ကန္တာရဝတီတိုင်း(မ်)
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် အောက်တိုဘာ တလအတွင်းမှာ သေဆုံးသူ ၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး ရှိလာပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီပြုစုထားတဲ့ မှတ်တမ်းအရကတော့ ထိခိုက်ဒဏ်ရာရသူ ၁ ဦး ထပ်ရှိလာပါတယ်။
ဒီဖြစ်စဉ်တွေဟာ ဖရူဆိုမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ပြီး၊ ဒီးမော့ဆိုမြို့နယ်က အမျိုးသားတဦး ပါဝင်ပါတယ်။ ဒီ ထိခိုက်သွားသူတွေနဲ့ သေဆုံးသွားရသူတွေဟာ တောင်ယာစိုက်ခင်းထဲမှာ သီးနှံရိတ်သိမ်းနေကြတဲ့ အရပ်သားပြည်သူတွေ ဖြစ်ပါတယ်။
အဆိုပါ အရပ်သားပြည်သူတွေဟာ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးအတွက် ရတဲ့နည်းနဲ့ စိုက်ပျိုးထားခဲ့တဲ့ သီးနှံတွေကို ပြန်လည်ရိတ်သိမ်းနေကြတာပါ။ အဲ့ဒီအချိန်အတွင်းမှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ အစဉ်ပစ်ခတ်တိုက်ခိုက်နေခဲ့ပါတယ်။ ကံကောင်းထောက်မရင်း လွတ်မြောက်သူတွေလည်း ရှိပါတယ်။
“တောင်ယာခင်းထဲ သွားတဲ့အခါ သုံးယောက်ထက် ပိုပြီး လူစုဝေးနေတာဆိုရင် ဒရုန်းနဲ့ ပစ်ခတ်ခံရလေ့ရှိတာကြောင့် တောင်ယာခင်းထဲ ထပ်မသွားရဲတော့တဲ့ အခြေအနေတွေ ရှိလာပါတယ်။” လို့ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှ ဒေသခံအမျိုးသားတဦး က လက်ရှိမှာ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
သီးနှံရိတ်သိမ်းနေကြတဲ့ နေရာတွေမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့ တွေလည်း ရှိမနေပါဘူး။ အဲ့ဒီအရပ်သားပြည်သူတွေကဘဲ စားဝတ်နေရေးအတွက် သီးနှံရိတ်သိမ်းနေကြတာပါ။

စစ်ကော်မရှင်က အရပ်သားတွေကို ဘာကြောင့် ပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင် လာတာလဲ။
အဓိက ကတော့ စစ်ကော်မရှင်တပ်ဖွဲ့တွေ မထိန်းချုပ်ထားနိုင်တဲ့ တော်လှန်ရေးနယ်မြေက ပြည်သူတွေ၊ နဲ့ ပြည်သူတွေ ထောက်ခံထား၊ ထောက်ပံ့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ရိက္ခာဖြတ်တောက်တဲ့ နည်းလမ်းလို့လည်း သုံးသပ်နိုင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ အားနည်းလာအောင်၊ တော်လှန်ရေးကို ထောက်ခံတဲ့ ပြည်သူတွေအားနည်းလာအောင် ရည်ရွယ်လုပ်ဆောင်နေတာပါ။
နောက်ထပ် ခန့်မှန်းလို့ရတဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ အောင်မြင်ရေးပါ။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အနှောက်အယှက် ကင်းကင်းနဲ့ လုပ်နိုင်ဖို့အတွက် ထိန်းချုပ်နယ်မြေတွေ ပိုမိုကျယ်ပြန့်လာဖို့ လိုပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားရတဲ့ ရည်ရွယ်ချက်ကလည်း သူတို့ရဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ ကရင်နီပြည်က မြို့နယ် ၄ ခုဆီကို မူရင်း ဒေသခံတွေ ပြန်လည်ဝင်ရောက်လာစေလိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်နိုင်ပါတယ်။ ပြန်လာနိုင်အောင်လည်း စစ်ကော်မရှင်က တဆင့်စကားတွေနဲ့ စည်းရုံးတာတွေကိုလည်း လုပ်ဆောင်ထားတာပါ။
လက်ရှိမှာတော့ တောင်ယာ၊ လယ်ယာလုပ်ကိုင်တဲ့ အရပ်သားတွေဟာ ဒရုန်းအန္တရာယ်တွေကြောင့် တောင်ယာ၊ လယ်ယာခင်းထဲကို သီးနှံရိတ်သိမ်းဖို့ မသွားရဲကြတော့လို့ တနိုင်တပိုင်စိုက်ပျိုးထားတဲ့ သီးနှံတွေဟာ ရိတ်သိမ်းသူ၊ ထိန်းသိမ်းသူ မဲ့နေကြပါတယ်။
ဒါဟာ စစ်ဘေးတိမ်းရှောင်သူ အရေအတွက် များနေတဲ့ ကရင်နီမှာ ပြည်သူတွေအတွက် ရေရှည်မှာ စားဝတ်နေရေးကို အလွန်ထိခိုက်စေနိုင်တဲ့ အရာတခုပါ။
“ဒီနှစ် တော်တော်လေး စိုက်ကြတယ်လေ။ ဒါပေမဲ့ အခုဆို အကုန်ကျန်ကုန်ပြီရော။ နွားတွေလည်း ဖျက်ကုန်ပြီပေါ့။” လို့ ဖရူဆိုမြို့နယ်အတွင်းက တောင်သူတဦးက ပြောပါတယ်။
စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စစ်ရှောင်လူထုတွေဟာ မိမိတို့နဲ့ နီးစပ်တဲ့နေရာမှာရှိတဲ့ တောင်ယာ၊ လယ်ယာတွေမှာ တနိုင်တပိုင် အရင်းအနှီးတွေစိုက်ထုတ်ပြီး စိုက်ပျိုးထားခဲ့ကြတာပါ။ ရိတ်သိမ်းကာလ ရောက်ရှိလာတဲ့ ဩဂုတ်လအတွင်းကနေစပြီး တောင်ယာ၊ လယ်ယာခင်းထဲကို သွားရောက် ရိတ်သိမ်းကြတဲ့အခါ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကို မကြာခဏ ကြုံတွေ့လေ့ရှိကြပါတယ်။
“လူအများကြီးနဲ့ သွားကြတော့လည်း မသွားရဲကြတော့ဘူးလေ။ အသံကြားပြီး ထွက်ပြေးလည်း မမီဘူးလေ။ အခုဆို အများကြီးကျန်သေးတယ်။ စပါးတွေ။ သွားမရိတ်ရဲတော့ဘူးလေ။ စစ်ကြောင်းလည်း ရှိတယ်ဆိုတော့ မသွားရဲတော့ဘူး။ တနှစ်စာတော့ သွားပြီပေါ့။” လို့ ဖရူဆိုမြို့နယ် အတွင်းက တောင်သူတဦးက သီးနှံဆက်လက်မရိတ်သိမ်းနိုင်တော့တာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
၂၀၂၁ ခုနှစ် မေလ ကစပြီး စတင်တိမ်းရှောင်ရသူတွေဟာ စစ်ဘေးရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့အတွက် ၂၀၂၃ ခုနှစ်ကစပြီး တော်လှန်ရေးတပ်ဖက်က နေရာရလာတဲ့အချိန်မှာ လက်လှမ်းမီတဲ့ တောင်ယာ၊ လယ်ယာခင်းတွေကို စိုက်ပျိုးရေးတွေ ပိုမိုလုပ်ဆောင်လာကြတာပါ။

“၂၀၂၃ နောက်ပိုင်းမှာ အလှူရှင်က ပါးလာတော့ တောင်ယာပိုလုပ်လာကြတယ်။ တပိုင်တနိုင်ပေါ့နော်။ တောင်ယာတွေ နည်းနည်း နှစ်ပုံးသုံးပုံး အဲ့လို စပြီး လုပ်လာကြတာပေါ့။” လို့ ဖရူဆိုမြို့နယ် အနောက်ခြမ်းက စစ်ဘေးရှောင် အမျိုးသားတဦး ပြောပါတယ်။
ယခုနှစ် အစပိုင်းမှာလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီး ရိတ်သိမ်းကာလ ရောက်ရှိလာချိန်မှာ စစ်ကော်မရှင်တပ်က ကျယ်ကျယ်ပြန့်ပြန့် စစ်ကြောင်းထိုး လုပ်ဆောင်လာပြီး ဒရုန်း၊ လက်နက်ကြီးတွေကို ပိုမို အသုံးပြုလာကြပါတယ်။ စစ်ကြောင်းနဲ့ အနီးတဝိုက်ကိုသာ အသုံးပြုတာ မဟုတ်ပဲ တောင်ယာ၊ လယ်ယာခင်းထဲမှာ စုဝေးပြီးသီးနှံရိတ်သိမ်းနေကြတဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာပါ။
“ဟိုဘက်ရွာမှာ စက် (ထော်လာဂျီ) နဲ့ သွားသယ်လာတာ။ ကျမ တို့ သွားသယ်တဲ့အချိန် သူများဒရုန်းနဲ့ ပစ်တော့ စက်ဘီး(ထော်လာဂျီ) ပေါက်သေးတယ်။ အခက်အခဲ တအားရှိတယ်။ ဒါပေမဲ့ ကျမတို့က ဗိုက်မငတ်နိုင်ဘူးပေါ့နော်။ ဗိုက်အစာအတွက်ပေါ့ ဒါမျိုးအခက်အခဲနဲ့ ပြန်ယူရတယ်လေ။” လို့ ဒီးမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသမီးတဦး က ပြောပါတယ်။
စစ်ကော်မရှင် သုံးတဲ့ ဒရုန်းများ
“သူတို့ သုံးတဲ့ ဒရုန်း ပျက်ကျတာ ကျနော်တို့ သွားထမ်းလာတာ လူ ၄ ယောက်ထမ်းတာတောင် တော်တော်လေးတယ်။ အသီးက ၈၀ တို့ ၁၂၀ တို့ လောက်နီးပါးကို ရှိတယ်။” လို့ တောင်ယာခင်းထဲမှာ သီးနှံရိတ်သိမ်းနေတဲ့ အရပ်သားတွေကို တိုက်ခိုက်ပြီး ပျက်ကျသွားတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းကို သယ်ယူခဲ့တဲ့ ဖရူဆိုမြို့နယ်က အရပ်သားတဦး က ပြောပြပါတယ်။
စစ်ကော်မရှင်တပ်ဟာ အဓိကအားဖြင့် ဒရုန်း အမျိုးအစား နှစ်မျိုး အသုံးပြုပြီး သီးနှံရိတ်သိမ်းနေတဲ့ အရပ်သားတွေကို တိုက်ခိုက်နေပါတယ်။ Multi-copter လို့ခေါ်တဲ့ Copter ဒရုန်းအမျိုးအစား နဲ့ Fixed-Wings Drone လို့ ခေါ်ပြီး ကာမီကာဇေ လို့ လူသိများတဲ့ အသေခံဒရုန်းတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံထုတ် ဒရုန်းတွေ ဖြစ်ပါတယ်။ အဲ့ဒီ ဒရုန်းတွေမှာ Anti-Jamming GPS တွေ တပ်ဆင်ထားပါတယ်။

Multi-copter အမျိုးအစားတွေဟာ ၁၆ ကီလိုဂရမ် အလေးချိန်ရှိပြီး ၆ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဗုံးသီးကို သယ်ဆောင်နိုင်ပါတယ်။ ၃ ကီလိုမီတာကနေ ၅ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်ပါတယ်။ Fixed-Wings Drone တွေကတော့ ကီလိုမီတာ ၂၀ ကနေ ၄၀ အထိ အကွာအဝေး ပျံသန်းနိုင်ပြီး ၁၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဗုံးသီးတွေကို သယ်ဆောင်နိုင်ပါတယ်။
အထက်ပါ ဒရုန်းတွေက စစ်ကော်မရှင်က အသုံးများတဲ့ ဒရုန်းတွေဖြစ်ပြီး ဒရုန်းအရွယ်အစားပေါ် မူတည်ပြီး ဝန်အလေးချိန် သယ်ဆောင်နိုင်မှု၊ အမြင့်ပေ ပျံသန်းနိုင်မှုက ကွာခြားနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒရုန်းဌာန၊ ဌာနမှူး 3D က ဆိုပါတယ်။
“အကောင်းဆုံး ကာကွယ်နည်းကတော့ ကျနော်တို့ အဲ့လိုနေရာတခုတည်းကို မဟုတ်ဘဲနဲ့ နည်းနည်းပြေးတဲ့ဟာမျိုး လုပ်သင့်တယ်။ သူနီးလာမှ ကိုယ်ပြေးမယ်ဆိုရင် ကိုယ့်ကို မြင်သွားနိုင်ချေရှိတယ်။ လုံခြုံတဲ့နေရာရှိရင်တော့ လုံခြုံတဲ့နေရာမှာ ပုန်းဖို့တော့ အကြံပေးချင်တယ်။ တကယ်လို့ လုံခြုံတဲ့နေရာမရှိဘူး ကွင်းပြင်ဖြစ်နေတယ်ဆိုရင်တော့ ဆက်တိုက် ဗုံးသီး မချမချင်း ကျနော်တို့ ပြေးနေတာက နည်းနည်းလေး ပိုပြီး ကာကွယ်နိုင်မယ်လို့ ထင်တာပေါ့နော်။ ဒါမှမဟုတ် ဒလက်သံ ကြားပြီဆိုရင်တော့ ဝပ်လိုက်တာတော့ အကောင်းဆုံးပဲပေါ့။ ဒရုန်းသံမဟုတ်ပဲနဲ့ ဒလက်သံ ကြားရပြီဆိုရင်တော့ မပြေးတော့ပဲ ဝပ်လိုက်တဲ့ဟာမျိုး၊ ကန်သင်းရိုးဘေးမှာ ဝပ်လိုက်တာမျိုး၊ ဒါမှမဟုတ် မြောင်းတို့ ဘာတို့ရှိရင် ဝပ်လိုက်တာမျိုးကတော့ ပိုပြီးတော့ လုံခြုံမှု ရှိမယ်လို့ ယူဆပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒရုန်းဌာန၊ ဌာနမှူး 3D က အကြံပြုထားပါတယ်။




