ကန္တာရဝတီတိုင်း(မ်)
မြန်မာပြည်က တိုင်းရင်းသားလူမျိုးစုတွေဟာ မိမိတို့ရဲ့ သက်ဆိုင်ရာ လက္ခဏာအသီးသီးအလိုက် အထင်ကရ နေ့၊ နေ့ထူးနေ့မြတ်၊ ရိုးရာပွဲတော်၊ ဓလေ့ထုံးတမ်းတွေ ကိုယ်စီရှိကြပါတယ်။
နှစ်တစ်နှစ်ရဲ့ ဩဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ အတွင်းဆိုရင်တော့ ကရင်နီပြည်က ကရင်နီမျိုးနွယ်စုတွေထဲက ကယား၊ ကော်ယော် (မနုမနော) ၊ ယင်းတလဲ မျိုးနွယ်စုတွေဟာ နှစ်စဉ်နှစ်တိုင်း ရိုးရာပွဲတော်တခုဖြစ်တဲ့ ဒီးကူပွဲကို ကျင်းပကြပါတယ်။
အထက်ပါ ကရင်နီမျိုးနွယ်စုတွေဟာ ကျေးရွာအလိုက်ဖြစ်စေ၊ စုပေါင်းပြီး ဖြစ်စေ ဒီးကူပွဲတော်ကို ကျင်းပလေ့ရှိခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ နောက်မှာတော့ ရိုးရာပွဲတော်တွေကို ထိန်းသိမ်းရုံသာ ကျင်းပနိုင်ကြပြီး အရင်ကလို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ကြတော့ပါဘူး။
ဗေ့လဂါဖို (ခေါ် ) ဒီးကူပွဲ ဟာ ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ ကော်ယော်လူမျိုးတွေရဲ့ အထင်ကရပွဲတော် တစ်ခုပါ။
ဒီပွဲတော်ဟာ ကရင်နီမျိုးနွယ်စုတွေအကြား ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ကော်ယော် (မနုမနော) တွေကတော့ ဗေ့လဂါဖို လို့ ခေါ်ဆိုပြီး၊ ကယား လူမျိုးတွေကတော့ အဲဒိုပေါ်မီ လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ (၁၀) ကြိမ်မြောက် ကယားရိုးရာစုပေါင်း အဲ့ဒိုပေါ်မီပွဲတော်ကိုတော့ ၂၀၂၄ ခုနှစ်မှာ ကျင်းပခဲ့ကြပါတယ်။ သူတို့နေထိုင်ရာ ကျေးရွာအသီးသီးနဲ့ ရောက်ရှိနေကြတဲ့ ပြည်ပနိုင်ငံ အသီးသီးမှာလဲ ကျင်းပလေ့ရှိကြပါတယ်။
ကော်ယော်(မနုမနော)တွေရဲ့ ဗေ့လဂါဖို လို့ခေါ်ဆိုတဲ့ ဒီးကူ ပွဲတော်ဟာ ပွဲကြီးအဖြစ် သုံးနှစ်တစ်ကြိမ် ကျင်းပခြင်းစတဲ့ သတ်မှတ်ချက်ရှိပေမဲ့လည်း အခုလက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေနဲ့ ဒေသတွင်း စားဝတ်နေရေး၊ နေရာထိုင်ခင်း အခက်အခဲတွေကြောင့် ဒီပွဲတော်ကို ပွဲကြီးအဖြစ် မလုပ်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။
ဗေ့လဂါဖို(ခေါ်) ဒီးကူပွဲကြီးကို ကော်ယော်ဒေသမှာ ဩဂုတ်၊ စက်တင်ဘာလတွေမှာ ကျင်းပလေ့ရှိကြပေမဲ့ ရက်အတိအကျကို သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဦးဆောင်ကျင်းပသူ အပေါ်မှာမူတည်ပြီး စောစောကျင်းပနိုင်တာ ရှိသလို၊ နောက်ကျမှ လုပ်နိုင်တဲ့အချိန်တွေလည်း ရှိတယ်လို့ သိရပါတယ်။
ဗေ့လဂါဖို (ခေါ်) ဒီးကူပွဲကြီးကို ဖရူဆိုမြို့နယ် ကော်ယော်(မနုမနော) လူမျိုးတွေ အများစုရှိနေတဲ့ တော်ခူအုပ်စုနဲ့ ဒေါလာစော(ဒေလကြို) ကျေးရွာအုပ်စုတွေမှာ ကျင်းပလေ့ရှိကြတာပါ။
ဒီးကူပွဲတော် ကျင်းပတဲ့ လူမျိုးစုတွေထဲ ယင်းတလဲ လူမျိုးစုလဲ ပါဝင်ပါတယ်။ ယင်းတလဲဟာ လူနည်းစုဖြစ်တဲ့အပြင် စစ်ကြောင့်တကွဲတပြား ထပ်မံတိမ်းရှောင်နေကြရတာကြောင့် စစ်အာဏာမသိမ်းခင်အထိ ဒီးကူပွဲကို ကျင်းပလာခဲ့ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တနေရာစီ တိမ်းရှောင်ကြရတဲ့အတွက် စုပေါင်းကျင်းပနိုင်ဖို့ အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ကရင်နီမျိုးနွယ်စုဝင် ပရဲ့(ကယော) လူမျိုးတွေ ဒီးကူပွဲ ကျင်းပခဲ့
လွန်ခဲ့တဲ့ နှစ်ပေါင်းအများကြီးတည်းက ကရင်နီမျိုးနွယ်စုထဲက တခုဖြစ်တဲ့ ပရဲ့(ကယော) လူမျိုးတွေဟာလဲ ဒီးကူပွဲကို ကျင်းပခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်ကပဲ မကျင်းပကြတော့ဘူးလို့ သိရပါတယ်။
ပရဲ့ကယောတွေရဲ့ ဒီးကူပွဲကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ တုန်းက ဖရူဆိုမြို့နယ်၊ ဒိုမိုစောအုပ်စု၊ ပလေလာရွာကနေ စခဲ့တယ်လို့ သိရပါတယ်။ ပြီးမှ ခီးလိုလာ၊ ဂျေဂျာ၊ ခရော့ခူ စတဲ့ရွာတွေ ဆက်သွားခဲ့ပါတယ်။ အဲဒီတုန်းကတော့ နှစ်စဉ်နှစ်တိုင်း ဒီးကူပွဲ ကျင်းပခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမလုပ်ဖြစ်တာပါလို့ ပရဲ့ကယောအမျိုးသား ဗဟိုကော်မတီဥက္ကဌ ဦးပေါသယ်မောအီက ကန္တာရဝတီတိုင်း(မ်) ကို ၂၀၁၆ ခုနှစ်မှာ ရှင်းပြခဲ့ဖူးပါတယ်။
ပရဲ့ကယောဒီးကူပွဲ ဆက်ပြီး မပြုလုပ်ဖြစ်တော့တဲ့အကြောင်းအရင်းက လွန်ခဲ့တဲ့ ၄ဝ တုန်းက မျိုးနွယ်စုတွေနေထိုင်တဲ့ ဒေသတွေကနေစုပေါင်းပြီး ဒီးကူပွဲပြုလုပ်လေ့ရှိကြပြီး ညအချိန်မှာ ဒီးကူချက်တဲ့သူတွေက ဒီးကူချက်နေရင်း တူးသွားတဲ့အတွက် အပေါ်ဘက် ဒီးကူပွဲ ကျင်းပတဲ့ မျိုးနွယ်စုတစုက ယဉ်ကျေးမှုနဲ့ မကိုက်ညီတော့ကြောင်း ၊ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့လဲ မကိုက်တော့တဲ့အတွက် နားလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီးကူပွဲရဲ့သမိုင်း ရှင်းပြရမယ်ဆိုရင်…..
သူရဲကောင်းကျဆုံး၍ ကျွန်ဘဝသို့ ရောက်ရှိခြင်း
ကွယ်လွန်သူ ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီးထဲဘူးဖဲ ရေးသားပြုစုခဲ့တဲ့ “ကရင်နီလူမှုအဆောက်အအုံ” စာအုပ်အရ အခုခေါ်ဆိုနေကြတဲ့ “ကရင်နီပြည်” ကို ရှေးကရင်နီတွေက “ခနျားမော် ဒီးမော့ဆိုကေး” ခေါ် “ဒွေးမယ်နော် ငွေတောင်ပြည်” လို့ ခေါ်ဆိုကြပါတယ်။ လွန်ခဲ့တဲ့ BC ၇၃၉ လောက်မှာပါ။ ငွေတောင်ပြည်ကို ဒွေးမယ်နော် နတ်သမီးတွေက အုပ်ချုပ်ပါတယ်။
အဲ့ဒီဒေသမှာ မွေးမွေးချင်း မိခင်ဆုံးပါးသွားခဲ့ရတဲ့ ယောက်ျားကလေးငယ်တဦး ဖြစ်တဲ့ “သျှားတူဖဲ” လူလားမြောက်လာတဲ့အချိန် နတ်သမီးတို့က သူ့ကို ဓါးစင်္ကြာတလက်ပေးပြီး ငွေတောင်ပြည်ကို စောင့်ရှောက်ကာကွယ်ခိုင်းခဲ့တယ်။ အဲဒီအချိန်မှာ ယွန်းလူမျိုးတို့က မြောက်အရပ်ကနေပြီး ငွေတောင်ပြည်ကို သိမ်းပိုက်လိုတဲ့အတွက် ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။
ယွန်းလူမျိုးများက ကရင်နီသူရဲကောင်း “သျှားတူဖဲ” ကို နည်းအမျိုးမျိုးနဲ့ လုပ်ကြံသတ်ဖြတ်ပြီး ငွေတောင်ပြည်ကို သိမ်းပိုက်ခဲ့ပါတယ်။ “သျှားတူဖဲ” ကျဆုံးသွားပြီးနောက် ကရင်နီမျိုးနွယ်စုတို့ဟာ ယွန်းလူမျိုးတို့ရဲ့ လက်အောက်မှာ ကျွန်အဖြစ် ဖိနှိပ်ခံကြရပါတော့တယ်။ ယွန်းလက်အောက်ကနေ လွတ်မြောက်ဖို့ ကရင်နီမျိုးနွယ်စုတွေဟာ နှစ်ပေါင်း ၁၀ဝ တိုင်အောင် နည်းလမ်းတွေ အမြဲရှာကြံခဲ့ ကြရပါတယ်။

ဖိုးဒီးကရီး – ကရင်နီတို့ရဲ့ အရှင်
သူရဲကောင်း “သျှားတူဖဲ” ကျဆုံးပြီးတဲ့နောက် “ယယ်ရယ်” လို့ အမည်ရှိတဲ့ ကရင်နီအမျိုးသား လူငယ်တဦးက “ဖိုးဒီးကရီး”ခေါ် နတ်ရုပ်တမျိုးကို တီထွင်ပြီး နတ်ရုပ်ဟာ ကရင်နီအမျိုးသားတို့ရဲ့ အရှင်ဘုရင်ဖြစ်ကြောင်း ယွန်းမင်းကြီးထံ တင်ပြပြီး ယနေ့မှစ၍ ကရင်နီတို့အနေဖြင့် ယွန်းတို့ရဲ့ ကျွန်မခံလိုတော့ကြောင်း လျှောက်ထားခဲ့တယ်။ ကရင်နီဘုရင်ကို ချေမှုန်းရန် ယွန်းမင်းကြီးမှ စစ်သည်များဖြင့် “ယယ်ရယ်” တီထွင် အသက်သွင်းထားတဲ့ “ဖိုးဒီးကရီး” ဆီကို စစ်ချီလာပါတော့တယ်။
ကရင်နီတို့ရဲ့ ဘုရင် “ဖိုးဒီးကရီး” ပုံပန်းမှာ ဝါးဖြင့်ယက်လုပ်ထားတဲ့ ပုလိုင်းကိုဇောက်ထိုးထားပြီး ပုလိုင်းဖင်ထိပ်ကိုဖောက်ကာ ဝါးဆစ်တဆစ်ကို တပ်ဆင်ထားပါတယ်။ ပုလိုင်းရဲ့ ပတ်ပတ်လည်ကို အဝတ်တွေနဲ့ ပတ်ထားတဲ့အရုပ်ဟာ ခေါင်းမရှိတဲ့ လူရုပ်ပုံစံ ပေါ်လွင်နေပါတယ်။
ယွန်းမင်းကြီးက သက်ရှိမဟုတ်ဘဲ ဝါး၊ အဝတ်အစားဟောင်းတွေနဲ့ ပြုလုပ်ထားတဲ့အရုပ်ကို မြင်ပြီး အမျက်ဒေါသထွက်ကာ “ဖိုးဒီးကရီး”ရုပ်ကို ခြေထောက်နဲ့ ကန်ချပြီး ရစရာမရှိအောင် နင်းချေပစ်လိုက်ပါတယ်။
ကရင်နီအမျိုးသားတို့မှ အရှင်သခင်အဖြစ် ယုံကြည်လေးမြတ်ထားတဲ့ “ဖိုးဒီးကရီး” ကို မင်းကြီးမှ အဲသလို မထီမဲ့မြင်ပြုပြီးတဲ့နောက် မိမိနန်းတော်အပြန်လမ်းမှာ ဝမ်းရောဂါကျပြီး ယွန်းမင်းကြီး အပါအဝင် စစ်သည်များစွာ သေဆုံးခဲ့ကြပါတယ်။
ဒီးကူနဲ့စစ်မြေပြင် ရိက္ခာပြဿနာ ဖြေရှင်းခြင်း
အဲ့ဒီနောက် ယွန်းတွေကို တိုက်ထုတ်ဖို့ စစ်ပွဲတွေ စတင်ပါတော့တယ်။ ယွန်းတို့က ကောက်ညှင်းကို ကြာရှည်ခံနိုင်အောင် ခေါပုပ်သဖွယ်ပြုပြီး ခမောက်အောက်တွင် ဆောင်းထားကြရာ စစ်မြေပြင်အတွင်း နေ့ရောညပါ စစ်တိုက်ရာမှာ ရိက္ခာပြသနာမပေါ်ခဲ့ကြပါဘူး။ အဲဒီအချက်ကိုယူပြီး ကရင်နီတို့ကလဲ ကိုင်းပင်တမျိုးနဲ့ ကောက်ညှင်းဆန်ကိုထုပ်ပြီး ဒီးကူကောက်ညှင်းထုပ် ပြုလုပ်ခဲ့ကြရာ ခုနှစ်ရက်အထိ အထားခံပါတယ်။
ဒီးကူကို ကောက်ညှင်း ခပ်သွယ်သွယ်သုံးခုကို တစုတည်းချည်ပြီး ပြုလုပ်ပါတယ်။ ကရင်နီအနွယ်ဝင် လူမျိုးစုများ ပေါင်းစည်းခြင်းကို ဖော်ညွှန်းသကဲ့သို့ ကရင်နီအမျိုးသားတို့ရဲ့ လက္ခဏာလဲ ဖြစ်ပါတယ်။ နေ့ရက်ကြာရှည်ခံတဲ့ ဒီးကူထုပ်နဲ့ စစ်မြေပြင်မှာ ရိက္ခာပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြတဲ့ ကရင်နီမျိုးနွယ်စုတွေဟာ ယွန်းလူမျိုးတွေကို ငွေတောင်ပြည်ကနေ ဆုတ်ခွာသွားတဲ့အထိ တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။

ကျွန်ဘဝမှ လွတ်မြောက်ခြင်း အထိမ်းအမှတ်
BC ၇၃၉ နောက်ပိုင်း ကရင်နီမျိုးနွယ်စုတွေဟာ စာပေမတတ်ကြပါဘူး။ ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ဟာ အခုလို မိုးရာသီအချိန်မှာဖြစ်တဲ့အတွက် စက်တင်ဘာနဲ့ အောက်တိုဘာလတွေထဲမှာ “ကျွန်ဘဝကနေ လွတ်မြောက်တဲ့ အထိမ်းအမှတ်” အနေနဲ့ ဒီးကူပွဲခေါ် ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ်နဲ့အမျှ ကျေးရွာတိုင်းလိုလိုက သူ့ ရွာနဲ့သူ ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ရက်တွေ သတ်မှတ်လာခဲ့ကြတာပါ။
ဒီးကူပွဲကို ၃ ရက် ကျင်းပပြုလုပ်ရပါတယ်။ တရွာနဲ့တရွာ အပြန်အလှန် လည်ပတ်ပြီး ကခုန်ပျော်မြူးကြတဲ့အတွက် ယခုလအတွင်းဆို ကရင်နီပြည်မှာ ဒီးကူပွဲကျင်းပတဲ့အချိန်ဘဲ ဖြစ်ပါတယ်။ ပွဲအတွင်း အလည်လာတဲ့ ဧည့်သည်တွေကို အိမ်ပေါ်ကို ဖိတ်ခေါ်ပြီး ဒီးကူထုပ်၊ ထမင်းဟင်းလျာ၊ ခေါင်ရည်၊ အရက်၊ ဝက်အူချောင်း စတာတွေနဲ့ ဧည့်ခံလှူဒါန်းကြပါတယ်။
ဒါ့အပြင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖိနပ်မလို၊ နေပူမိုးရွာ မရှောင် လူကြီးလူငယ် မရွေး အခုလို ရွာတွင်း လှည့်လည်ကာ တအိမ်တက်၊ တအိမ်ဆင်း ပျော်ပွဲဆင်နွဲမှုများကနေ ဒီးကူထုပ်ကို လက်ဆောင်အဖြစ် အိမ်ကို ယူဆောင်ကြပါတယ်။
ဒီးကူပွဲတော်အတွင်း ရိုးရာဓလေ့ထုံးစံအရ အဆင့်ဆင့် လုပ်ဆောင်ကြတဲ့အချက်များမှာ ဒီးကူရွက် ခူးခြင်း၊ သောလူး ခေါ် ဆွမ်းလောင်းခြင်း၊ ဝေးနေ့ ခေါ် နတ်ဆိုးများ မောင်းထုတ်ခြင်း၊ အဲမွီးခေါ် ကလေးများ နာမည်မှည့်ခေါ်ပေးခြင်း၊ အီးလူးမွီး ခေါ် နာမည်တူသောသူများကို ခိုင်မြဲစေရန် အသိအမှတ် ပြုလုပ်ခြင်း၊ နတ်မေးရန် “ဖိုးဒီးကရီး” ခေါ် နတ်ရုပ်ပြုလုပ်ခြင်း၊ ပွဲတော်အပြီး နတ်ပို့ခြင်း တို့ဘဲ ဖြစ်ပါတယ်။

အမျိုးသားအောင်ပွဲကို ရိုးရာအစဉ်အလာနဲ့ ပေါင်းစပ်ထားခြင်း
ဒီးကူပွဲတော်ဟာ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာနဲ့ ပေါင်းစပ်ထားတဲ့ ရိုးရာပွဲတော် အသွင်ဆောင်ပေမယ့်လို့ အမှန်တော့ “ ကရင်နီအမျိုးသား တရပ်လုံးရဲ့ အောင်ပွဲအထိမ်းအမှတ်ပွဲတော်” တခုဘဲ ဖြစ်ပါတယ်။ အသိညာဏ်၊ အတတ်ညာဏ်နဲ့ ဒီးကူထုပ်ကို ရှာကြံတီထွင်နိုင်ခြင်းနဲ့ မိမိတို့ ယုံကြည်ကိုးစားကြတဲ့ “ဖိုးဒီးကရီး”ကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် တမျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ကြပါတယ်။
စစ်ပွဲအောင်တဲ့ အမှတ်လက္ခဏာအနေဖြင့် ကရင်နီတို့ အိမ်တိုင်းမှာ အခုလို အောင်ပွဲဆင် ရိုးရာအက များဖြင့် ကခုန်ခြင်းဖြင့် အောင်မြင်မှုများကို တအိမ်တက် ၊ တအိမ်ဆင်း သယ်ဆောင်ကြပါတယ်။
ဒီအထိမ်းအမှတ် မပပျောက်ဖို့အတွက် စာပေမတတ်မြောက်ခဲ့ကြတဲ့ ရှေးခေတ်က ကရင်နီမျိုးနွယ်စုတွေဟာ ရိုးရာအစဉ်အလာတခုလို ယနေ့အထိ ထိန်းထိန်းသိမ်းသိမ်းနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြတဲ့အတွက် ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းအဖြစ်အပျက်မှန်တွေဟာ ယနေ့ကရင်နီအမျိုးသားတွေရဲ့ လက်ထက်မှာ တင်ကျန်နေသေးတာ ဖြစ်ပါတယ်။
ဒီးကူပွဲဟာ သာမန်ရိုးရာဓလေ့ပွဲတော်မဟုတ်ပဲ ကရင်နီတိုင်းရင်းသားတို့အတွက် အရေးကြီးတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး လူမျိုးတန်ဖိုး၊ ညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကို ထင်ဟပ်ပေးတဲ့ သင်္ကေတ တခုဖြစ်တယ်လို့ဆိုရင်လဲ မမှားနိုင်ပါဘူး။
အမျိုးသားအောင်ပွဲသမိုင်း မပပျောက်ရလေအောင် နောင်လာနောက်သားတွေ သိရှိ၊ နားလည်၊ သဘောပေါက်ကြဖို့ ရှေးကရင်နီ ဘိုးဘွားဘီဘင်တို့က မိမိတို့ယုံကြည်ကိုးစားတဲ့ ရိုးရာအစဉ်အလာနဲ့ ထိန်းသိမ်းပြီး လက်ဆင့်ကမ်းလာခဲ့ကြရပါတယ်။
ဖိုးဒီးကရီးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်
ဖိုး = အဖိုးအဖွား
ဒီးကရီး = တော်စပ်သောနတ်
ဖိုးဒီးကရီးကို ပင့်ဆောင်ခြင်း
– ဖိုးဒီးကရီးနတ်မျိုးမှာ ကရင်နီလူမျိုးတို့ရဲ့ အဖိုးအဖွား တော်စပ်သောနတ် (သို့) မြေးတော်စပ်သောနတ်
– အဖိုးအဖွားကဲ့သို့ လေးစားကြည်ညိုသကဲ့သို့ မြေးလိုချစ်သည်။
– နတ်ရုပ်ပြုလုပ်ရာတွင် ရိုးသားဖြောင့်မတ်သူ ဖြစ်ရမည်။
– တောထဲတွင် ဝါးဆစ်တဆစ် ခုတ်ယူကာ အပေါက်ဖေါက်ပြီး အပေါက်ထဲတွင် မီးကျောက်တလုံး၊ သံမဏီချပ်ငယ်တခုနှင့် ကြက်တောင်ရိုးတခု ထည့်ရသည်။
– ပလိုင်းတလုံးကို ဇောက်ထိုးထားပြီး ပလိုင်းရဲ့ ဖင်ကိုဖောက်ကာ အထက်ပါ ဝါးဆစ်ကို တဝက်ခန့် ထိုးထည့်တပ်ဆင်ရသည်။ အဝတ်ဟောင်းများကို ပလိုင်းနဲ့ ပလိုင်းဖင်တွင် တပ်ဆင်ထားသော ဝါးဆစ်တို့နဲ့ ပတ်ပြီး ချုပ်ထားလိုက်သည်။
– ထို့နောက် ဇောက်ထိုးမှောက်ထားသော ပလိုင်းရဲ့ပုံသည် ခေါင်းမပါသည့်လူတဦး ထိုင်နေသလို မြင်ရပါလိမ့်မည်။

ဒီးကူ(ကောက်ညင်းထုပ်)
အောင်မြင်မှုများကို သယ်ဆောင်လာပေးမည့် သူများကို ဒီးကူဖြင့် ကြိုဆိုဂုဏ်ပြု ဧည့်ခံရန်အတွက် ဒေသခံအိမ်ရှင်မှ ဒီးကူထုပ်ကို ချက်ပြုတ်ထားသည်။
– ဒီးကူရွက်သည် ကိုင်းပင်တမျိုး၏ အရွက်ဖြစ်သည်။ ထိုကိုင်းပင်၏ အပွင့်အဖူးများသည် တံမြက်စည်း များပြုလုပ်သည့် အပင် ဖြစ်သည်။
– ကောက်ညှင်းဆန်ကို ရေမစိမ်ဘဲ အရွက်ထဲကိုထည့်၍ ခပ်သွယ်သွယ်သုံးခုကို နီးဖြင့်တစုတည်း ချည်၍ ပြုလုပ်သည်။ ကောက်ညှင်းဆန်စိမ်းနှင့် သေသပ်အောင် ထုပ်ချည်ရသဖြင့် ပညာသားပါသည်။
– ထုပ်ပြီးသော ဒီးကူထုပ်များကို အိုးကြီးထဲ ရေဖြည့်၍ ပြုတ်ရသည်။