ကန္တာရဝတီတိုင်း ( မ် )
တောတောင်ပတ်ပတ်လည် ဝိုင်းရံထားတဲ့ ကရင်နီက စစ်ရှောင်စခန်း တစ်နေရာမှာ ကြက်တွန်သံ ကျေးငှက်တေးဆိုသံနဲ့ အတူ စစ်ဘေးရှောင်တွေရဲ့ မနက်ခင်းလေး အစပြုလာပါတယ်။
ညက သည်းကြီးမဲကြီး ရွာထားတဲ့ မိုးကြောင့် မြေကြီးက စိုစွတ်ပြီး မြေသားလမ်းလေးတွေကချော်နေပါတယ်။ ခမည်းခမက်အမျိုးတော်စပ်ကြတဲ့ ဒေါ် စိုးမြာနဲ့ ဒေါ်ထွေးမြာ တို့ဟာ နေထွက်လာပြီး မြေကြီးခြောက်မယ့်အချိန်ကို စကားစမည် ပြောရင်း စောင့်ဆိုင်းနေကြပါတယ်။
နေမြင့်လာတဲ့ အချိန်မှာတော့ ဒေါ်စိုးမြာနဲ့ ဒေါ်ထွေးမြာတို့ ဟာ သူတို့ စီစဉ်ထားတဲ့ ဟင်းစားရှာဖို့ အဆင်သင့် ဖြစ်နေကြပြီဖြစ်ပြီး ပလိုင်းထဲကို ဓားတစ်ချောင်းထည့်၊ ကြက်ပေါင်ဖိနပ်ကိုစီးပြီး သူတို့ရဲ့ မြေးလေးတွေကို ခေါ်ကာ တောတောင်ထဲ ခရီးစနှင်ကြပါတော့တယ်။
(၁၅)မိနစ်ခန့် လမ်းလျှောက်လာပြီး တစ်နေရာအရောက်မှာတော့ သူတို့တွေဟာ လူစုခွဲလိုက်ကြပါတယ်။ ဝါးပင်တွေ ထူထပ်နေတဲ့ နေရာကို လိုက်ရှာကြပြီး မတ်စောက်နေတဲ့ တောင်ကုန်းတွေကို တက်၊ ချုံနွယ်ကြားကနေ တခုခုကို ရှာဖွေနေကြတာဖြစ်ပါတယ်။
ရုတ်တရက် “တွေ့ပြီ တွေ့ပြီ” ဆိုတဲ့ အသံနဲ့ အတူ ဒေါ်ထွေးမြာက ဝမ်းသာအားရ အော်ပြောလိုက်ပြီး ပလိုင်းထဲက ဓားမြှောင်ကိုထုတ်လိုက်ကာ ဝါးပင်ရဲ့ ခြေရင်းက လတ်လတ် ဆတ်ဆတ်၊ နုနုထွတ်ထွတ်လေး ထိုးထွက်နေတဲ့ “ဝါးမျှစ်” ကို ဝမ်းသာအားရ ချိုးလိုက်ပါတယ်။
ဒေါ်ထွေးမြာနဲ့ ဒေါ်စိုးမြာ တို့ဟာ သူတို့ရဲ့ မြေးလေး တွေနဲ့ အတူ မိုးရာသီဟင်းစားဖြစ်တဲ့ “ ဝါးမျှစ် “ ရှာဖို့ ထွက်လာကြတာဖြစ်ပါတယ်။ သူတို့ ရဲ့ “မျှစ်” ရှာတဲ့ ခရီးက ထင်သလောက် လွယ်ကူနေတာမျိုးတော့ မဟုတ်ပါဘူး။
အန္တရာယ်များလှတဲ့ တောင်စောင်းတွေပေါ်ကို ချုံနွယ် ဆူးချွန်တွေကြားကနေ ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း တက်ပြီး “မျှစ်” ချိုးသွားရတာဖြစ်ပါတယ်။
“မျှစ်” လိုက်ချိုးရင်း တစ်နာရီကြာပြီးတဲ့ နောက်မှာတော့ သူတို့တွေဟာ ဟင်းတစ်နပ်အဖို့ လုံလောက်တဲ့ပမာဏ “မျှစ်”တွေကို ရရှိလာကြပြီဖြစ်ပါတယ်။ စစ်ရှောင်စခန်းမပြန်ခင် ရလာတဲ့ “မျှစ်” လတ်လတ်ဆတ်ဆတ်လေတွေကို အပြန်လမ်းဘေးတနေရာမှာ စကားတပြောပြောနဲ့ ခမည်းခမက် နှစ်ယောက်သား ထိုင်ခွါနေကြပါတယ်။
“မောတယ်။ပင်ပန်းတယ်။ မျှစ်တွေ့တော့ ဝမ်းသာတယ်။ မတွေ့ရင်တော့ စိတ်ညစ်တယ်ပေါ့။ တောင်ပေါ်တက်တာက မလွယ်ဘူး”လို့ ဒေါ်ထွေးမြာက ပင်ပန်းပေမယ့် ရယ်ရယ်မောမော ပြောပြနေပါတယ်။
“မျှစ်” အခွံ ခွာ ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့အပြန်ခရီးကို စတင်ကြပါပြီ။
စစ်ရှောင်စခန်းက တဲလေးဆီ ပြန်ရောက်ချိန်မှာတော့ သူတို့ကို အသင့်စောင့်ကြိုနေကြတဲ့ ချွေးမတွေက ရလာတဲ့ “ မျှစ် “ တွေကို ဆေးကြောပြီး ဟင်းတစ်ခွက်ချက်ဖို့ ပြင်ဆင်လိုက်ကြပါတယ်။
ဒေါ်ထွေးမြာနဲ့ ဒေါ်စိုးမြာတို့ရဲ့ ချွေးမတွေက “မျှစ်” ဟင်းရည်တစ်ခွက် ချက်ကြမှာ ဖြစ်ပါတယ်။
“မျှစ်” ဟင်းရည်တစ်ခွက်အတွက် အရင်ဦးဆုံး “မျှစ်”ကို ရေသန့်စင်အောင်ဆေးပြီး ပါးပါးလေးလှီးကာ နာရီဝက် လေးဆယ့်ငါးမိနစ်ခန့် ပြုတ်ထားလိုက်ပါတယ်။ ရေနွေးဆူပြီး “မျှစ်” ကျက်တဲ့ အခါမှာတော့ ကြက်သွန်နီ၊ ပင်စိမ်းရွက် နဲ့ ကရင်နီဒေသခံတွေရဲ့ ရိုးရာ မပါမဖြစ် အဆာပလာ တစ်ခုဖြစ်တဲ့ မက်ခါသီးကို ထည့်ကာ ဟင်းအိုးကို ခေတ္တအုပ်ထားလိုက်ပါတယ်။ နောက်(၅)မိနစ်ခန့် ကြာရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ “မျှစ်” ဟင်းရည်တစ်ခွက်ရပြီ ဖြစ်ပါတယ်။
ချွေးမတွေက “မျှစ်” ဟင်းရည်နဲ့ “ မျှစ်” သုပ် ကို ချက်စား နေကြတာဖြစ်ပါတယ်။ “မျှစ်”ကိုတော့ ဟင်းရည်ချက်တာ အပြင် ကြော်စားတာ၊ သုတ်စားတာ၊ ပြုတ်ပြီး ငပိရည်လေးနဲ့ တို့ စားတာ စသဖြင့် အမျိုးမျိုး လုပ်စားကြပါတယ်။
ချက်ပြုတ်ပြီးစီးချိန်မှာတော့ ဒေါ်ထွေးမြာက သူ့ရဲ့မိသားစုနဲ့အတူ ဘေးအိမ်က ဘဝတူ စစ်ဘေးရှောင်တွေကို ခေါ်ပြီး ထမင်းဝိုင်းဖွဲ့ စားသောက်ကြပါတယ်။
အလုပ် အကိုင်ရှားပါးပြီး ဝင်ငွေမရှိတာကြောင့် အသားငါးဝယ်စားဖို့ ခက်ခဲကြတဲ့ စစ်ဘေးရှောင်တွေအတွက် ရာသီးပေါ် “မျှစ်” ဟာ အကောင်း နဲ့အလွယ်ကူဆုံး ရနိုင်ပြီး ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပဲ ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေအတွက် နေ့စဉ်စားသောက်ဖို့ အစားအစာအတွက် ရွေးချယ်စရာ များများစားစားမရှိပါဘူး။ “ မျှစ်” ဟာ အာဟာရ ဓာတ်နည်းပေမယ့် အချင်းချင်း ဝေမျှစားသုံးကြတာက စစ်ဘေးရှောင်ဘဝတူတွေကြား နွေးထွေးမှုကို ပြသပေးပါတယ်။ စစ်ဘေးကြောင့် စားဝတ်နေရေးအပြင် ဝင်ငွေမရှိကြတဲ့ စစ်ဘေးရှောင်တွေဟာ “မျှစ်” ဟင်းတစ်နပ်ကို တစ်စုတစ်စည်းတည်း အတူစားခဲ့ရတဲ့ အမှတ်တရဟာ သူတို့ရဲ့ စိတ်ထဲမှာ မေ့လို့ မဖျောက်နိုင်တဲ့ အရာတစ်ခု ဖြစ်နေမှာပါ။
ဒါကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်လာပြီး အသားငါးဝယ်စားဖို့ ငွေကြေး မတတ်နိုင်ကြတဲ့ ကရင်နီက စစ်ဘေးရှောင်တွေအတွက် “မျှစ်” ဟာ သဘာဝနဲ့ ဘုရားသခင်ကပေးတဲ့ နတ်သုတ္တလေး ဖြစ်နေပါတော့တယ်။