spot_img
20.2 C
Loikaw
Monday 20, October 2025
spot_img
Homeဆောင်းပါး" အတ္တတရားတွေကြောင့် ဒုက္ခပန်းတွေ ဝေဝေဆာဆာ ဖူးပွင့်နေလိုက်လေခြင်း"

” အတ္တတရားတွေကြောင့် ဒုက္ခပန်းတွေ ဝေဝေဆာဆာ ဖူးပွင့်နေလိုက်လေခြင်း”

-

ကန္တာရဝတီတိုင်း(မ်)

“ကားတစ်စီးဟာ မညီညာတဲ့ လမ်းကြမ်းပေါ်ကနေ အလျှင်လိုနေသည့်ဟန် ခုန်ပေါက်နေတဲ့အလား အပြင်းမောင်းနှင်လာပါတယ်။ ထိုကားပေါ်မှာ ကလေးငယ်နဲ့ မိန်းမကြီးတွေပါနေသလို ဘုရားစာရွှတ်ဆိုသံတွေကလည်းညံလို့။ သူတို့ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်စိတ်တွေ ကြောက်စိတ် အားငယ်စိတ်တွေကို မြင်တွေ့ရပါတယ်။ ခုန်ပေါက်ပြေးလွားသွားနေတဲ့ ကားရဲ့နောက်မှာတော့ သူတို့တွယ်တာလှပါတယ်ဆိုတဲ့ အရာတွေကို ချန်ထားခဲ့ရပါတယ်။ ကိုယ်ပိုင်ရွာ၊ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ယာခင်းတွေ နဲ့ ပိုင်ဆိုင်သမျှပစ္စည်းတွေပါ။”

သူတို့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နောက်ဘက်ခြမ်းမှာ ရှိတဲ့ “ဘောရန်” လို့ အမည်ရှိတဲ့ ရွာလေးတစ်ရွာက ဒေသခံတွေဖြစ်ပါတယ်။ ခုတော့ စစ်ကော်မရှင်တပ်က ရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်ဖျက်ဆီးမှုတွေပြုလုပ်နေတာကြောင့် ရွာခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးလာရင်း ကူညီကယ်ဆယ်ရေးလုပ်သားတွေက လမ်းခုလတ်မှာပဲ သွားရောက်ခေါ်ယူနေတာပါ။

“ဘောရန်” ရွာလေးမှာရှိတဲ့ ဒေသခံတွေဟာ တောင်ယာ စိုက်ခြင်းနဲ့ အေးအေးချမ်းချမ်း အသက်မွေးတဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ ရွာ သူ ရွာသားအများစုဟာလဲ ကယန်းလူမျိုးတွေဖြစ်ကြပါတယ်။

ဒီလိုအေးချမ်းနေတဲ့ ရွာလေးဆီကို မဖိတ်ခေါ်ထားတဲ့ ကံကြမ္မာဆိုးတွေရောက်လာပါတယ်။
“ဘောရန်” ရွာလေးဆီကို ကံကြမ္မာ ဆိုးကြီးတစ်ခုကိုသယ်ယူလာသူတွေကတော့ စစ်ကော်မရှင်တပ်နဲ့ ပအိုဝ့်ပြည်သူ့စစ် PNO/ PNA တွေပဲဖြစ်ပါတယ်။

အောက်တိုဘာလ (၁၃) ရက်နေ့၊ နေ့လယ် (၁၁)နာရီ ဝန်းကျင်ခန့်မှာ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိတဲ့ အပြင်၊ လက်နက်ကိုင်ဆောင်ထားသူတစ်ဦးမျှမရှိတဲ့ ရွာတွင်းကို လက်နက်ကြီးတွေ အလုံး (၅၀) ထက်မနည်း ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ ကြပါတယ်။

ရွာတွင်းကို ရောက်ရှိချိန်မှာတော့ လက်နက်ငယ်တွေကိုသုံးပြီး ‌‌ဒေသခံ နေအိမ်တွေ၊ ဘာသာရေးအဆောက် အအုံတွေကို ပစ်ခတ်က နေအိမ် အလုံး (၃၀) ထက်မနည်းကိုလဲ မီးရှို့ ဖျက်စီး ခဲ့ပါတယ်။

“လက်နက်ကြီးတွေ ထုပြီးတဲ့ နောက်မှာ ရွာထဲကို ဖြည်းဖြည်းချင်း သေနတ်တွေ ဖောက်ဝင်ပြီးတော့ မှ အိမ်တွေစ မီးရှို့တယ်။ တစ်လုံးပြီးတစ်လုံး မီးရှို့တယ်။ ဘာတွေပြောမှန်း လဲမသိဘူး။ သူတို့ ဆဲကြတယ်ပေါ့။ ကျနောတော့ အတိအကျမသိဘူး ကြားနေရတယ်ပေါ့။ ဘုရားကျောင်းတွေလဲ ရှို့တယ်ပေါ့။ ကျနော်တို့ ပြည်သူအိုးအိမ်ပစ္စည်းလဲ ယူတယ်ပေါ့။ သူတို့ က တအောင့်လောက်နေမှ လက်နက်ကြီးတွေပစ်ပစ် ပြီးပြန်ဆိုသွားကြတယ်ပေါ့။” လို့ သူတို့ စစ်ကော်မရှင်တပ်သားတွေရဲ့ လုပ်ရပ်ကို ကိုယ်တွေ့ ကြုံခဲ့ ရသူ ဘောရန်ရွာရဲ့ ‌ဒေသခံ အမျိုးသားတစ်ဦးက အဖြစ်အပျက်ကို ပြောပြနေပါတယ်။

စစ်ကြောင်းထိုး နေအိမ်မီးရှို့တဲ့ ကြားကနေ “ဘောရန်”ရွာခံတွေဟာ ဘေးကင်းတယ်လို့ ယူဆရတဲ့ နေရာထိ ‌ရောက်ဖို့ ကလေးလူကြီးအားလုံးဟာ (၂)နာရီ လမ်းရှောက်ရတဲ့ ခရီးကို ထမင်းမစားရသေးတဲ့ ကြားကနေ ငိုယို ထွက်ပြေးလာခဲ့ ကြပါတယ်။

အခုလို အသက်ဘေးကြားက ထွက်ပြေးလာရတဲ့ အကြောင်းကို “ဘောရန်” အမျိုးသမီး တစ်ဦးက အခုလိုပဲ ပြောပြပါတယ်။

“ပစ်နေတဲ့ ကြားက အစတစ်ချက်ပဲ ကြားတော့ ကျမတို့ တောင်ပေါ် ပြေးတက်တယ်။ နောက်တော့ တောင်ကော‌မြောက်ကော အကုန်လုံး ပစ်ကြတော့ ကျမတို့ ပြေးတယ်။ ကျန်တဲ့ လူတွေလဲ အားလုံးပြေးကြတယ်။ တောင်ပေါ်ရောက်တဲ့ အထိ အချက်နှစ်ဆယ် လောက်ရှိမယ်။ အဲ့ အချိန် တောင်မှ လက်နက်ကြီးတစ်လုံးက တောင်ပေါ်ထိ ကျော်ပြီးတက်တယ်။ ဒါဆို မလွတ်တော့ဘူးပေါ့။ ဒီတောင်ပေါ်ထိ သူတို့ တက်လာနိုင်တယ်ဆိုပြီး ကြောက်တာပေါ့။ ကျမတို့ ဘာပဲ ဖြစ်ဖြစ်ရှေ့ဆက်သွားမယ်ပေါ့။ ခနနေ တောင်ပေါ်ရောက်ရင်ကျမတို့ အသတ်ခံရမယ်ပေါ့။ စိုးရိမ်စိတ်နဲ့ ကြောက်စိတ်ပေါင်းပြီး ကျမတို့‌ပြေးကြတယ်။ အဝတ်တစ်ထည်ကိုယ်တခုပဲ။ တချို့ဆို ဖိနပ်လဲ မပါဘူး။ မိုးလဲ ရွာတော့ လဲစရာ မပါဘူး။ စားစရာလည်း မပါဘူး။ ရုတ်တရက်ပြေးလာတော့ ရေတောင်သူများ တောင်ယာနား တောင်းသောက်ရတယ်” လို့ သေနတ်သံကြားက ထွက်ပြေးလာရတဲ့ ဘောရန်‌ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းစထိုးတဲ့ ရက်ကစလို့ ယနေ့ထိတိုင် ဘောရန် ‌ဒေသခံတွေကို အရေးပေါ်ကူညီရေး အဖွဲ့တွေဖြစ်ကြတဲ့ Free Burma Rangers,Job For Kayah, Karenni Hope နဲ့ Clean Yangon အပြင် အခြား ကူညီရေးအဖွဲ့တွေက ရွေ့ပြောင်းပေးနေကြပြီး လုံခြုံမယ်လို့ ယူဆရတဲ့ နေရာမှာ ယာယီနေထိုင်နေကြရပါတယ်။

ဘောရန်ဟာ ပေါ်ရွာ အောက်ရွာဆိုပြီး ရွာနှစ်ရွာ ရှိပြီး ခန့်မှန်းခြေ လူဦး‌ရေ (၁၆၀၀) ဝန်းကျင် ရှိပါတယ်။ လတ်တလောမှာတော့ အဆိုပါ ဘောရန် စစ်ဘေးရှောင်တွေအတွက် အရေး‌ပေါ် စားနပ်ရိက္ခာ နေရာထိုင်းခင်းတွေနဲ့ ဆေးဝါး အကူညီတွေလိုအပ်နေပါတယ်။

မိုးအကုန် ဆောင်းအကူး လေပြေအေးလေးတွေဟာ ဘောရန်က ပြည်သူတွေရဲ့ ရင်ထဲ ကပူဆွေးသောက မီးတွေကို မငြိမ်းသတ်နိုင်တော့ပါဘူး။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်ရှိ “ဘောရန်” ရွာလေးထဲက ပြည်သူတွေဟာ စစ်‌ကော်မရှင်နဲ့ ပအိုဝ် ပြည်သူ့ စစ်(PNO/PNA) ပူးပေါင်းတပ်တွေရဲ့ အတ္တတွေ၊ ရန်လိုမှုတွေကြောင့် ဒုက္ခတွေဝေခဲ့ကြရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ