spot_img
19.5 C
Loikaw
Monday 20, October 2025
spot_img
Homeဆောင်းပါးမြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ လူ့ဘောင်အပေါ် ထိခိုက်မှု

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ လူ့ဘောင်အပေါ် ထိခိုက်မှု

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအပါအဝင် နိုင်ငံတဝန်းက ကျေးရွာတွေနဲ့ လူဦးရေထူထပ်တဲ့ နေရာဒေသတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်တွေ ပိုမိုဆိုးရွားလာနေပါတယ်။

၂၀၂၁ ခုနှစ် စစ်ကော်မရှင်အာဏာသိမ်းယူပြီးနောက်ပိုင်း နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့်လည်း နိုင်ငံတဝန်း မြေမြှုပ်မိုင်းအသုံးပြုမှု သိသာထင်ရှားစွာ မြင့်တက်လာခဲ့သလို လက်ရှိပြည်နယ်နဲ့ တိုင်းအားလုံးနီးပါးမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်တွေ ပျံ့နှံ့နေပါတယ်။

နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှု (ICBL)၊ သုတေသနအဖွဲ့တခုဖြစ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် နှစ်စဉ်အသေအပျောက် အများဆုံး စံချိန်တင်ထားတဲ့နိုင်ငံအဖြစ် ပထမဦးဆုံး မှတ်တမ်းတင်ခံရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ လ ကနေ ဇွန် လ အထိ ၆ လ အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၅၇ ဦး ရှိခဲ့တယ်လို့ UNICEF Myanmar ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ပထမ ၆ အတွင်း သေဆုံးသူစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ထိခိုက်သူ (၁၀၈၂ ဦး) ရဲ့ ၃၃ ရာခိုင်နှုန်းနဲ့ ညီမျှနေတာပါ။

အဆိုပါ ကိန်းဂဏန်းတွေအရ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေဟာ လူ့ဘောင်အပေါ် သိသာထင်ရှားတဲ့ အန္တရာယ် ဆက်လက်ဖြစ်ပေါ်စေတာကို မီးမောင်းထိုးပြနေသလို အရပ်သားထိခိုက်ခံစားရသူအရေအတွက်ကိုလည်းသိသာစွာ ထင်ဟပ်ဖော်ပြနေပါတယ်။

မြေမြှုပ်မိုင်းတွေဟာ မြေမျက်နာပြင်အောက်၊ မြေမျက်နာပြင်အပေါ်၊ မြေမျက်နာပြင်အပေါ်ယံ (သို့မဟုတ်) သစ်ပင်ဘေးပတ်လည်လူတွေနဲ့အနီးကပ်ဆုံး စတဲ့နေရာတွေမှာ နေရာချပြီး လူ၊ တိရစ္ဆာန် (သို့မဟုတ်) ယာဉ်စတာတွေရဲ့ ထိတွေ့မှု (သို့မဟုတ်) အနားကပ်လာပြီဆိုရင် ပေါက်ကွဲစေဖို့ ထုတ်လုပ်ထားတဲ့ လက်နက်ခဲယမ်းတွေဖြစ်ပါတယ်။

ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကတော့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် အန္တရာယ် ကြာရှည်စွာ ရှိနေတတ်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေကို ပစ်ခတ်တာ၊ ပစ်ချတာ၊ လွှင့်ပစ်တာတွေ ပြုလုပ်တဲ့အခါ မပေါက်ကွဲသေးဘဲ (သို့မဟုတ်) အသုံးမပြုရသေးဘဲ ချန်ထားတာ (သို့မဟုတ်) လွှင့်ပစ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီမြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေက မည်သူမဆို အသက်အရွယ်မရွေးဘဲ တိုက်ပွဲဝင်သူ တွေနဲ့ အရပ်သားတွေဆိုပြီး ခွဲခြားမှုမရှိတဲ့အတွက် မတော်တဆဖြစ်မှုတွေက အသက်ဆုံးရှုံးတဲ့အထိ ဦးတည်ဖြစ်ပေါ်နေပါတယ်။

ဒီမြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခံစားပြီဆိုရင် လူတဦးချင်းကိုသော် လည်းကောင်း၊ မိသားစု (ဒါမှမဟုတ်) လူ့အသိုင်းအဝိုင်းတခုလုံးကိုသော်လည်းကောင်း သက်ရောက်မှုရှိ စေနိုင်ပါတယ်။အဲဒီအကျိုးဆက်တွေက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအနေနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ အမြင်အာရုံဆုံးရှုံးတာ၊ အကြားအာရုံ ဆုံးရှုံးတာ၊ ခန္ဓာကိုယ် ပုံမှန်အတိုင်းမဖြစ်တော့တာကနေ အသက်သေဆုံးအထိပါဝင်နေတာပါ။

ဒီရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာ ပြင်းထန်ပြီး နာတာရှည်နာကျင်မှုကို ဖြစ်နိုင်စေသလို မတ်တပ်ရပ်ဖို့ ခက်ခဲတာ၊ လမ်းလျှောက်ဖို့ ခက်ခဲတာ၊ အရာဝထ္ထုတွေကို ဆုပ်ကိုင်ဖို့ခက်ခဲတာ၊ လေးလံတဲ့အလုပ် တွေကို မလုပ်နိုင်တော့တာစတဲ့ ရေရှည်လုပ်ဆောင်မှုဆိုင်ရာ အခက်အခဲတွေကို ဖြစ်ပေါ်စေ နိုင်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေဟာ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု များစွာခံစားရရှိနိုင်သေးပါတယ်။ သူတို့ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ စိတ်ထိခိုက်သလို သူတို့ရဲ့မိသားစုဝင်တွေကလည်း ပုံစံအမျိုးမျိုးနဲ့ စိတ်ပိုင်းဆိုင်ရာဒုက္ခတွေ ခံစားရ စေနိုင်ပါတယ်။

ဒါတွေအပြင် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခံရတဲ့သူတွေ အများဆုံး ခံစားလေ့ရှိ‌တဲ့ အရာတွေကတော့ စိုးရိမ်ကြောက်ကြတာ၊ ဝမ်းနည်လွယ်တာ၊ အိပ်စက်ခြင်းဆိုင်ရာ ခက်ခဲတာ၊ စိတ်ခံစားမှု ပြောင်းလဲလာတာ၊ အစားအသောက်ပျက်တာ၊ အာရုံစူးစိုက်မှုခက်ခဲတာတွေ ဖြစ်ပါတယ်။

တချို့သော ထိခိုက်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေနဲ့ မျက်မြင်သက်သေတွေဟာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာကို ခံစားရနိုင်တာကြောင့် သူတို့တွေကို နွေးထွေးစွာ ဆက်ဆံဖို့ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပြုလုပ်ပေးရပါမယ်။

ဒါတွေအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာ အိပ်စက်ခြင်းအလေ့အထတွေ၊ ဘာကိုမှ စိတ်ဝင်စားမှု မရှိတော့တာစတဲ့ လူတဦးတယောက်ရဲ့ အပြုအမူကို သက်ရောက်စေပြီး ထိခိုက်ခံရသူတွေ အပါအဝင် မိသားစုနဲ့ လူ့အသိုင်းအဝိုင်းကြား အမြဲတမ်းနားမလည်နိုင်တဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်စေ ပါတယ်။ ခွဲခြားဆက်ဆံခံရတာ၊ ဖယ်ကျဉ်ခံရတာ၊ လူမှုအသိုင်းအဝိုင်းကြား သီးသန့်ဖြစ်စေတာကို ဦးတည်စေပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခံရပြီး အသက်ရှင်ကျန်ရစ်သူတွေအတွက် လူမှုရေးဆိုင်ရာ ချန်လှပ်ခြင်းကို ဦးတည်စေပြီး နေ့စဉ်လုပ်ငန်းလုပ်ဆောင်မှုတွေအပြင် ရပ်ရွာအတွင်း လူမှုရေးနဲ့ အသက်မွေးဝမ်းကျောင်းတွေမှာ ပါဝင်ဖို့ အတားအဆီးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာလည်း ထိခိုက် နိုင်ပါသေးတယ်။ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် လုပ်ကိုင် ဆောင်ရွက်နိုင်တဲ့ နယ်မြေတွေမှာ မြေဆီလွှာပျက်စီးတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ အခွင့်အလမ်း ကန့်သတ်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းနှစ်မျိုးစလုံးကတော့ ယခင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတိုက်ပွဲ မဖြစ်ပွားတော့ပေမဲ့ နေရာအနှံ့မှာ လူသားတွေအပေါ် အသက်အန္တရာယ် ဖြစ်နေဆဲပါ။

ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း မိုင်းရှင်းလင်းတာ၊ အန္တရာယ်ရှိသောနေရာတွေကို စစ်တမ်းကောက်ယူတာ စတဲ့ မိုင်းနဲ့ပတ်သတ်တဲ့ လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်တာမျိုးလည်း မရှိသေးပါဘူး။

လက်ရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့တွေအနေနဲ့လည်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူ (သို့မဟုတ်) ရှင်သန်ကျန်ရစ်သူတွေကို ကူညီတာ၊ လက်ရှိနဲ့ အနာဂတ် မျိုးဆက်များအပေါ် ထိခိုက်မှုလျှော့ချရေးကိုသာ အဓိကထား လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ ရှိနေတာပါ။

ဒါကြောင့် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ လူ့ဘောင်အပေါ် ထိခိုက်မှုအပေါ် လျှော့ချနိုင်ဖို့ မိမိတို့ဒေသမှာ အကြိမ်ကြိမ်ဖြစ်နေတဲ့ မတော်တဆမှုတွေကို သတိပြုရမှာဖြစ်ပြီး၊ ကန့်သတ်ထားတဲ့ နေရာ ဒေသတွေမှာ မသွားလာဖို့၊ မိမိတို့ နယ်မြေမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ (ဥပမာ – သတင်းဌာန၊ ရုပ်သံ၊ ရေဒီယို) စတဲ့ သတင်းစကားတွေကိုလည်း သေချာစွာ ဂရုစိုက်နားထောင်ပြီး လိုက်နာဖို့ လိုအပ်ပါတယ်။

မိမိရဲ့ ပတ်ဝန်းကျင်မှာ ပေါက်ကွဲစေနိုင်တဲ့ (သို့မဟုတ်) အမျိုးအမည်မသိတဲ့ပစ္စည်းတွေ တွေ့ခဲ့မယ် ဆိုရင် လုံးဝ “မထိ၊ မကိုင်” ပဲ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဘာသာရေးခေါင်းဆောင်တွေ၊ နီးစပ်ရာလက်နက်ကိုင် တပ်ဖွဲ့တွေကို အရင်ဆုံး အကြောင်းကြားရမှာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ