spot_img
23.9 C
Loikaw
Thursday 16, October 2025
spot_img
Homeဆောင်းပါး“ပေးဆပ်မှုတွေရဲ့ တန်ကြေးအဖြစ် မမေ့လျော့မှုကိုသာ ပြန်ပေးပါ”

“ပေးဆပ်မှုတွေရဲ့ တန်ကြေးအဖြစ် မမေ့လျော့မှုကိုသာ ပြန်ပေးပါ”

-

ကန္တာရဝတီတိုင်း(မ်)

“ကျနော် မိုင်းလည်း ထိတော့ သူတို့ ကျနော့်အနားကနေ ထွက်ပြေးကုန်ကြတယ်။ အခြေအနေအရ ဆိုတော့ ကျနော်လည်း သိတယ်။ ရန်သူနားချဉ်းကပ်တော့ သူတို့လည်း ကြောက်မှာပေါ့။ အဲ့ကြောင့် ခြေတဖက်တည်းနဲ့ပဲ ပြန်ခုန်ပြန်တယ်။ ရန်သူနဲ့ ဝေးတဲ့နေရာထိ ခုန်ပြန်တယ်။ တဖက်တည်းနဲ့ ခုန်လို့ မရတဲ့ အနေအထားမှာ မိကျောင်းတွား သွားပြီး ပြန်တယ်” လို့ စနိုက်ပါသမား ခူးတဲ က သူ့ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ တုန်းက စစ်ကော်မရှင်တပ်ရဲ့ ဖားဆောင်းမြို့ စခန်းသိမ်းတိုက်ပွဲမှာ ရန်သူစခန်းနားကို ချဉ်းကပ်စဉ် ရန်သူထောင်ထားတဲ့ နင်းမိုင်းကို နင်းမိလို့ ခြေတဖက် ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကို စနိုက်ပါသမား ခူးတဲ က ပြန်ပြောပြနေတာပါ။

မြေမြုပ်မိုင်း နင်းမိချိန်မှာပဲ သူနဲ့အတူ ပါလာတဲ့ ရဲဘော်ရဲဘက်တွေကတော့ အခြေအနေ အမျိုးအမျိုးတွေကြောင့် လူစုကွဲကုန်ပြီး သူတဦးတည်းသာ ကျန်ရှိနေခဲ့တာပါ။ ခြေတဖက်လုံး ဆုံးရှုံးထားတာတောင်မှ ရန်သူ့လက်ထဲမှာ လုံးဝအကျမခံပဲ နာကျင်မှုကို စိတ်ခွန်အားအဖြစ် ပြောင်းလဲကာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်လွတ်ရုန်းလာခဲ့ရတဲ့ သူ့ရဲ့ သန်မာတဲ့ စိတ်ဓာတ်ဟာ အတုယူ လေးစရာ ကောင်းလွန်းလှပါတယ်။

ညနေစောင်း နေဝင်ခါနီးအချိန်ဖြစ်လို့ နေမဝင်ခင်အထိ ရန်သူအနားကနေ မိမိတပ်ဖွဲ့တည်ရှိရာကို တနာရီကျော်ကြာအောင် ရှိတဲ့အားနဲ့ ခုန်လိုက်၊ မိကျောင်းတွား သွားလိုက်နဲ့ ပြန်လာခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေဆီရောက်တော့ ခူးတဲ တယောက် သူ့ရဲ့ ခန္ခာကိုယ်မှာ ဒဏ်ရာတွေ၊ သွေးတွေ ဗရပွနဲ့ ဖြစ်နေပါတယ်။ ဒီလိုနဲ့ ရန်သူလက်က လွတ်မြောက်လာခဲ့ပြီး ဆုံးရှုံးသွားခဲ့ရတဲ့ ခြေထောက်ကို ပြန်လည်ကုသနိုင်ဖို့အတွက် ဆေးရုံကို သွားခဲ့ပါတယ်။

“ကျနော် ထိတာက ညနေပိုင်းဖြစ်တော့ ရဲဘော်တွေအတွက်လည်း အခက်အခဲမျိုးစုံ ဖြစ်တာပေါ့။ တဆင့်ပြီးတဆင့် ကျနော် ဆေးရုံကြီး ရောက်တဲ့အချိန်ထိဆိုရင် မနက်တောင် ရောက်သွားပြီလေ။ ပြီးမှ တခါတည်း ခွဲစိတ်ခန်း ဝင်လိုက်တာ” လို့ ခူးတဲ က ပြောပါတယ်။

အခုချိန်မှာတော့ ခူးတဲ တယောက် ဒဏ်ရာကို ပြန်လည်ကုသနိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့နေရာ တခုမှာ ရှိနေပါတယ်။

သူက စစ်တပ်အာဏာသိမ်းမှုကို လုံးဝမလိုလားတဲ့ လူငယ်တွေထဲက တဦး ဖြစ်ပါတယ်။ စစ်တပ်အာဏာ မသိမ်းယူခင်အချိန်တုန်းက တဖက်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေခဲ့ပါတယ်။ စစ်တပ်အာဏာ သိမ်းယူမှုကို မလိုလားတဲ့ အချိန်မှာတော့ မိမိပြည်နယ်ထဲကို ပြန်လည်ဝင်ရောက်လာပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တာပါ။

သူဟာ လူမှန်း သိတတ်စအသက်အရွယ်ကတည်းက စစ်တပ်ရဲ့ ဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ရဖူးသူမို့ စစ်တပ်ဦးဆောင်တဲ့ နိုင်ငံရေး၊ အာဏာသိမ်းမှုကို မလိုလားတော့တာကြောင့် ဒီတော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ချင်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။

“ကျနော် သိရသလောက်ဆိုရင် ကျနော် ငယ်ငယ်ကတည်းက လူမှန်းစသိတဲ့ အချိန်မှာကတည်းက ထွက်ပြေးခဲ့ရတယ်။ အဝတ်အစားတောင်မှ ဘာမှ မယူရပဲ အဓိက လူလွတ်ဖို့ပဲဆိုပြီး ကိုယ့်မိဘတွေတောင် သတိမထားမိတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြေးချင်ရာပြေး၊ လွတ်အောင်ပြေး။ ကျနော် အသက်အရွက် ရလာတဲ့အထိ အဲဒီခံစားချက်ရှိတော့ ကျနော်က တတ်နိုင်လောက် ပြန်လုပ်ကူမယ်”လို့ ခူးတဲ က ပြောပါတယ်။

လက်နက်ကိုင် ရဲဘော်တယောက် ဖြစ်တာကြောင့်လည်း အသက်န္တာရယ် ထိခိုက်နိုင်တာ၊ သွေးထွက်သံယို ထိခိုက်မှုတွေကို အချိန်မရွေး ကြုံတွေ့လာနိုင်တယ် ဆိုတာကိုတော့ နားလည်လက်ခံထားခဲ့သူမို့ တကယ်တမ်းကြုံလာတဲ့အခါ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာပါ။ အဲ့ဒါကြောင့် အခုလိုတော်လှန်ရေးအတွက် ခြေတဖက် ပေးဆပ်လိုက်ရတဲ့အပေါ်မှာ နောင်တ ရစရာမရှိကြောင်း ခံယူထားပါတယ်။

ဒဏ်ရာတွေ ပျောက်ကင်းသွားရင် တော်လှန်ရေးအတွက် လုပ်စရာတွေ အများကြီး ကျန်နေသေးတာမို့ ရှေ့ဆက်ပါဝင်သွားဦးမယ်လို့လည်း ဆိုပါတယ်။

“အခုချိန်မှာ ပြန်လည်ကုသနေတဲ့ အချိန်မှာတော့ စိတ်ဓာတ်ကျစရာ မလိုဘူး။ ဒဏ်ရာလည်း ခံစားရတယ်။ ကိုယ့်ပြည်သူတွက်လည်း ဒီးထက်ကောင်းအောင် မလုပ်ပေးနိုင်တော့ဘူး။ ဒါပေမယ့် စိတ်ဓာတ်ကျစရာ မလိုဘူး။ ကျနော်တို့ ဒဏ်ရာတွေ ပျောက်ကွယ်သွားတဲ့ အချိန်ကျရင် ဒီထက်ပြန်လုပ်နိုင်တဲ့ အလုပ်တွေ ရှိသေးတယ်။ ကိုယ်သွားရမယ့်လမ်း ၊ ကိုယ်လုပ်ရမယ့် အရာတွေ အများကြီးရှိသေးတယ်။ စိတ်ဓာတ်ကျစရာမလိုဘူး” လို့ သူက ပြောပါတယ်။

ခူးတဲ လိုပဲ တော်လှန်ရေးမှာ ပါဝင်လာတဲ့ လူငယ်တွေ ၊ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်သွားခဲ့ရတဲ့ ရဲဘော်တွေ များစွာရှိနေပါတယ်။ ခူးတဲ အခုဒဏ်ရာကုသနေတဲ့နေရာမှာ ဘဝတူ ရဲဘော်တွေ ၃၀ ဝန်းကျင် ရှိပါတယ်။

ဒဏ်ရာတွေ ပျောက်ကင်းဖို့ ဆေးကုသမှု ခံယူနေတဲ့အချိန်မှာ သူတို့အတွက် အလိုအပ်ဆုံးနဲ့ အရေးကြီးဆုံးက စိတ်ပိုင်းဆိုင်ရာ အခြေအနေပါ။ ကိုယ်လက်အင်္ဂါ ထိခိုက်သွားတာကြောင့် စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တဲ့ ရဲဘော်တချို့ကို စာရေးသူ ရင်းနှီးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အများစုကတော့ အားတင်းပြီး ဘဝရှေ့ရေးအတွက်၊ တော်လှန်ရေးအတွက် ထပ်မံပေးဆပ်ကြဖို့ ဆန္ဒတွေ ရှိနေကြဆဲပါ။

သူတို့တတွေ စိတ်ဓာတ်ကျနေချိန်မှာ မကြာခဏ လာရောက်အားပေး စကားပြောဆိုတာတွေ၊ စိတ်ဓာတ်မြင့်တင်ရေး အစီအစဉ်တွေ မကြာခဏ လုပ်ဆောင်ပေးသင့်တဲ့အကြောင်း နောက်ထပ် ဒဏ်ရာရရဲဘော် တဦးဖြစ်တဲ့ ခူးမီရယ်က အခုလို ပြောပါတယ်။

“ရဲဘော်တွေက ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးထားသော သူတို့မှာ စိတ်ဓာတ်ကျစရာတွေ အများကြီး ရှိတယ်။ သူတို့ဘဝမှာ ငါမလုပ်နိုင်တော့ဘူးဆိုပြီးတော့ စိတ်ပျက်အားငယ်တာတွေ အများကြီးရှိတယ်။ အဲ့ဒါ ဒါမျိုးပွဲ ( စိတ်ဓာတ်မြင့်တင်ရေး) တွေ မကြာခဏ လုပ်ပေးခြင်းအားဖြင့် သူတို့ရဲ့စိတ်တွေ ပျော်ရွင်လာမယ်။ သူတို့ယုံကြည်မှု ရှိလာမယ်။ ငါတယောက်တည်း မဟုတ်ဘူးဆိုပြီးတော့ သူတို့မှာ ခံယူချက်ရှိပြီးတော့ သူတို့ငါလုပ်နိုင်သေးတယ်ဆိုတဲ့ စိတ်တွေဝင်လာပြီးတော့ သူတို့ယုံကြည်မှုတွေ ပိုရှိလာပြီးတော့ ပိုပြီးတော့ ပျော်ရွှင်လာလိမ့်မယ်လို့ထင်တယ်” လို့ ရဲဘော်ခူးမီရယ်က ပြောပါတယ်။

ခူးမီရယ် လည်း ခူးတဲလိုပဲ စစ်ကောင်စီ ထောင်ထားတဲ့ နင်းမိုင်းကြောင့် ခြေထောက် ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုကို ခံယူနေဆဲပါ။ ဒဏ်ရာတွေကို ကုသနေစဉ်မှာ မိသားစုတွေနဲ့ အနေဝေးရသလို အခြေအနေအမျိုးမျိုးကြောင့် လူနာတွေကို သီးသန့်ထားရှိရတာကြောင့်လည်း အထီးကျန်ဆန်မှုတွေက ဒဏ်ရာရရဲဘော်တွေနဲ့ မစိမ်းတော့ပါဘူး။

ခူးမီရယ်နဲ့ ခူးတဲ တို့လို ဒဏ်ရာကုသနေဆဲ ရဲဘော်တွေအတွက် စားရေး၊ သောက်ရေးကို တာဝန်ယူပေးတဲ့ အသက် ၄၅ နှစ်ရွယ် အမျိုးသမီးတဦးကတော့ ရဲဘော်တွေကို မြင်တွေ့ရတိုင်း ရင်ထဲမှာ ဝမ်းနည်းကြေကွဲရတယ်။ ဒါပေမယ့်လည်း ပြန်လည်သန်မာလာဖို့အတွက် ခွန်အားဖြစ်စေတဲ့ အစားအစာတွေ အဟာရတွေကို ချက်ပြုတ်ကျွေးမွေးပေးနိုင်တာကလွဲပြီး ဘာမှလုပ်ပေးနိုင်တာ မရှိဘူးလို့ သူမက အခုလို ရင်ဖွင့်လာပါတယ်။

“သူတို့ကိုတွေ့ရင် စိတ်အရမ်းထိခိုက်ရတယ်။ သူတို့ စားဖို့ သောက်ဖို့ ကောင်းကောင်းမွန်မွန်
စားနိုင်ဖို့အတွက် ကျမ တတ်နိုင်သလောက်တော့ ကြိုးစားပြီး ချက်ပေးတယ်။ အားတက်စေတဲ့ အကြောင်းအရာတွေလည်း ပြောဖြစ်တယ်။ ဒါပေမယ့် ကျမ လက်ရာက ထင်သလောက် မကောင်းတော့ မတတ်နိုင်ဘူးပေါ့နော်။ ကျမ တတ်နိုင်သလောက်တော့ သူတို့ ဝဝလင်လင် စားရနိုင်ဖို့ ကြိုးစားပေးတယ်” လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းယူပြီးနောက် လူငယ်တွေအများစုက သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ၊ အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ ပျောက်ကွယ်လုနီးပါး ဖြစ်ကုန်ကြပါတယ်။ ဖြစ်ချင်တဲ့အရာကို ဘာမဆိုလုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်အရွယ်မှာ အခုလိုကိုယ်လက်အင်္ဂါ မပြည့်စုံတော့ပဲ ဘဝကို ဆက်လက်ရုန်းကန်နေရတာတွေကြောင့် စိတ်ဓာတ်ကျမှုတွေ၊ စိတ်ဖိစီးမှုတွေက မကြာခဏ ကြုံတွေ့နေကြရမှာ မလွဲမသွေပါ။

အခုလို စိတ်ဓာတ်ကျမှု ၊ သိမ်ငယ်မှုတွေ ၊ အားငယ်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားရတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။ ဒါကြောင့် တန်ဖိုးရှိလှတဲ့ ဒီလို လူငယ်တွေရဲ့ ဘဝကို ထပ်မံမဆုံးရှုံးရလေအောင် ကိုယ်လက်အင်္ဂါ ပေးဆပ်ထားပြီး ဒဏ်ရာကုသမှု ခံယူနေဆဲ လူငယ်တွေအတွက် စိတ်ခွန်အားတွေ၊ စိတ်ဓာတ်မြင့်တင်မှုတွေ ရရှိဖို့အတွက် လွန်စွာ အရေးကြီးလွန်းလှပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ