်တွေကိုတော့ အလဟဿ အဖြစ်မခံပါဘူး။ သူမနဲ့အတူ စစ်ရှောင်နေတဲ့ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေကို စိတ်ပိုင်းဆိုင်ရာအတွက် တစိတ်တပိုင်းမှာ ဖျော်ဖြေပေးနိုင်တဲ့ ဂိမ်းကစားခြင်းတွေကိုလည်း ဦးဆောင်ပြီး လုပ်ဆောင်ပေးလေ့ရှိပါတယ်။

စခန်းတွင်းက ကလေးငယ်တွေဆီ အလည်သွားတဲ့ ဒေါ်နန်းစုစုလွင်

ဒေါ်နန်းစုစုလွင်တို့ မိသားစု နဲ့ အတူ စစ်ရှောင်စခန်းမှာ အတူတကွနေထိုင်ကြတဲ့ တခြားသော မိသားစုဝင်တွေဟာ အေးအတူပူအမျှဆိုသလို ကြုံလာသမျှ အခက်အခဲတွေကို မျှဝေဖြေရှင်းလေ့ရှိကြပါတယ်။ ဒီဓလေ့ကို ဒေါ်နန်းစုစုလွင် ကိုယ်တိုင်က ဦးဆောင်ပြီး ဖော်ဆောင်ပေးနေတာပါ။

သူမရဲ့ ဦးဆောင်မှုနောက်ကို စခန်းနေလူထု ကလေးအစ သက်ကြီးရွယ်အိုအဆုံး လိုက်နာကြပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးတဦးဖြစ်တဲ့ သူမအဖို့ ရှေ့ထွက်ဦးဆောင်နိုင်ဖို့ကို အားအင်ဖြစ်စေတယ်လို့ ဆိုပါတယ်။

သို့ပေမဲ့ ဒေါ်နန်းစုစုလွင်ကို အမြဲတမ်း လွှမ်းမိုးနေတဲ့အရာတခုက ကြောက်စိတ် ပါ။ ခေတ်ကာလအခြေအနေကြောင့် မဟုတ်ပဲ သူမ ဟာ အမျိုးသမီး ဖြစ်နေတဲ့အတွက် အဲ့ဒီ ကြောက်စိတ် က သူမရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို လွှမ်းမိုးနေတယ်လို့ ရင်ဖွင့်ပါတယ်။ အထူးသဖြင့် အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့ ပြသနာတွေကို တာဝန်ရှိသူတစ်ဦးအနေနဲ့ သွားရောက် ဖြေရှင်းပြီးတဲ့အခါမှာ အဲ့ဒီ ကြောက်စိတ် က ပိုမိုလွှမ်းမိုးလာတယ်လို့ သူမ က အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

“အမျိုးသမီးဖြစ်နေတဲ့အတွက်ပေါ့နော်။ ကြောက်စိတ်က ရှိတယ်ပေါ့။ အမျိုးသမီး ဖြစ်နေတဲ့အတွက်ပေါ့။ ဒီတခုပါပဲ။” လို့ ဒေါ်နန်းစုစုလွင် က သူမ ကို လွှမ်းမိုးနေတဲ့ ကြောက်စိတ် ရဲ့ အရင်းခံကို ပြောပြသွားတာပါ။

လူပေါင်းသုံးထောင်ဝန်းကျင်ကို အုပ်ချုပ်တဲ့နေရာမှာ ဒေါ်နန်းစုစုလွင်ဟာ အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်ပြီး ဥက္ကဌ ဖြစ်သူက အမျိုးသားရဲဘော် တဦး ဖြစ်ပါတယ်။ သူက စစ်မြေမြင်မှာ နင်းမိတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေတဖက်ကို ဆုံးရှုံးထားရသူပါ။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရထားတဲ့ အဆိုပါ အမျိုးသားရဲဘော်ကို အုပ်ချုပ်ရေးအဖွဲ့ထဲပါဝင်လာဖို့ ဒေါ်နန်းစုစုလွင် ကိုယ်တိုင် လက်တွဲခေါ်ယူခဲ့ပါတယ်။

“သူက မိုင်းထိသွားပြီးတော့မှ သူဒီအတိုင်းနေမယ့်အစား၊ ဒီအတိုင်း စိတ်ဓာတ်ကျနေမယ့်အစား ဆိုပြီးတော့မှ ကျမတို့ဆွဲခေါ်တယ်။ ဒီလို မိုင်းထိတဲ့ ညီအကိုမောင်နှမတွေကိုလည်း ကျမတို့က ဆွဲခေါ်ပြီးတော့မှ တနေရာပြီး တနေရာ အလုပ်လေးတွေပေ့ါ။ ပိုက်ဆံတော့ မရပေမယ့်လည်း စိတ်အပန်းဖြေအောင် ဥပမာ စိတ်ပျော်ရွှင်မှုတခု စိတ်ခွန်အားတခု ဆိုပြီးတော့မှ ကျမတို့က ဆွဲခေါ်ပေးတယ်။” လို့ ဒေါ်နန်းစုစုလွင်က အခုလို ပြောပြပါတယ်။

စခန်းတွင်း လိုအပ်ချက်များကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ဆောင်နေကြတဲ့ ဒေါ်နန်းစုစုလွင်နဲ့ အမျိုးသမီးများ

ဒါ့အပြင် ဒေါ်နန်းစုစုလွင် အုပ်ချုပ်တဲ့ စခန်းတွင်းနဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေး၊ ဆယ်အိမ်မှုး၊ ကျန်းမာရေး၊ ပညာရေး၊ သာရေး၊ နာရေး၊ အမျိုးသမီးရေးရာ၊ လုံခြုံရေး၊ ရေရရှိရေး ၊ တောင်သူလယ်သမားအရေး စတဲ့ အခန်းကဏ္ဍတွေကိုဆောင်ရွက်ဖို့ ကော်မတီ အသီးသီးဖြင့် ဖွဲ့စည်းထားပါတယ်။

အဲ့ဒီ ကော်မတီအသီးသီးထဲမှာ လုံခြုံရေးကော်မတီကလွဲလို့ ကျန်တာတွေကိုတော့ အမျိုးသမီးတွေကပဲ ဦးဆောင်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကော်မတီမှာအမျိုးသားတွေက ဦးဆောင်နေတယ်ဆိုပေမဲ့ ကော်မတီဝင်တွေမှာတော့ အမျိုးသားနဲ့အမျိုးသမီးဦးရေကို အချိုးကျ တဝက်စီ ဖွဲ့စည်းထားပါတယ်။ ဒါကလည်း လုံခြုံရေး အခြေအနေကြောင့် ဖြစ်တယ်လို့ ဒေါ်နန်းစုစုလွင် က ရှင်းပြပါတယ်။ ဖွဲ့စည်းထားတဲ့ ကော်မတီတွေအားလုံးမှာ လူဦးရေ ၈၀ ဦးရှိပြီး ၇၀ ဦးဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်နန်းစုစုလွင်တို့ဖွဲ့စည်းထားတဲ့ ကော်မတီတွေထဲမှာ ပါဝင်နေတဲ့ အမျိုးသမီး တဦးကတော့ ဒေါ်နန်းစုစုလွင်ဟာ သူမအတွက် စံပြပုဂ္ဂိုလ်ဖြစ်ပြီး သူမ ရဲ့ တွဲခေါ်မှုနဲ့အတူ ပူးပေါင်းပါဝင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ အုပ်ချုပ်ရေးတွေ လုပ်နေကြတာမြင်တော့ တအားပင်ပန်းမှာပဲ။ ကျမလည်း ပါဝင်ကူညီနိုင်တဲ့နေရာမှာ ပါဝင်ကူညီချင်တာပေါ့။ တတ်နိုင်သလောက်တော့ ပါဝင်မယ်။ မတတ်နိုင်တဲ့ အခန်းဆိုရင်တော့ မတတ်နိုင်ဘူး အဲ့လိုပေါ့။ အားကျတာပေါ့။ သူလုပ်ရင် တအားတော်တယ်လေ။ သူလုပ်တာ တော်တယ် ဒီထက်တော်အောင် သူ့ကိုပံ့ပိုးပေးရမယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ လုပ်နိုင်သလောက်တော့ လုပ်ကူမယ်ပေါ့။” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

အထက်ပါ အမျိုးသမီးက အသက် ၂၈ နှစ် ရှိပါပြီ။ အိမ်ထောင်သည် အမျိုးသမီးတဦးလည်း ဖြစ်ပါတယ်။ ဖရူဆိုမြို့နယ်က ဟိုယာဒေသ သူမ ရဲ့ဇာတိဖြစ်ပြီး လက်ရှိမှာ ဒေါ်နန်းစုစုလွင်နဲ့အတူ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ပါတယ်။

ဒေါ်နန်းစုစုလွင်ကတော့ စစ်ရှောင်စခန်းရောက်မှ အုပ်ချုပ်ရေးမှုး ဖြစ်လာသူ မဟုတ်ပါဘူး။ စစ်အာဏာမသိမ်းခင် ကျေးရွာမှာနေထိုင်စဉ်ကတည်းက ကျေးရွာတာဝန်ခံအဖြစ် ဦးဆောင်မှုအခန်းကဏ္ဍထဲ ပါဝင်ခဲ့သူပါ။ သူမ ရဲ့ အုပ်ချုပ်ရေးအခန်းကဏ္ဍထဲ ပါဝင်ဦးဆောင်ခဲ့တဲ့ ကာလ ဟာ အခုဆိုရင် ၅ နှစ်ဝန်းကျင်အထိ ရှိလာပါပြီ။

ဒေါ်နန်းစုစုလွင်ရဲ့ ဇာတိဖြစ်တဲ့ ပန်တိန်းကျေးရွာကတော့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းကနေ ဝင်ရောက်တပ်စွဲထားပြီး ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာပါ။ အဲ့ဒီကျေးရွာမှာ ကျေးရွာတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စခန်းတွင်းမှာ အလုပ်လုပ်နေကြတဲ့ ဒေါ်နန်းစုစုလွင် နဲ့အတူ ဥက္ကဌ၊ ကော်မတီဝင်တဦး တို့အား တွေ့ရစဉ်။

ငွေကြေး၊လစာ ခံစားခွင့်ရှိတဲ့ ဦးဆောင်မှုအခန်းကဏ္ဍ မဟုတ်ပေမဲ့၊ ရှေ့တန်းစစ်မြေပြင်မှာ အသက်ပေး တိုက်ခိုက်မှုတွေကို မလုပ်ဆောင်နိုင်ပေမဲ့၊ ကျရာ ကဏ္ဍမှာ စွမ်းစွမ်းတမံ ထမ်းရွက်နေသူ အမျိုးသမီး ဥက္ကဌ တဦးပါ။

သူမအုပ်ချုပ်နေတဲ့ စစ်ရှောင်စခန်းက ဘဝတူစစ်ဘေးရှောင်တွေ၊ ကလေးတွေအားလုံးရဲ့ အနာဂါတ်အတွက် သူမ ရဲ့ ဦးဆောင်မှုဟာ တထောက်တနေရာမှာ အထောက်အကူဖြစ်တယ်ဆိုရင် ဒေါ်နန်းစုစုလွင်ဟာ ပီတိ ဖြစ်ပြီး သူမ တတ်အားရှိသ၍ ဆက်လက်ပါဝင်ပြီး အမျိုးသမီးငယ်များကိုလည်း လက်တွဲခေါ်သွားမယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။

ငြိမ်းချမ်းသွားမယ့်တနေ့မှာ ဒေါ်နန်းစုစုလွင်အနေနဲ့ သူမပုံဖော်လိုတဲ့ သူမ ဇာတိမြေရဲ့ အနာဂါတ်ပုံစံကိုလည်း အခုလို မျှဝေပေးသွားပါတယ်။

“ကျမတို့က အခု လုံးဝ ကလေးတွေပဲဖြစ်ဖြစ်၊ လူကြီးတွေပဲဖြစ်ဖြစ်ပေါ့နော်။ ရိုက်ချိုးခံထားရတဲ့ဘဝ ဖြစ်တဲ့ခါကျတော့ နောင်တချိန် ကျမတို့ကို ရှေ့မှာ ကာကွယ်ပေးပြီးတော့မှ ကျမတို့ကို ကာကွယ်ပေးနေတဲ့ ရဲဘော် ညီအကိုမောင်နှမတွေ အများကြီးက ရှေ့မှာသူတို့အသက်တောင်မှ ပဓာနမထားပဲနဲ့ ကျမတို့ကို ကာကွယ်နေတဲ့အချိန်မှာ ကျမတို့ကလည်း နောက်ကနေပြီးတော့ သူတို့ရဲ့ မိသားစု၊ သူတို့ရဲ့ ညီအကိုမောင်နှမတွေကို တတ်နိုင်သလောက် အနာဂါတ်လှအောင်ပေါ့ ပြင်သွားချင်တယ်။”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ