ထွေးရယ်/ကန္တာရဝတီတိုင်း(မ်)
“ကိုယ့်ရဲ့ မျှော်လင့်ချက်ကတော့ တခုပဲ ရှိတယ်။ ဒီပညာရေးပိုင်းမှာပေါ့နော်။ သူတို့ကို ကောင်းကောင်း သင်ကြားနိုင်ပြီးတော့မှ နိုင်ငံအတွက် အကျိုးဆောင်ပေးနိုင်တဲ့ ကလေးကောင်းတွေ နိုင်ငံ့သားကောင်း ရတနာတွေ ဖြစ်ဖို့ဆိုတဲ့ စိတ်ဓာတ်ပဲ မျှော်လင့်ချက် ရှိတယ်”
အကျပ်အတည်းကာလမှာ ကိုယ်ကျိုးကို မငဲ့ပဲ အများအကျိုးတွက် နိုင်ရာဝန်ကို ထမ်းရွက်နေတဲ့ သူကတော့ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ မော်ညားမြာပါ။ စာသင်ပေးနေတဲ့ ကျောင်းသားတွေ အပေါ် ထားတဲ့ သူမရဲ့ စေတနာ၊ မေတ္တာတရားနဲ့ မျှော်လင့်ချက်တွေကို သူမရဲ့ ပြောစကားကနေတဆင့် နားလည်နိုင်ပါတယ်။
ယခင်ဖွံ့ဖြိုးဆဲပြည်နယ်ဖြစ်သလို နေချင့်စဖွယ်ကောင်းလှတဲ့ မော်ညားမြာတို့ရဲ့ ကရင်နီပြည်ကြီးဟာ အခုလက်ရှိမှာတော့ နေရာတိုင်းမှာ ကျန်းမာရေး ၊ ပညာရေး ၊ လုံခြုံရေး ၊ စားဝတ်နေရေးက အစ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။
ဒီလိုအချိန်ကာလမှာ နိုင်ရာဝန်ကိုထမ်းနေတဲ့ အသက် ၂၇ နှစ် အရွယ် စေတနာ့ဝန်ထမ်း မော်ညားမြာတို့အဖို့ အလွန်ခဲယဉ်းလွန်းတဲ့ကာလ ဖြစ်ပါတယ်။
မော်ညားမြာဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာကိုသိမ်းယူပြီးချိန်မှာကတည်းက ကိုယ့်လူမျိုး ၊ကိုယ့် ပြည်နယ်က ကလေးငယ်တွေရဲ့ အနာဂတ် တောက်ပနိုင်ဖို့ တတ်စွမ်းသမျှနဲ့ ပါဝင်လာခဲ့တာ ယနေ့ထိတိုင်ပဲ ဖြစ်ပါတယ်။
သူမဟာ ယခင် စစ်တပ်အာဏာ မသိမ်းယူခင်မှာတော့ ကျောင်းဆရာမ အလုပ်ကို လုပ်ကိုင်နေခဲ့တာတော့ မဟုတ်ပါဘူး။ စစ်တပ်အာဏာသိမ်းယူလိုက်ပြီးတဲ့အခါ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ အချိန်အခါတွေကြောင့် တော်လှန်ရေးကာလမှာ ကူရင်း ကျရာအခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
“စေတနာ့ ဝန်ထမ်း အလုပ်ကို ဘာကြောင့် ရွေးချယ် ခဲ့တာလည်းဆိုရင် ကလေးတွေရဲ့ ပညာရေးက ရပ်လို့မရတဲ့အခြေအနေမှာ ရှိတယ်။ အာဏာသိမ်းလိုက်တော့ ကလေးတွေကလည်း ပညာရေးကို ဆက်လက်ပြီးတော့ မသင်ကြားနိုင်တော့ဘူးပေါ့နော်။ အဲတာနဲ့ သင်ကြားပေးမယ့်သူ၊ ရှေ့ကနေ ဦးဆောင်ပေးမယ့်သူ မရှိတဲ့ အခါကျတော့လေနော်။ ပြီးတော့ ရပ်ရွာကနေလည်း လုပ်ပေးဖို့ အကူအညီ တောင်းဆိုရင်းကနေပဲ လုပ်ပေးဖြစ်ခဲ့တယ်” လို့ မော်ညားမြာက ပြောပါတယ်။
သူဟာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက အထက်တန်းကျောင်း တကျောင်းမှာ အထက်တန်းပြ တဦးအဖြစ် ပါဝင်နေတာပါ။ သူမ ရဲ့ တတ်စွမ်းသမျှနဲ့ သူမရဲ့ ပြန်လည် မျှဝေလိုတဲ့ စေတနာသဒ္ဒါ တရားတွေကြောင့် အထက်တန်း အောင်မြင်စွာ ပြီဆုံးသွားတဲ့ ကျောင်းသား/သူ နှစ်သုတ် ရှိနေပါပြီ။
ဒီလို စေတနာ့ဝန်ထမ်းဘဝနဲ့ ရပ်တည်နေရတဲ့ အချိန်မှာတော့ သူ့အတွက် စိန်ခေါ်မှု တွေက မနည်းလှပါဘူး။ သူဟာ ယခင်ကာလမှာကတည်းက သင်ကြားရေးစနစ်တွေနဲ့ မရင်းနှီးခဲ့တဲ့သူမို့ လက်တွေ့စာသင်ခန်းထဲ ရောက်ချိန်မှာ ခက်ခဲစိန်ခေါ်မှုတွေ ရှိနေပါတယ်။
ဒါအပြင် မိသားစုတခုလုံးမှာလည်း စစ်ရှောင်နေရတာဖြစ်လို့ ဝင်ငွေ မရှိတာကြောင့် ဝမ်းရေးအတွက် စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။
“စိတ်ဓာတ်ကျတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ပြီးတော့ နှစ်သိမ့်နေရလည်းဆိုရင်တော့ သူတို့အတွက် ကိုယ်ကလုပ်ပေးရမယ် ကိုယ်မှမလုပ်ပေးရင် ဘယ်သူက လုပ်ပေးမှာလည်း ကိုယ်လုပ်ပေးနိုင်သလောက် ကိုယ်လုပ်ပေးရမယ်။ သူတို့က ကိုယ့်ကို လိုအပ်နေသေးတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ပဲ ရှေ့ဆက်ပြီးတော့မှ သွားနေတယ်” လို့ မော်ညားမြာက ပြောပါတယ်။
တော်လှန်ရေးအချိန်ကာလ ကြာလာတာနဲ့ အမျှ စိန်ခေါ်မှုတွေက တနေ့တခြား ပိုမို များပြားလာပါတယ်။ သူတို့တွေဟာ စေတနာ့ဝန်ထမ်းဖြစ်တဲ့အတွက် အခြားနဲ့ ရင်ဘောင်တန်းရတဲ့ အခါမျိုးတွေမှာ စိတ်အားငယ်ရတာမျိုးတွေနဲ့ ကြုံတွေ့ရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
“စိတ်ဓာတ်ပိုင်းဆိုင်ရာ အနေနဲ့ကတော့ တော်တော်လေးကို စိတ်ဓာတ်ကျတယ်။ ထွက်ချင်စိတ်တောင်မှ ဖြစ်သွားတယ်။ ဒီအလုပ်ပေါ်မှာ မလုပ်တော့ဘူး။ ကိုယ်ကလည်း CDM လည်း မဟုတ်ဘူး။ အလိုပုံစံမျိုးနဲ့ ထွက်ချင်စိတ်တောင်ပေါက်တယ်။ ကိုယ့်ကိုယ်ကိုလည်း ပြန်ပြီးတော့ နိမ့်ချရတဲ့ သဘောလည်း ရှိတဲ့အထိ တက်ရောက်တယ်။” လို့ မော်ညားမြာ က ပြောပါတယ်။
တော်လှန်ရေးကာလမှာ ကလေးတွေပညာရေး အဆက်မပြတ်သွားဖို့အတွက် ပေးဆပ်အနစ်နာခံကြတဲ့ CDM ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ ဦးရေဟာ ၄၀၀၀ ကျော်ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး – ၂ ဆရာ ဗညား က ပြောပါတယ်။ ဒီစာရင်းတွေထဲမှာ စေတနာ့ဝန်ထမ်းတွေဦးရေကို အတိအကျမသိရပေမယ့် ရှိနေတဲ့ ကျောင်းဆရာ၊ ဆရာမ ဦးရေရဲ့ ထက်ဝက်ကျော် ရှိတယ်လို့လည်း ဆိုထားပါတယ်။
ဒီစာရင်းတွေကိုကြည့်ခြင်းအားဖြင့် ကြားကာလပညာရေးမှာ စေတနာ့ဝန်ထမ်းတွေရဲ့ အရေးပါမှုကို မြင်တွေ့နိုင်ပါတယ်။
ဒါတင်မကပါဘူး၊ အခုလို အခက်အခဲ စိန်ခေါ်မှုတွေ ကြားမှာ ကလေးတွေရဲ့ ပညာရေး တခုတည်းကို သာ ကြည့်ရှု့ပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက်ရပ်တည်ပေးနေကြတဲ့ ဆရာ/မ တွေကိုလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC ) အနေနဲ့ အသိမှတ်ပြု သလို တော်လှန်ရေး လွန် ကာလကို ရောက်ရှိလာတဲ့ အချိန်ကျရင်လည်း စေတနာ့ဝန်ထမ်းတွေအတွက် အစီအမံတွေ ရှိနေတယ်ဆိုတဲ့အကြောင်းကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC )ရဲ့ အတွင်းရေးမှုး- ၂ ဆရာဗညား က အခုလို ပြောပါတယ်။
“ဒီတော်လှန်ရေး အောင်မြင်ပြီးသွားရင် ဒီစေတနာ့ဝန်ထမ်းတွေအတွက် အစီအမံတွေက ရှိပါတယ်။ ဆက်ပြီးတော့ ကျောင်းဆရာ/မ အဖြစ်နဲ့ သင်ကြားလိုတဲ့ ဆရာ/မ တွေကိုလည်း ကျနော်တို့ အဆင့်မြင့် ပညာရေးကျောင်းတွေ လုပ်ထုံးလုပ်နည်းအရ ဆက်ပြီးတော့မှ သူတို့တွေကို သယ်ဆောင်ပြီးတော့မှ ဒီပညာရေးကောလိပ်တွေမှာ ဆက်ပြီးတော့ ပညာသင်ကြားနိုင်ဖို့အတွက် ပြီးတော့မှ ဒီဟာကို ကျောင်းပြီးမြောက်ပြီးနောက်ပိုင်း ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အစီအမံတွေ ရှိပါတယ်။ သေချာတာတခုကတော့ အဲဒီလို အနိမ့်ဆုံး အစီအမံ ရှိပါတယ်။” လို့ ဆရာဗညားက ပြောပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်မှာ အခြေခံ စာသင်ကျောင်းပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားနိုင်ပါတယ်။ ကြားကာလပညာရေးမှာ CDM ကျောင်းဆရာ၊ဆရာမ တွေ စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေ အချင်းချင်းကြားအပြန်အလှန် ဖေးမကူညီမှုတွေ၊ အပြန်အလှန် လေးစားမှုနဲ့ သင်ယူမှုတွေကို ပြုလုပ်နိုင်ရင် ကျောင်းပေါင်း ၅၀၀ ကျော်မှာ တက်နေတဲ့ အနာဂတ်မျိုးဆက်သစ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ယူဆောင်လာပေးနိုင်မယ်လို့ မော်ညားမြာက ယုံကြည်နေပါတယ်။
“ကိုယ်လုပ်နေတာချင်း အတူတူ ဖြစ်တဲ့အတွက် လေးစားမှုတော့ ရှိဖို့လိုမယ်လို့တော့ထင်တယ်။ ဒါမှလည်း ကျမတို့လိုမျိုး စေတနာ့ဝန်ထမ်းလုပ်တဲ့သူတွေ စိတ်ဓာတ်ကျတာ မျိုးတွေမရှိဘူး။ ဖေးမကူညီရမယ်။ မဟုတ်ရင်တော့ ဒီစေတနာ့ ဝန်ထမ်းတွေလည်း တည်မြဲမှာမဟုတ်ဘူး။” လို့ မော်ညားမြာ က ပြောပါတယ်။