spot_img
15.5 C
Loikaw
Monday 15, December 2025
spot_img
Homeဆောင်းပါး“အရောင်စုံကြားက ဝီလျှံ ရလိုက်တဲ့ အဖိုး ဦးထုပ်”

“အရောင်စုံကြားက ဝီလျှံ ရလိုက်တဲ့ အဖိုး ဦးထုပ်”

-

ကန္တာရဝတီတိုင်း (မ်)

အင်မတန်အေးလှတဲ့ ဆောင်းတွင်းရဲ့ မနက်နဲ့ညတွေမှာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ကျနေတဲ့ ဝီလျှံ တို့ တော်လှန်ရေးရဲဘော်တသိုက်ဟာ အအေးဒဏ်ကို အံကြိတ်ပြီး ခံနေကြရပါတယ်။ အပူချိန် ၁၀ ဒီဂရီအောက် ရောက်နေတဲ့ ဒီဇင်ဘာလ အစောပိုင်းနေ့ရက်တွေမှာ အနွေးထည်တွေ မပြည့်မစုံနဲ့ ဖြတ်သန်းနေကြတာပါ။

“စောင်မရှိတော့ တူတူ ပူးကပ်ပြီးဖက်အိပ်ရတဲ့ ဟာတွေလည်းရှိသေးတယ်”

ရှေ့တန်းမှာ ကင်းတာဝန်ယူနေတုန်းက ခံစားရတဲ့ အအေးဒဏ်ကို ဝီလျှံ တယောက် ပုံမဖော်တတ်ပါ။ ဒါပေမဲ့ အရင်ကအိမ်မှာနေရစဉ် စောင်အထူကြီးအောက်မှာ နွေးနွေးထွေးထွေး အိပ်ခဲ့ရတဲ့ ခံစားချက်ကိုတော့ သူ လွမ်းလာပါတယ်။

မနက် ၁ နာရီဝန်းကျင် ရောက်လာပြီဆိုတာနဲ့ ကတုတ်ကျင်းထဲက မြေသားမျက်နှာပြင်က အအေးရိုက်တာမို့ သစ်ရွက်ထူထူ ခင်းအိပ်လည်း မထူးတော့တာပါ။ ကျင်းမှာ ဝီလျှံ ကြိုးစားပြီးအိပ်ပေမဲ့ အိပ်မပျော်နိုင်လို့ ပုခက်ချည်ပြီး အိပ်ပါတယ်။

စစ်စိမ်းရောင် ပုခက်ထဲဝင်ပြီး ခန္တာကိုယ်ကို ပတ်ထားလိုက်တာက ဝီလျှံ အတွက် အနွေးဓာတ်တခု ရတယ်လို့ ပိုခံစားစေရလို့ပါ။

“ကတုတ်ကျင်း မြင်ကွင်းမရှင်းရင် အပြင်ထွက်(ကင်း)စောင့်တာရှိတော့ လေစိမ်းတွေ တိုက်တယ်ရော။ အဲ့လေစိမ်းကတဆင့် လေ တချက်တချက် တိုက်တာဆိုရင် လုံးဝချမ်းတုန်သွားတဲ့မျိုး။ နကိုယ်(ခန္ဓာကိုယ်) က တုန်ခါသွားတဲ့မျိုး ဖြစ်ကုန်တယ်။” လို့ ဝီလျှံ က ပြောပါတယ်။

မြူတဖွေးဖွေး ဆက်တိုက်ကျလာတဲ့ မနက်ခင်းဘက်ရောက်ပြန်ရင်လည်း ပုခက်ဘေးမှာ ချွတ်ထားတဲ့ ဘွတ်ဖိနပ်က စိုနေပြန်ပါတယ်။ မနက်ခင်း အိပ်ယာထတာနဲ့ အရင်ဆုံး အနွေးဓာတ်ကို နားကနေတဆင့်ရလာအောင် နားပွတ်ပေးရတာလည်း ဝီလျှံ တို့ ရဲဘော်တွေရဲ့မနက်ခင်းဖြစ်စဥ်ထဲကတခုလို ဖြစ်နေပါပြီ။

အသက် ၂၃ ပြည့်တာ မကြာသေးတဲ့ ဝီလျှံ ကတော့ စစနောက်နောက်ပါပဲ။

သူတို့က ကင်းချိန်းရင် အမောပြေကြည့်ဖို့ဆို တစ်တော့ (TikTok) ကနေ ဗီဒီယို အတိုလေးတွေ ကို လိုင်းရတုန်းက ကြိုကြိုပြီး ဒေါင်းထားကြလေ့ရှိကြပါတယ်။ အဲ့ဒီညက ဝီလျှံ ကြည့်နေတဲ့ ဗီဒီယိုထဲမှာ ဦးထုပ်အနွေးအကြောင်း သူများပြောနေတာတွေပါလာတော့ သူ့ရဲ့မသိစိတ်က နားကနေတဆင့် တုံ့ပြန်ပြီး ပိုအေးလာနေသလို ခံစားလာရပါပြီ။ ဘေးက သူငယ်ချင်းကိုလည်း သူ လှမ်းပြလိုက်တယ်။

“ ငါတို့လည်း ဦးထုပ်ရခဲ့ရင်ကောင်းမှာပဲနော်” လို့ ဝီလျှံ တို့ အချင်းချင်း တီးတိုးပြောခဲ့ကြပါတယ်။

အဲ့ဒီညက သာမန်ညတွေလိုပဲ စစ်ရေးကလည်း မထူခြားသလို သွားချင်းထိအောင် တခိုက်ခိုက်တုန်တာနဲ့ပဲ သူတို့ဖြတ်သန်းခဲ့ကြရပြန်ပါတယ်။

နောက်တနေ့မနက် ရောက်လာတော့ ဝီလျှံ နဲ့ သူငယ်ချင်းတွေ ဆုတောင်းပြည့်ခဲ့ပါပြီ။

ခရမ်း​ရောင် ဦးထုပ်၊ အပြာ​ရောင် ဂျာကင်ကို၀တ်ဆင်ထားတဲ့ ဝီလျှံ နဲ့ အ​ရောင်စုံဦးထုပ်​တွေကို ကိုယ်စီ ၀တ်ဆင်ထားကြတဲ့ သူ့ရဲ့ ရဲဲဘော်ရဲဘက်တွေကို ​တွေ့ရစဥ်

ထမင်းထုပ်လာပို့နေကျ ကားမှာ ဝီလျှံ နဲ့ သူငယ်ချင်းတွေ ညက တတွတ်တွတ်နဲ့ပြောနေတဲ့အရာ ပါလာခဲ့တယ်။ သူ မဆိုင်းမတွ ပြေးသွားကြည့်လိုက်တော့ သူငယ်ချင်းတယောက်က ကားထဲကနေ ကျန်ကျောင်းအိတ် (ပလပ်စတစ်) တလုံးကို ဆွဲထုတ်ပြီး ဝီလျှံ ကို ပေးလိုက်ပါတယ်။

“ဟား… ဦးထုပ်တွေ” မြောက်အုန်းသီးရသလိုပဲ သူတို့တဖွဲ့ ပျော်ရင်းရယ်ရင်း ပြောနေခဲ့ကြတယ်။

အပူချိန် ၁၀ ဒီဂရီ အောက်ရောက်နေတဲ့ နေ့တွေကနေ ရုတ်တရက် သူတို့ ကယ်တင်ခံလိုက်ရသလိုပါပဲ။

“ဦးထုပ်တွေတော့ ရောင်စုံပဲ” ဝီလျံတယောက် အိတ်ကိုဖွင့်ကြည့်လိုက်တော့ အရောင်တွေကလည်း စုံစုံလင်လင် ပါပါတယ်။ ဒါပေမဲ့ အခုခေတ်လူငယ်တွေ ဆောင်းနေတဲ့ ဦးထုပ်အမျိုးအစားတွေတော့မဟုတ်ပါဘူး။

သူတို့အဖွဲ့က ဦးထုပ်ကိုကြည့်လိုက် တယောက်မျက်နှာတယောက် ကြည့်လိုက်နဲ့ အော်ရယ်လိုက်ကြတယ်။ အိတ်ထဲမှာပါတာကတော့ ကလေးဆောင်း ဦးထုပ်၊ ရွာက အဖိုး၊ အဖွားတွေကို ဆောင်းတွင်းမှာ ပေးဆောင်းနေကျ ဦးထုပ်တွေပဲ ပါလာတာပါ။

“ကျနော်မျှော်လင့်ထားတာက အရောင်တူ၊ ဆိုဒ်တူမလားလို့လေး” ဝီလျှံ က ရယ်နေပေမဲ့ တယောက်ချင်းရဲ့ အကြိုက်ကို ရွေးချယ်လို့မရတော့တာမို့လို့ ဦးထုပ်ကို မဲစနစ်နဲ့ ခွဲယူရပါမယ်။

သူက ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် ၇ က တပ်စုမှူးဖြစ်တဲ့အလျောက် မဲခွဲတာကိုလည်း သူဦးဆောင်ရတော့တာပေါ့။ မဲခွဲပေးပြီး တခြားအရောင်တွေကို သူ့ ရဲဘော်ရဲဘက်တွေ အကုန်ရပြီးနောက် နောက်ဆုံးတလုံးပဲ ကျန်ပါတော့တယ်။ သူတို့ ထပ်အော်ရယ်ကြပြန်တယ်။

တပ်စုမှူးဖြစ်တဲ့ ဝီလျှံ အတွက် ကျန်နေတာက ချည်ထိုးကွက်ကကြဲနေတဲ့ ခရမ်းရောင် ချည်ထိုးဦးထုပ် တလုံးပါ။ ဝီလျှံ ပြောပြောနေတဲ့ သူရလိုက်တဲ့ အဖိုးဦးထုပ်ပေါ့။

“ကျနော့်ဟာတော့ အဖိုး၊ အဖွားဆောင်းတဲ့ ဦးထုပ်မျိုးရတော့ တယောက်နဲ့ တယောက် ဝိုင်းရယ် ကြတာ” လို့ ဝီလျှံ က ပြောပါတယ်။

အဲဒီနေ့ သူတို့စားရတဲ့ မနက်စာကတော့ ထုံးစံအတိုင်းပါပဲ။ ထမင်း အေးအေး၊ မုန်ညင်းရွက် အရည်ပြန်ကြော်နဲ့ စားရတာပေါ့။ ဒါပေမဲ့ မဲနိုက်တုန်းက ရထားတဲ့ ဦးထုပ်ကို ခေါင်းမှာဆောင်းထားကြတော့ ထမင်းက နွေးနေသလို ခံစားရပါတယ်။

ထမင်းစားပြီးတော့ ထုံးစံအတိုင်းပဲ ရှေ့တန်းက အလုပ်တာဝန်ကိုထမ်းဆောင်ဖို့ သူတို့နေရာအသီးသီးမှာ ပြန်သွားကြတယ်။

သာမန်ရက်နဲ့ ကွာသွားတာကတော့ ဝီလျှံ နဲ့ ရဲဘော်ရဲဘက်တွေ ဟာ ခေါင်းပေါ်မှာ အရောင်စုံ ဦးထုပ်တွေကိုယ်စီဆောင်းထားကြတာပါပဲ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ