ခူးထွေးရယ်/ နန်းခမ်းကူ
မြူနှင်းတွေဖုံးလွှမ်းပြီး အေးချမ်းလှတဲ့ အောက်တိုဘာ မနက်ခင်းတခုမှာ လယ်ကွင်းထဲက သက်လတ်ပိုင်း လူငယ် လေးယောက်ဟာ အလျင်အမြန်နဲ့ ကောက်ရိတ်သိမ်းနေပါတယ်။
အပေါ်ကို မော့ကြည့်လိုက်၊ ဘေးဘီဝဲယာကို မကြာခဏ လှမ်းကြည့်လိုက်နဲ့ စိုးရိမ်ဟန်ပြကာ ရိတ်သိမ်း နေရပါတယ်။ ဘေးတဖက်စီမှာလည်း ရိတ်သိမ်းထားတဲ့ စပါးကောက်ထုံးလေးတွေကို စီရီစွာ မြင်တွေ့ရပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းနဲ့တွေ့ရင် စပါးရိတ်သိမ်းနေတဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးခံရလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်စွာနဲ့ ကောက်ရိတ်နေကြရတာပါ။
စစ်တပ်က အာဏာ သိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်နီပြည်မှာတော့ ယခုအချိန်ထိတိုင် သေနတ်သံတွေ ဖုံးလွှမ်းနေဆဲပါ။ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးလာမှုတွေကြောင့်၊ မြေပြင်မှာ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာတွေကြောင့် တောင်သူတွေရဲ့ လယ်ယာစိုက်ပျိုးနိုင်မှုနှုန်းဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာပါတယ်။
ဒါတွေတင် မကသေးပါဘူး။ အချိန်နဲ့အမျှ ပြောင်းလဲလာနေတဲ့ ဥတုရာသီဒဏ်ကိုလည်း တောင်သူတွေဟာ ထပ်ဆင့်ခံစားနေကြရပါတယ်။
“ရာသီဥတု ပြောင်းလဲမှုကြောင့် စစ်ရှောင်တွေက စိုက်ပျိုးရေးကို မလုပ်နိုင်ကြတော့ဘူး ။ မိုးကြီးတော့ လယ်တွေ၊ ယာတွေ ရေလွှမ်းမိုးမှုဖြစ်တယ် ။ လယ်ယာတွေပျက်စီးကုန်တယ် ။ စိုက်ပျိုးပြီးသား သီးနှံတွေလည်း ပျက်စီးကုန်တာပေါ့လေး ။ ဒါက စစ်ရှောင်တွေ တော်တော်များများရင်ဆိုင်ရတဲ့အခက်ခဲတွေပေါ့” လို့ လယ်စပါး စိုက်ပျိုးသူ စစ်ရှောင်အမျိုးသမီး တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ အတွင်း ကရင်နီပြည်အပါဝင် မြန်မာတနိုင်ငံလုံးမှာ ရေကြီးရေလျှံမှု၊ တောင်ပြိုမှုတွေအပြင် အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် စပါးစိုက်ခင်း ဧကများစွာ ရေမြုပ် ဆုံးရှုံးခဲ့ကြပါတယ်။
စစ်ဒဏ်အပြင် Climate Change (ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု) ဒဏ်ကို ခံစားနေရတဲ့ စစ်ရှောင်တွေဟာ နေ့စဉ်စားနပ်ရိက္ခာအတွက် ပူပန်နေကြရပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို ဦးစားပေး ကျွေးမွေးနေရပြီး အများအားဖြင့် ဆန်ပြုတ်သောက်ရတဲ့ နေ့တွေလည်း ဖြတ်သန်းနေကြရပါတယ်။
“အရင်က အလှူရှင်တွေရှိတော့ အဆင်ပြေခဲ့သေးတယ်။ အခုနောက်ပိုင်း ကြာလာတော့ အလှူရှင်တွေ မရှိတော့ဘူး။ ကိုယ့်ဟာကို ရုန်းကန်ရတာပေါ့။ တနေ့ တနေ့ လောက်ငှအောင် ဘာလုပ်ရမလဲ ဆိုတာပဲ စိတ်ပူနေရတာ။ တချို့နေ့ဆို ဆန်ပြုတ်ပဲသောက်ရတယ်။” လို့ စစ်ရှောင်နေရတဲ့ မိခင်တဦးက သက်ပြင်းချပြီး ရင်ဖွင့်ပါတယ်။
စပါးစိုက်တဲ့ အချိန်ထက် ရိတ်သိမ်းချိန်မှာ အချိန်ပိုယူရပြီး၊ အခုလိုစပါးရိတ်သိမ်းချိန်မှာ တိုက်ပွဲပိုဖြစ်လာတာကြောင့်အပြင်၊ စပါးရိတ်သိမ်းတဲ့ တောင်သူတွေကို စစ်တပ်က ဖမ်းဆီးပြီး သတ်လိုက်တာတွေ ရှိနေတဲ့အတွက်ကြောင့် ကြောက်ရွံ့နေရတာလို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။
လက်နက်သံတွေကြား စပါးရိတ်သိမ်းနေရတဲ့ တောင်သူတွေကို ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံ ၊မိုးဗြဲမြို့နယ် မှာ မြင်တွေ့ရပါတယ်။ မိုးဗြဲ၊ ဖယ်ခုံ ဘက်က ဒေသခံတွေဟာလည်း တောင်ယာစပါးနဲ့ သီးနှံမျိုးစုံကို စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြပါတယ်။

ယခင်က အေးချမ်းစွာ နေထိုင်ပြီး စပါးခင်း၊ သီးနှံမျိုးစုံ စိုက်ခင်းများနှင့် သဘာဝပန်းချီကားတချပ်သဖွယ် မြင်တွေ့ရတဲ့ မိုးဗြဲ၊ ဖယ်ခုံမြို့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာမက်တဲ့ လူတစုကြောင့် အကျည်းတန်ခဲ့ရပါတယ်။ ပြည်သူတွေရဲ့ အေးချမ်းလုံခြုံစိတ်ကို အကြောက်တရားအပြင် ငတ်မွတ်ခြင်းကို စစ်တပ်က စတင်မိတ်ဆက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။
ရှမ်း- ကရင်နီ နယ်စပ် ဖယ်ခုံ၊ မိုးဗြဲ စတဲ့ နေရဒေသတွေမှာ ဆန်စပါးတွေကို စိုက်ပျိုးနိုင်ဖို့ အတွက် မိုးဗြဲဆည်ဟာ သူတို့ ရဲ့ အသက်သွေးကြောလို့ ဆိုနိုင်ပါတယ်။ မိုးဗြဲဆည်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် တောင်သူတွေ မလိုအပ်တဲ့အခါ အဲ့ဒီဆည်ကိုဖောက်ချမှာလည်း စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ဒုတိယပတ်မှာပဲ စစ်တပ်က သူတို့ ထိန်းချုပ်ထားတဲ့ မိုးဗြဲဆည်ရေကာတာ ဖောက်ချလိုက်တဲ့အတွက် မိုးဗြဲ ဆည်အောက်ဘက်မှာ စိုက်ပျိုးထားတဲ့ တောင်သူတွေရဲ့ စပါးခင်း ဧကပေါင်း ၆၀၀ နီးပါး နစ်မြုပ်ပျက်စီးသွားခဲ့ပါတယ်။
၂၀၂၄ – ၂၅ ခုနှစ်အတွင်း ရာသီဥတုကြောင့်အပြင် တမင်ဖောက်ချလိုက်တဲ့ မိုးဗြဲဆည်ကြောင့် တောင်သူတွေဟာ ဧကထောင်ချီ စပါးခင်းတွေ ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။
တောင်သူလယ်သမားတွေ စပါးအတွက် ရေကို လိုအပ်နေကြတဲ့ အချိန်မှာ မိုးဗြဲဆည်ဟာ ရေတွေ အပြည့်အလျှံနဲ့ မလွတ်ပေးပါဘူး။ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ၊ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် မိုးဗြဲဆည်က ရေတွေဟာ ပေါက်ထွက်လာပါတော့တယ်။
ဥတုရာသီ ဖောက်ပြန်ပြောင်းလဲမှုအပြင် စစ်တပ်က မိုးဗြဲဆည်ကို ဖောက်ချလို့ ထောင်နဲ့ချီတဲ့ စပါးခင်းဧကတွေ ရေမြုပ်ပြီး တောင်သူတွေဟာ ဆုံးရှုံးမှု ကြီးမားစွာ ရင်ဆိုင်ခဲ့ကြရတာပါ။ သဘာဝဘေး အန္တရာယ်အပြင် လူလုပ်တဲ့ဘေးကိုလည်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ကို ရောက်ရှိလာတဲ့ အချိန်မှာတော့ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးနိုင်တဲ့ လယ်ယာ ဧက နှုန်းဟာ ၁၄ ရာခိုင်နူန်းအထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ကရင်နီပြည်နယ် မြို့နယ်(၅) မြို့နယ် (ဖယ်ခုံ၊ ဒီးဘောင်းခူ၊ နန်းမယ်ခုံ၊လွိုင်နန်းဖ၊ ကေးလျား) က ရတဲ့စာရင်းအရ စုစုပေါင်းစိုက်ပျိုးဧက (၃၆,၀၀၀) ကျော် ရှိပါတယ်။
သဘာဝဘေးဒဏ်နဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့်ပါ ပါမယ်ဆိုရင် ဧကပေါင်း (၅,၂၀၀)ကျော် လုံးဝဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာန က ဒုဌာနမှူး ဦးတင့်ဆွေ က ပြောပါတယ်။
ယခုနှစ်အတွင်းမှာ စိုက်ပျိုးရေးတွေ ကျဆင်းလာရခြင်းရဲ့ အဓိက အကြောင်းအရင်းကိုလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ စိုက်ပျိုးရေး ၊မွေးမြူရေး နှင့် ဆည်မြောင်းဌာန၊ ဒုဌာနမှူး ဦးတင့်ဆွေ က အခုလို ဆက်ပြောထားပါတယ်။
“အဓိက ကျဆင်းတဲ့အကြောင်းအရင်းကတော့ ပထမ တချက်တော့ အရင်နှစ်ကတော့ ရေလွှမ်းထားတော့ ဒီနှစ်လည်း ရေတချို့ ပြန်လွှမ်းတယ်လေး။ တချို့လည်း ပြန်လွှမ်းတယ်ဆိုတော့ အဲ့နေရာ စိုက်ပျိုးတဲ့ တောင်သူတွေက မစိုက်ကြတော့ဘူး။ မစိုက်ရဲကြတော့ဘူး ဘာဖြစ်လို့လဲဆိုတော့ တနှစ်ပြီး တနှစ် ဆုံးရှုံးမှုတွေ တအားများလာလို့ စိုက်ပျိုးဧက နည်းလာတယ်။ အဲ့တချက် ပါတယ်။ နောက်တခုက စစ်ကြောင်းထိုးလာတယ်။ နည်းနည်းလေး နီးစပ်လာတော့ တောင်သူတွေ မစိုက်ရဲကြတဲ့အပိုင်းလည်း ပါမယ်ပေါ့နော်။ ဒီနှစ်ချက်ကြောင့်ပဲ အဓိကတော့ စိုက်ဧက နည်းသွားတာပါတယ်” လို့ ဦးတင့်ဆွေက ပြောပါတယ်။

ယခုလို စိုက်ပျိုးမှုတွေ တဖြည်းဖြည်းနည်းလာတာကြောင့် စစ်ရှောင် တောင်သူတွေရဲ့ လာမယ့်နှစ် ဆန်စပါး စားနပ်ရိက္ခာ အခြေအနေ ဖူလုံနိုင်ဖို့အတွက်ဟာ စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။
တော်လှန်ရေးကာလအတွင်းမှာတော့ စစ်ရှောင်တွေဟာ အလှူရှင်တွေကို မျှော်ကိုးနေရတဲ့အပြင် တနိုင်တပိုင် ဖရုံ၊ သခွါး စိုက်ပျိုးရေးတွေကို ပြုလုပ်နေကြတာပါ။ တနိုင်တပိုင် စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပြန်လည်ရိတ်သိမ်းဖို့ လိုအပ်လာတဲ့အချိန်မှာ စစ်တပ်ရဲ့ ခြိမ်းခြောက်မှုဟာလည်း နေ့စဉ်နဲ့အမျှ ရှိနေပြန်ပါတယ်။
လက်ရှိ ကရင်နီပြည်မှာတော့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ ကောက်ယူထားတဲ့ စာရင်း အရ စစ်ရှောင် ဦးရေ ၂ သိန်းခွဲ ဝန်းကျင်နဲ့ စစ်ရှောင် စခန်းပေါင်း ၄၅၀ ဝန်းကျင်အထိ ရှိနေပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာန ၊ ဒုတိယ ဌာနမှုး ဦးတင့်ဆွေကတော့ လာမယ့် ၂၀၂၆ ခုနှစ်မှာတော့ ဆန်စပါး စားနပ်ရိက္ခာ အခြေအနေနဲ့ ပတ်သက်လို့ “ဒီလိုဆုံးရှုံးမှုတွေ များလာတာနဲ့အမျှ လာမယ့်နှစ်မှာ ကျနော်တို့ ပြည်သူတွေ စားနပ်ရိက္ခာ လုံလောက်နိုင်ဖို့အတွက် စိန်ခေါ်မှုကြီးကြီး ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။
ယခု လက်ရှိအချိန်ကတော့ စစ်ရှောင်တွေရဲ့ ဆန်စပါးတွေကို ရိတ်သိမ်းနေကြရတဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ အခုလို ရိတ်သိမ်းနေကြတဲ့ အချိန်မှာ သူတို့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဟာ စစ်ကော်မရှင်တပ်ရဲ့ ဝေဟင်ကလာတဲ့ ဒရုန်းတွေနဲ့ မြေပြင်က လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် အောက်တိုဘာ တလအတွင်းမှာ သေဆုံးသူ ၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး ရှိလာပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီပြုစုထားတဲ့ မှတ်တမ်းအရကတော့ ထိခိုက်ဒဏ်ရာရသူ ၁ ဦး ထပ်ရှိလာပါတယ်။ ဒီလိုခြိမ်းခြောက်မှုတွေကို ကရင်နီစစ်ရှောင်တောင်သူတွေက နေ့စဉ် ရင်ဆိုင်နေရဆဲပါ။
စပါးသိမ်းနေချိန်မှာ စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့အကြောင်း စပါးစိုက်ပျိုးတောင်သူ ဒေသခံ အမျိုးသားတဦးဖြစ်တဲ့ ဦးနျားရယ် က ပြောပြပါတယ်။
“ရာသီဥတုကြောင့်လို့ပဲ ပြောရမလား။ မိုးတွေ တောက်လျှောက်ရွာတော့ ရိတ်လည်း ရိတ်သိမ်းခဲ့ပြီးပြီ ခုတော့ ပြန်လှန်းဖို့လည်း နေလည်းမပူတဲ့ အခါကျတော့ ကျနော်တို့တွက် စိန်ခေါ်မှုတခုလို့ ပြောလို့ရတယ်။ လုံးဝ နေမပူပေးတဲ့ အခါကျတော့ စပါးတွေ ပျက်စီး သွားတာတွေလည်း ရှိတယ်” ဦးနျားရယ် က ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကို ခံနေရတဲ့အပြင် သဘာဝဘေးရဲ့ ဒဏ်ကိုလည်း ပြိုင်တူ ခံစားနေကြရပါတယ်။ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် ရရှိလာတဲ့ စပါးတွေကို အခြောက်လှန်းရတဲ့ အခါမှာ စိန်ခေါ်မှု တခုနဲ့ ထပ်မံ ကြုံတွေ့ ကြရပြန်ပါတယ်။
ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကို ကာကွယ်ဖို့ သစ်ပင်များကို စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းအပြင် ဆန်စပါးများကို သိုလှောင်ခြင်း၊ ဒေသမျိုးရင်းများကို ထိန်းသိမ်းခြင်းများ လုပ်ဆောင်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လေ့လာသုံးသပ်သူက အခုလို ပြောပါတယ်။
“ဥတုရာသီ တောကိုမှီ” ဆိုသလို သစ်ပင်တွေစိုက်ပျိုး ထိန်းသိမ်းရမယ်။ ဒီရာသီဥတုကြောင့်ပဲ လူသားတွေရဲ့ စားနပ်ရိက္ခာက ဖူလုံမှုတွေ ကျဆင်းလာတယ်။ သစ်ပင်စိုက်ရင်လည်း ရောင်းဖို့မဟုတ်ပဲ ရေရရှိနိုင်မယ့် အပင်များကို များများစိုက်ပျိုးရမယ်။ တဦးချင်းစီက စပြုပြင်ပြောင်းလဲရင် ပိုကောင်းမွန်လာနိုင်ပါတယ်” လို့ ဆိုပါတယ်။
စစ်ဘေးနဲ့ သဘာဝဘေးကြားမှာ မြေစာပင်အဖြစ် ရှင်သန်နေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ငြိမ်းချမ်းခြင်းနှင့် တရားမျှတမှုများကို တောင့်တကြတဲ့အပြင် ငတ်မွတ်ခြင်းနဲ့ ဝေးရာဆီပြေးဖို့ နေ့စဉ်ဆုတောင်းမိကြသူတွေချည်းပင် ဖြစ်ပါတယ်။
“စစ်ဆိုတာကြီးလည်း ပြီးဆုံးစေချင်ပြီ။ ငတ်ခဲ့ရတဲ့ နေ့တွေလည်း ကုန်လွန်စေချင်ပြီ။ စိတ်ဒဏ်ရာတွေ၊ ကြောက်စိတ်တွေနဲ့ မနေချင်တော့ဘူး” လို့ စစ်ရှောင်အမျိုးသမီးက ဆို့နင့်နေဟန်ဖြင့် ဆိုပါတယ်။




