ကန္တာရဝတီတိုင်း(မ်)
မြန်မာ တနိုင်ငံလုံးမှာ အုပ်ချုပ်ရေးယန္တရားတွေ ၊ တရားစီရင်ရေးယန္တရားတွေ က အစစအရာရာ ချို့ယွင်းနေချိန်မှာ အမျိုးသမီးတွေနဲ့ ထိလွယ်ရှလွယ်အုပ်စု (သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ၊ တခြားနည်းဖြင့် သန်စွမ်းသူတွေအပြင် လိင်စိတ်ခံယူမှုကွဲပြားသူတွေ) အပေါ် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ပိုတိုးလို့လာနေပါတယ်။ အထူးသဖြင့် မြင်သာထင်သာ ရှိနေတာက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေပါ။
အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွေကို အကာအကွယ်ပြုနိုင်ဖို့ဆိုတာ ခေတ်စနစ်ကောင်းခဲ့တယ် လို့ဆိုတဲ့ အရပ်သားအစိုးရ လက်ထက်မှာတောင် မျှော်မှန်းသလောက် မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် အခုလို တော်လှန်ရေးကာလမှာ တိမ်မြုပ်နေဆဲ အကြမ်းဖက်မှုတွေ များစွာရှိနေပါတယ်။
အကြမ်းဖက်မှုတွေကို “အိမ်တွင်းရေးကိစ္စ” လို့ ခံယူပြီး ပတ်ဝန်းကျင်က မတိုင်ကြားပေးတာ၊ မကာကွယ်ပေးတာတွေကလည်း စိန်ခေါ်ချက်တခု ဖြစ်ပါတယ်။
ကြားသုံးကြားမဝင်ကောင်းဘူးဆိုတဲ့ ရှေးလူကြီးတွေရဲ့ မှတ်သားစကားထဲမှာ လင်မယားကြား မဝင်ကောင်းဘူးဆိုတာ ပါပါတယ်။ ဒီအဆိုအမိန့်ကြောင့် တော်ရုံတန်ရုံ လင်မယားတွေကြား ရန်ဖြစ်တယ်၊ အကြမ်းဖက်မှုတွေ ဖြစ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်က ဝင်ပါလေ့မရှိကြပါဘူး။ ဒါကြောင့်လည်း အိမ်တွင်းအကြမ်းဖက်ကိစ္စတွေမှာ အကြမ်းဖက်ခံရသူဘက်ကို ပါဝင်ကူညီမှုတွေက အင်မတန်နည်းနေတာပါ။
ဒါတွေအပြင် ထိရောက်စွာ အကာအကွယ်ပြုပေးနိုင်တဲ့ ဥပဒေ၊ ရိုးရှင်းစွာ ရင်ဆိုင်လို့ရနိုင်မယ့် လမ်းကြောင်းတွေ နည်းပါးနေခြင်းကြောင့်လည်း ဒီအကြမ်းဖက်မှုတွေဟာ တိမ်မြုပ်နေရင်း တဖြည်းဖြည်း ကွယ်ပျောက်သွားရပါတယ်။
အကြမ်းဖက်မှုဟာ “တဦးချင်း ပုဂ္ဂိုလ်ရေးပြဿနာ” မဟုတ်ဘဲ အဖွဲ့အစည်း၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ အရေးကိစ္စတွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာတခုပါ။ ပူးပေါင်းဆောင်ရွက်မှသာလျှင် ထိရောက်တဲ့ ကာကွယ်မှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။
ကရင်နီပြည်ဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေ အများဆုံးဒေသဖြစ်နေ
မြန်မာ့ အမျိုးသမီးများသမဂ္ဂ WLB ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းကာလ ဖြစ်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ၂၀၂၅ မေလ အထိ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲ့ ကျား၊ မ အခြေပြုအကြမ်းဖက်မှု တွေ ၃၆၅ မှု အထိရှိပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံး ဖြစ်နေပါတယ်။
ဘာကြောင့် ကရင်နီမှာ အမှုတွေများနေရတာလဲ။
ကရင်နီပြည်အခြေစိုက် အမျိုးသမီးအရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများ….
ကရင်နီပြည်မှာတော့ ကရင်နီအမျိုးသမီးအစည်းအရုံး -KNWO၊ ကယန်းအမျိုးသမီးအစည်းအရုံး – KyWO ၊ အမျိုးသမီးများအတွက် အမျိုးသမီးများ ဖောင်ဒေးရှင်း Women for Women Foundation – WWF တို့ဟာ ကရင်နီပြည်အခြေစိုက် အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများ ဖြစ်ကြပါတယ်။ ဒ့ါအပြင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာန နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဂျန်ဒါ တန်းတူညီမျှရေးဌာနလည်း တည်ရှိနေပါတယ်။
ကရင်နီလို စစ်ဖြစ်နေတဲ့ဒေသမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို လိုက်ပါကူညီဆောင်ရွက်နိုင်ဖို့က အကန့်အသတ်ရှိနေပါတယ်။ ကူညီဆောင်ရွက်ပေးမယ့် အမျိုးသမီးအဖွဲ့ဝင်တွေကိုယ်တိုင် စစ်ဘေးရှောင်နေကြရပါတယ်။ ဒါတွေတင် မကသေးပါဘူး။ အကြမ်းဖက်ခံရသူ အမျိုးသမီးတွေကို ပိုမိုနစ်နာစေတဲ့ ရိုးရာဓလေ့အရ ဖြေရှင်းတဲ့ နည်းလမ်းတွေ၊ မထိုက်မသင့်တဲ့ ကြေအေးငွေတွေကြောင့် ကွယ်ပျောက်သွားရတဲ့ အမှုတွေလည်း အများကြီး ရှိနေပါသေးတယ်။
ဒါ့အပြင်စိန်ခေါ်မှု အများဆုံးကတော့ တော်လှန်ရေးကာလမှာ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း အမှုတွေကို ကိုင်တွယ်ဆောင်ရွက်ရတဲ့အခါ လိုက်ပါဆောင်ရွက်ပေးသူအနေနဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိလာတာကြောင့် အခက်အခဲတွေ ဖြစ်စေတယ်လို့ အမျိုးသမီးအဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူတဦးက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားခဲ့ဖူးပါတယ်။
ဒါ့ကြောင့်လည်း အကြမ်းခံရမှုတွေမှာ အာဏာရှိသူ အဝန်းအဝိုင်းနဲ့ ပတ်သက်လာရင်တော့ အကြမ်းဖက်ခံရသူတွေ၊ ကူညီဆောင်ရွက်ပေးသူတွေဘက်က လုံခြုံရေးအရ နှုတ်ဆိတ်နေခဲ့ရတဲ့ အမှုတွေလည်း များပါတယ်။ အာဏာရှိသူအဝန်းအဝိုင်း လို့ ပြောရရင်တော့ ငွေကြေးအင်အား တောင့်တင်းတဲ့ အသိုင်းအဝိုင်း၊ လက်နက်ကိုင်ဆောင်ထားသူတွေ နဲ့ လူမှုပတ်ဝန်းကျင်းမှာ တစုံတရာ အာဏာရှိသူတွေ ပါဝင်နေပါတယ်။
တိမ်မြုပ်နေဆဲဖြစ်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်များ
ယခုနှစ် ၆ လ ပိုင်းအတွင်းက ဒီးမော့ဆိုမြို့နယ်အတွင်း တနေရာမှာ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတဦးဟာ အိမ်ထောင်ဖက်ဖြစ်သူရဲ့ အကြမ်းဖက်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အကြောင်းကို ကန္တာရဝတီတိုင်း(မ်) အနေနဲ့ စုံစမ်း သိရှိရပါတယ်။
အထက်ပါဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ ကျူးလွန်သူကိုတော့ ကရင်နီပြည်ရဲဌာန KSP ကနေ ဖမ်းဆီးထိန်းသိမ်းထားကြောင်းကိုလည်း စုံစမ်းသိရှိရပေမဲ့ အပြစ်ပေးအရေးယူမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
“ကျူးလွန်ခံရသူများရဲ့ ကိုယ်ရေးလုံခြုံမှု နှင့် ဂုဏ်သိက္ခာကို လေးစားသည့်အနေဖြင့် ဤဆောင်းပါးတွင် ဖြစ်စဉ်ကို အသေးစိတ် မဖော်ပြထားပါ။”
“အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ ကာကွယ်စောင့်ရှောက်ရေး ဥပဒေက အဲ့လို…. အဲ့လို ရှိတယ် ဆိုပြီးတော့ ချပြခိုင်းစေချင်တယ်ပေါ့နော်။ ဒါမှ သူများတွေလည်း ဖတ်ရပြီး ကြောက်လာအောင်ပေါ့။ ဘာဖြစ်လို့လည်းဆို မီဒီယာတွေကနေ ပေါ်လာရင် သူများတွေ့ရင် မလုပ်ရဲအောင်ပေါ့နော်။” လို့ ကျူးလွန်ခံရသူနဲ့ နီးစပ်တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက အမျိုးသမီးတဦးဖြစ်တဲ့ ဂလိုရီ (အမည်လွှဲ) က ပြောပြပါတယ်။
ဂလိုရီ (အမည်လွှဲ) ဟာ အထက်ပါ ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့နေရာနဲ့ နီးစပ်သူပါ။ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကို ဂလိုရီ တို့ အိမ်နီးချင်းတွေက သတိထားခဲ့မိပေမဲ့ မိမိတို့ရဲ့ လုံခြုံရေးအခြေအနေကြောင့်အပြင်၊ သက်ဆိုင်ရာများထံကို လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် သက်သေအထောက်အထား မရှိပဲ ထုတ်ဖော်မပြောကြားရဲခဲ့တာကြောင့် အကြမ်းဖက်ခံရသူ အမျိုးသမီးငယ်ဟာ သေဆုံးခဲ့ရတယ် လို့ ဂလိုရီ က ပြောပြပါတယ်။
ဒါ့အပြင် ဂလိုရီ ရဲ့ ပတ်ဝန်းကျင်မှာလည်း တခြား အကြမ်းဖက်မှုတွေကို မြင်တွေ့နေရတာတွေ ရှိပါသေးတယ်။
အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဖခင်ဖြစ်သူက ဆယ်ကျော်သက်အရွယ် သမီးငယ်တွေရှေ့မှာ တခြားသော အမျိုးသမီးတွေကို နေအိမ်သို့ ခေါ်ဆောင်လာတာ၊ သမီးငယ်တွေကို အိမ်ပြင်ထွက်ခွင့်မပေးတာ စတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပြီး အဆိုပါ အမျိုးသမီးငယ်တွေကို မည်သူမျှ အကာအကွယ်ပြုပေးနိုင်တာမရှိပဲ ပတ်ဝန်းကျင်မှာနေထိုင်သူတွေက အဆိုပါမိသားစုအပေါ် နားစွင့်ထားရတဲ့ အခြေအနေမှာသာ ရှိနေရတယ်လို့ ဂလိုရီ က သူမနေထိုင်ရာ ပတ်ဝန်းကျင်က အခြေအနေကို ထပ်မံပြောပြပါတယ်။
ဒါတွေဟာ သူမ နေထိုင်ရာ ပတ်ဝန်းကျင်က ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။ သူမ လက်လှမ်းမမီနိုင်တဲ့ နေရာဒေသတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုတွေကို ကျုးလွန်ခံနေရကြရပြီး ရေငုံနှုတ်ပိတ်ကာ ခံစားနေကြရတဲ့ ဖြစ်စဉ်တွေ ဘယ်လောက်အထိ ဖြစ်နေမလဲဆိုတာ မသိနိုင်ကြောင်းကို ဂလိုရီ က ထုတ်ဖော်ပြောကြားလာပါတယ်။
အမျိုးသမီးများ အကြမ်းဖက်ခံရမှု နှင့် အရေးယူဆောင်ရွက်မှု အခြေအနေများ
ကရင်နီမှာ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊ မုဒိန်းမှု၊ သက်ငယ်မုဒိန်းမှု တွေဟာ တဖြည်းဖြည်း အရေအတွက်တိုးပွားလာတာကို ကန္တာရဝတီတိုင်း(မ်) အနေနဲ့ စုံစမ်းသိရှိလာပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ အများဆုံး ဖြစ်ပွားနေတာကိုလည်း သိရှိရပါတယ်။
ဒါပေမဲ့လည်း ကာယကံရှင်ဟာ လုံခြုံရေးအခြေအနေကြောင့် ထုတ်ဖော်ပြောကြားဖို့ ခဲယဉ်းနေပြီး သတင်းဌာနအနေနဲ့လည်း ကျူးလွန်ခံရသူများကို လေးစားသောအားဖြင့် ဖြစ်စဉ်တွေကို ထိန်ချန်ထားတာ ဖြစ်ပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန ဖွဲ့စည်းပြီး နှစ်နှစ်အတွင်း ဂျဲန်ဒါအခြေပြုအကြမ်းဖက်ခံရမှု ( ၁၁၂ ) မှု ကို တာဝန်ယူ ဆောင်ရွက်ခဲ့ရာ အဲ့ဒီအထဲမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုက အများဆုံးဖြစ်ကြောင်း နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အဲ့ဒီအထဲမှာ အသက် (၁၈) နှစ်အောက်ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမှု (၆)မှု ပါဝင်ပါတယ်။
ဌာနကို ရောက်ရှိလာတဲ့အမှုကို လုပ်ငန်းစဉ်အရ ဆောင်ရွက်ပေမဲ့ ကျူးလွန်ခံရသူတွေဟာ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ စစ်ရှောင်ကော်မတီ အဆင့်မှာသာ ကျူးလွန်သူနဲ့ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းတာကို ရွေးချယ်မှုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ တရားရုံးအဆင့်နဲ့ သွားတဲ့အမှုတွေကတော့ အလိုမတူဘဲ ပြုကျင့်တဲ့ မုဒိမ်းမှု ၊ လင်မယားဖောက်ပြန်တဲ့အမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ အစီရင်ခံစာအရ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေဟာ ဆယ်ကျော်သက် မိန်းကလေးငယ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျူးလွန်သူတွေက တရားဥပဒေစိုးမိုးမှု မရှိတာကိုသိပြီး အခွင့်ကောင်းယူပြီးတော့ အသက်ပြည့်တဲ့သူကော ၊ မပြည့်သူကော အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာမလိမ်လည် ရယူတာတွေက အရမ်းများတယ် ဒီနောက်ပိုင်းမှာက။ တချို့ကျတော့ အလိုမတူဘဲနဲ့ လိင်ပိုင်းဆိုင်ရာ ရယူတာမျိုးတွေ ရှိတယ်။” လို့ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန ဒုတိယ ဌာနမှူး မော်သဲမာ က အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားခဲ့တာပါ။
နိုဝင်ဘာလ ၅ ရက်နေ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ၂၀၂၅ ခုနှစ် တတိယ သုံးလပတ် အစီအရင်ခံစာအရ တရားရေးဌာန အနေနဲ့ လိုက်ပါဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း ၇၅ မှု ရှိပါတယ်။ အဲ့ဒီအထဲမှာ မုဒိန်းမှု၊ မုဒိန်းကျင့်ရန် အားထုတ်မှု နဲ့ လူသတ်မှု ၅ မှု ပါဝင်ပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည်မှာ
အကြမ်းဖက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရာမှာ လူတယောက်ပေါ်မှာ အနိုင်အထက်ပြုကျင့်ခြင်း သို့မဟုတ် အကြမ်းဖက်တဲ့လုပ်ရပ်များ ဖြစ်ပွားခြင်းကို ဆိုလိုပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုတာဟာ အများပြည်သူနေရာမှာ ဖြစ်စေ၊ ပုဂ္ဂလိက သီးသန့် အခြေအနေမှာဖြစ်စေ အမျိုးသမီးများအပေါ် အနိုင်အထက်ပြုခြင်း သို့မဟုတ် လွတ်လပ်ခွင့်အား ငြင်းဆန်ပြီး တဖက်သတ်ပြုမူခြင်း စတဲ့ ခြိမ်းခြောက်မှုများ အပါအဝင် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေမဲ့ သို့မဟုတ် ထိုသို့ထိခိုက်နစ်နာဖွယ် ရှိတဲ့ ကျား၊ မ ရေးရာ ကို အခြေခံတဲ့ အကြမ်းဖက်တဲ့ အပြုအမူ တရပ်ကိုဆိုလိုကြောင်း ၁၉၉၃ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (DEVAW) ရဲ့ အပိုဒ် (၁) မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုတဲ့ ဝေါဟာရရဲ့ နောက်ကွယ်မှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ နှုတ်အားဖြင့် စော်ကားမှု နှစ်ခုစလုံး အကျုံးဝင်ပါတယ်။ အကြမ်းဖက်ခံရသူဟာ အနိုင်ကျင့်ခံရခြင်းနဲ့ အတင်းအကြပ် ထိန်းချုပ်ခြင်းတွေကိုလည်း လိုက်ပါခံစားလာရပါတယ်။
အကြမ်းဖက်မှု အမျိုးအစားများ
ကမ္ဘာတဝန်း အကြမ်းဖက်ခံရမှုများကို အမျိုးအစားခွဲခြားကြည့်မယ်ဆိုရင် အကြမ်းဖက်ခံရနိုင်ခြေ
(၅) မျိုး ရှိပါတယ်။
၁။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Physical Abuse)
၂။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Sexual Abuse)
၃။ ငွေကြေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Financial Abuse)
၄။ စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Emotional Abuse)
၅။ ခံယူချက်အတွေးအခေါ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Psychological Abuse)




