spot_img
18.4 C
Loikaw
Sunday 14, December 2025
spot_img
Homeဆောင်းပါး“အကြောက်တရားနဲ့ မဲပေးရတော့မယ့် စစ်ကော်မရှင်ထိန်းချုပ်မှုအောက်က ကရင်နီဒေသခံများ...”

“အကြောက်တရားနဲ့ မဲပေးရတော့မယ့် စစ်ကော်မရှင်ထိန်းချုပ်မှုအောက်က ကရင်နီဒေသခံများ…”

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့

“မဲပေးခြင်းက ပြောင်းလဲမှုကို ကြုံမယ်လို့ မယုံကြည်ဘူး။ အခုတောင်မှ အရင်ခေတ်ကလိုမျိုး အာဏာရှင်စနစ်တွေကို ပြန်ခံစားနေရပြီ အကောင်ကြီးကြီး (ရာထူးကြီးသူ၊ အာဏာရှိသူ ) မြင်ရင် ကြောက်နေရတယ်။” လို့ အသက် ၂၇ နှစ်အရွယ် လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက မဲပေးရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

သူမကတော့ လွိုင်ကော်မြို့တွင်းမှာ ဈေးရောင်းတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေပြီး ရွေးကောက်ပွဲက နေ့စဉ်စားဝတ်နေရေးလောက် အရေးမကြီးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ကိုယ်ပေးလိုက်တဲ့ မဲတပြားကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကျော်လွှားပေးနိုင်မယ်၊ ဒါမှမဟုတ် အမှန်တကယ်ကောင်းမွန်တဲ့ နိုင်ငံရေးအပြောင်းအလဲ တခုခု ရှိလာမယ်ဆိုတာကိုတော့ အယုံကြည်မရှိဘူးလို့ ဆက်ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးကပ်လာပေမယ့် ကရင်နီဒေသခံ လူထုတွေကတော့ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြပါဘူး။ စစ်ကော်မရှင် လက်လှမ်းမမီတဲ့ နေရာဒေသက ပြည်သူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားကြပေမယ့် ၊ စစ်ကော်မရှင် ထိန်းချုပ်တဲ့ လွိုင်ကော်မြို့နေ လူထုတွေကတော့ အမျိုးမျိုးသော ဖိအားတွေကြောင့် မဖြစ်မနေ မဲ ပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။

လွိုင်ကော်မြို့မှာ စစ်ရဲ့အကျိုးဆက်ကြောင့် ပစ္စည်းဥစ္စာ၊ နေအိမ် အားလုံးပျက်စီးဆုံးရှုံးသွားတဲ့ သူတွေရှိပြီး သူတို့ဟာ ရရာအလုပ် လုပ်ကိုင်ရင်း အသက်ရှင်သန်နိုင်ဖို့ ရုန်းကန်ရပါတယ်။

လွိုင်ကော်မြို့ဟာ ကရင်နီပြည်ရဲ့ မြို့တော်ဖြစ်ပြီး စစ်ကော်မရှင် အုပ်ချုပ်ရေးစနစ် လည်ပတ်တဲ့ မြို့တမြို့ပါ။ မြို့တွင်းမှာတော့ မြို့အင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ တက္ကသိုလ်တွေ ၊ အခြေခံကျောင်းတွေ ၊ မြို့မဈေး နဲ့ အထင်ကရ လည်ပတ်စရာ နေရာတွေကို စစ်ကော်မရှင်ရဲ့ ဌာနဆိုင်ရာတွေကနေ ဆောင်ရွက်နေပေမယ့်လည်း မြို့အဝင်အထွက်က စစ်ဆေးရေးဂိတ်တွေမှာ တင်းကြပ်မှု ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်သွားကြတဲ့ လူထုတွေဟာ လွိုင်ကော်မြို့တွင်းကို ပြန်လာနေထိုင်ကြသူတွေလည်း များလာပါတယ်။ ၂၀၂၅ ခုနှစ် မတ်လမှာ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့နေရာတွေမှာ သူတို့ ကောက်ယူထားတဲ့စာရင်းအရ လွိုင်ကော်မြို့နယ်မှာ လူဦးရေ နှစ်သောင်းကျော် ( ၂၃၈၄၈ ) ဦး ရှိပါတယ်။

ရွေးကောက်ပွဲအပေါ် လွိုင်ကော်မြို့ခံတွေရဲ့ သဘောထားများ

စစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမပါပဲ မဲထည့်ရမှာ စိုးရိမ်တဲ့အပြင် စစ်တပ်အုပ်ချုပ်ရေးအောက်မှာ မနေလိုတဲ့အတွက် လွိုင်ကော်မြို့ကို မပြန်သေးဘူးလို့ ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ရှောင်နေတဲ့ အသက် ၃၀ အရွယ် လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပြည်သူလူထု တစ်ယောက်အနေနဲ့ ဒီရွေးကောက်ပွဲကို အယုံကြည်မရှိသလို လွိုင်ကော်ပြန်ပြီး မဲပြန်ထည့်မှာလည်း မဟုတ်ပါဘူး။” လို့ သူမက ပြောပါတယ်။

အောက်တိုဘာလအတွင်းမှာ ရိုက်ကူးထားတဲ့ လွိုင်ကော်မြို့တွင်းကို မြင်တွေ့ရစဉ် ( ဓါတ်ပုံ – Ko Sai )

ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပါတီတချို့က ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားလုပ်ဆောင်နေကြပေမယ့် မြို့ခံအများစုဟာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြဘူးလို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“သွားတဲ့သူတွေကိုတော့ ဆန်၊ဆီ ဝေတယ်။ အင်္ကျီတွေ ဝေတယ်တဲ့။ သူတို့က ရပ်ကွက်တွေရဲ့ မူကြိုကျောင်းတွေမှာ ဟောပြောပွဲလုပ်တာ လူစုလူဝေးလုပ်လို့ရတဲ့ ဖူဆယ်ဘောလုံးကွင်းတို့ အိမ်အောက်ထပ်တို့ပေါ့။ ကြံ့ဖွတ်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကပဲ ပိုလုပ်တာ တွေ့တယ်။” လို့ သူက ပြောပါတယ်။

မဲဆွယ်စည်းရုံးရေးလုပ်တဲ့ မှတ်တမ်းပုံတွေအရ လာရောက်သူတွေက စစ်တပ်အသိုင်းအဝန်း ၊ တပ်မိသားစု ၊ ဝန်ထမ်းတချို့တွေ ဖြစ်ပြီး လူဦးရေ အများဆုံး (၅၀) ဝန်းကျင်သာ ရှိတာကို တွေ့ရပါတယ်။ မဲဆွယ်ပွဲ လာရောက်သူတွေကို ဆန် ၊ ဆီ ၊ အင်္ကျီပေးဝေတာ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP ) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ) ဖြစ်တယ်လို့ သွားရောက်ပါဝင်ခဲ့သူတွေက ပြောပါတယ်။

မဲမထည့်သူကို စစ်ကော်မရှင်က ဘယ်လိုအရေးယူမလဲ

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြို့ပေါ်မှာတော့ လက်နက်ကိုင်ခြိမ်းခြောက်ပြီး ပြည်သူလူထုတွေကို ဖိအားပေးမဲထည့်ဖို့ လုပ်ဆောင်တာ မရှိပေမယ့် တခြားနည်းလမ်းတွေနဲ့ ဖိအားပေးနေတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

”မပေးပဲတော့ မနေရဲဘူး။ ထောင်သုံးနှစ်ချမယ်လို့ ပြောနေကြတာပဲ။ ဘယ်ပါတီပေးပေး သိပ်ထူးစရာတော့ မရှိပါဘူး။” လို့ အဆိုပါ မြို့ခံတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်ရက်မှာ မဲလာမပေးပါက ရွေးကောက်ပွဲ ဟန့်တားနှောက်ယှက်တဲ့ ဥပဒေနဲ့ ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတချို့လည်း ကြားနေရတယ်လို့ အဆိုပါ မြို့ခံက ဆက်ပြောပါတယ်။

ဒါကတော့ ပြည်သူတွေကြား ကောလဟာလတွေအဖြစ် ပြန့်နှံ့နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖိအားပေးခြိမ်းခြောက်မှုတွေပါ။

တဖက်မှာလည်း ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်ရေး ဟန့်တားမယ့်သူတွေ မရှိစေဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးအပါအဝင် ၅ ဦးကို စစ်မကော်ရှင်က ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ ( က ) နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူခဲ့ပါတယ်။

“ဖမ်းခံရတဲ့ ကောင်လေးတွေက ထောင် ၈ နှစ်ကျသွားတယ်။ ပိုက်ဆံလိုက်ရတယ် မလိုက်ရင် ပိုဆိုးနိုင်တယ်ဆိုလို့ ညစ်လိုက်တာပေါ့။ ဖမ်းခံရတဲ့သူတွေကို ဆွဲစိလိုက်တယ်။ ပိုက်ဆံလိုက်တဲ့ ကလေးကိုတော့ တပ်ထဲမပို့ဘူး ထောင်ချလိုက်တယ်။” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့တွင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရမှာကို ကြောက်လန့်နေကြတဲ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောဆိုဖို့ကို မဝံ့ရဲကြပါဘူး။ ဒါ့အပြင် အသွားအလာကို သတိထားနေရသလို အပြောအဆိုကိုလည်း ဆင်ခြင်ရတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

မြို့ခံမဟုတ်သူတွေဆီက မဲ ရဖို့ စစ်ကော်မရှင် ဘယ်လိုလုပ်နေသလဲ။

လက်ရှိမှာတော့ လွိုင်ကော်မြို့တွင်းမှာ မြို့ခံအပြင် တခြားမြို့နယ်တွေကနေ လာရောက်တိမ်းရှောင် ကြသူတွေကိုလည်း မဲပေးရမယ့် စာရင်းထဲ ထည့်သွင်းထားပါတယ်။ ဖားဆောင်း ၊ ဘောလခဲ ၊ မော်ချီး ၊ ရှားတော စတဲ့ မြို့နယ်တွေကနေ လာရောက် စစ်ဘေးရှောင်ကြတဲ့ ပြည်သူတွေဆီက မဲရရှိဖို့အတွက် လွိုင်ကော်မြို့မှာ နေထိုင်ပါက ယာယီနေထိုင်ခွင့်လျှောက်ခိုင်းသလို မိမိဆန္ဒနဲ့ မဲပေးလိုကြောင်းကိုလည်း စာရင်းဖြည့်စေပြီးမှ နေထိုင်ခွင့်ရတယ်လို့ ဆိုပါတယ်။

“ပြန်ဝင်တဲ့ သူအကုန်လုံးက သူတို့က အဆင်သင့် မဲနာမည်ပါပြီးသား။ လာတဲ့သူဆို နာမည်စာရင်းတွေ ကောက်တယ်။ မိသားစု လူဦးရေတွေ သူတို့ ကောက်တယ်။ ဓာတ်ပုံမှတ်တမ်းတွေ ယူပြီးတော့ တခါတည်း မဲအတွက် သူတို့ ဆွယ်ထားပြီးသား။ ယာယီနေထိုင်ခွင့် မလျှောက်ရင်လည်း နေလို့မရဘူး” လို့ ဖားဆောင်းမြို့နယ်ကနေ လွိုင်ကော်မြို့ကို လာရောက်စစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲကာလမှာ ပဋိပက္ခတွေ ပိုတိုးလာနိုင်

ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုများလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ယခု ရွေးကောက်ပွဲပြုလုပ်မယ့် လအတွင်းမှာပဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအုပ်စုက စစ်ရှောင်စခန်းတစ်နေရာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာ ၇ ရက်နေ့ ညပိုင်းမှာ ဒီးမော့ဆိုအနောက်ခြမ်းက နေရာ ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီနေရာတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာမဟုတ်သလို စစ်ဘေးတိမ်းရှောင်ကြတဲ့ နေရာတွေသာ ဖြစ်ပြီး စစ်ကော်မရှင်က အကြောင်းမဲ့တိုက်ခိုက်ခဲ့တာပါ။ အဆိုပါ နေရာတွေဟာ လွိုင်ကော်မြို့နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

“လေယာဉ်က စစ်ရှောင်တဲ့နေရာတွေဖက်ကို ဗုံးလာကြဲတယ် ခနခဏကြုံတွေ့နေရတယ်။ မထူးဆန်းတော့ဘူး။ မကြောက်ဘူးလားဆိုတော့ ကြောက်တာပဲလေ။ ဗုံးခိုကျင်းထဲပဲ အားကိုးရတာပေါ့” လို့ ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့၊ ငွေတောင်အခြေစိုက် ခလရ ( ၁၀၂ ) တပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေတာကြောင့် လူထုတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။

တပ်မြို့လို့တင်စားကြတဲ့ ဘောလခဲမြို့ က ရွေးကောက်ပွဲ အခြေအနေ

လွိုင်ကော်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းမှာရှိပြီး စစ်တပ်မြို့လို့ ဒေသအခေါ်ရှိတဲ့ ဘောလခဲမြို့ကိုလည်း စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားပါတယ်။ လွိုင်ကော်မြို့နဲ့ မိုင် ၃၀ ကျော် အကွာအဝေးမှာရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဘောလခဲမြို့နယ်မှာ လူဦးရေ ( ၈၄၈၀ ) ရှိပြီး အိမ်ခြေ ၁, ၅၀၀ ကျော် ရှိပါတယ်။

ဘောလခဲမြို့နယ်မှာ စစ်တပ်ရဲ့ ဗျုဟာတပ်ရှိပြီး တပ်စခန်းတွေလည်း များပြားတာကြောင့် စစ်တပ်နဲ့ ပတ်သက်နေတဲ့ မိသားစုအသိုင်းအဝန်း ၊ ထောက်ခံသူအုပ်စု ၊ ဌာနဆိုင်ရာဝန်ထမ်း တွေက အများဆုံး နေထိုင်ကြပါတယ်။

ဒေသတွင်း တိုက်ပွဲတွေအပြင် ကုန်စည်လမ်းကြောင်းမရောက်ရှိသလို စားဝတ်နေရေးကို ရုန်းကန် ရှာဖွေစားသောက်နေရတဲ့ ဘောလခဲမြို့ခံအများစုက နေရပ်ကိုစွန့်ခွာပြီး တခြားနေရာတွေမှာ တိမ်းရှောင်နေထိုင်ကြပါတယ်။ လက်ရှိ မြို့ပေါ်မှာ လူဦးရေ ၂၀၀ ဝန်းကျင် ကျန်ရစ်ပြီး စစ်တပ်မိသားစုဝင်၊ တပ်အသိုင်းအဝိုင်း ၊ ဝန်ထမ်း နဲ့ ဒေသခံ တချို့သာရှိတယ်လို့ တိမ်းရှောင်လာတဲ့ မြို့ခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

လူဦးရေ ရာဂဏန်းသာ ရှိတဲ့ မြို့မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ( ၁ ) အတွက် ဘောလခဲမြို့က ပါဝင်နေတာပါ။ တရားမျှတပြီး လွတ်လပ်တဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့ စစ်ကော်မရှင်က ကြေညာနေပေမယ့် ဒါဟာ နိုင်ငံရေးလှည့်ကွက်ဖြစ်သလို အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ ဘောလခဲ မြို့ခံ လူငယ် အမျိုးသမီးတစ်ဦးက အခုလို သုံးသပ်ပါတယ်။

“ဘောလခဲမှာ ဘယ်သူတွေများ ကျန်ရှိနေအုံးမလဲပေါ့ တော်တော်များများက စစ်ဘေးတိမ်းရှောင် နေကြရတယ်လေး။ သူတို့တွေ ဘယ်လို မဲပေးလို့ ရမလဲပေါ့။ ဒါက လုပ်ကွက်တစ်ခုပဲ။ နိုင်ငံရေးကို တရားဝင်ပုံစံနဲ့ အကွက်ရွေ့ ကစားနေတယ်လို့ မြင်တယ်။”လို့ သူမက ပြောပါတယ်။

ဘောလခဲမြို့ပေါ်မှာ တစ်ကြိမ်တစ်ခါမျှ တိုက်ပွဲမဖြစ်ဖူးပေမယ့် စစ်တပ်ရဲ့အုပ်ချုပ်မှုမှာ မလုံခြုံဘူးလို့ ခံစားရသလို အကြောက်တရားနဲ့ပဲ ရှင်သန်ရတာကြောင့် တိမ်းရှောင်ဖို့ ရွေးချယ်ခဲ့တယ်လို့ အသက် ၄၀ အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီလိုအခြေအနေမှာ လူထုအသံကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲလို့ ခေါင်းစဉ်တပ်တာဟာ မှန်ကန်မှု မရှိသလို နိုင်ငံတကာမှာ အသိအမှတ်ပြုခံရအောင် ဟန်ပြတစ်ခုသာ ဖြစ်တယ်လို့ အဆိုပါ အမျိုးသားက ဆိုပါတယ်။

ဘောလခဲမြို့တွင်းမှာတော့ မည်သည့်ပါတီကမှ မဲဆွယ်စည်းရုံးတာ မရှိသလို မဲပေးတာဖြစ်စေ ၊ မဲမပေးတာဖြစ်စေ လူထုတွေအပေါ် တစ်စုံတစ်ရာ ပြောင်းလဲသွားမှာ မဟုတ်လို့ ပုံမှန်အနေအထား တခုလို ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့က ဗဟိုဈေးမှာ ရွေးကောက်ပွဲစည်းရုံးရေး စာသားဖြစ်တဲ့ “ဒို့အတူ မဲပေးကြဖို့ ” လက်ကမ်းစာစောင်ကို ပြန်ကြားရေးဝန်ထမ်းတွေက ဖြန့်ဝေစဉ် ( ဓါတ်ပုံ – ပြန်/ဆက် )

စစ်ကော်မရှင် ရွေးကောက်ပွဲကျင်းပမဲ့ နေရာများ..

စစ်ကော်မရှင်က ကရင်နီပြည်ရဲ့ မြို့နယ် ၄ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့ ဒါဟာ ကရင်နီပြည် မြို့နယ်ရဲ့ ထက်ဝက် ဖြစ်ပါတယ်။ စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုနိုင်တဲ့ လွိုင်ကော် နဲ့ ဘောလခဲ မြို့နဲ့ မြို့တွင်းနေရာအနည်းအကျဉ်းကိုသာ ထိန်းချုပ်ထားနိုင်တဲ့ ဖရူဆိုမြို့ပေါ်နဲ့ ဒီးမော့ဆိုမြို့ပေါ် တွေ ဖြစ်ပါတယ်။

စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ( ၁ ) အတွက် လွိုင်ကော် ၊ ဘောလခဲ ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် အပိုင်း ( ၂ ) အတွက် ဖရူဆို ၊ ဒီးမော့ဆို စတဲ့ မဲဆန္ဒနယ်တွေကို ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပေမယ့် မြို့နယ်တစ်ခုလုံးမှာ လုပ်နိုင်တာမဟုတ်ဘဲ စစ်တပ်အခြေစိုက်ရာ စခန်း ၊ ထိန်းချုပ်နိုင်တဲ့ ဧရိယာအတွင်းမှာသာ ပြုလုပ်နိုင်မှာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်စာအရ ကရင်နီက ကျေးရွာအုပ်စု ( ၅၁ ) ခုမှာ ရွေးကောက်ပွဲပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

လွိုင်ကော်မြို့နယ်မှာဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပါလောင်း နဲ့ တီးလုံကျေးရွာ အုပ်စုကလွဲလို့ ကျန်တဲ့နေရာအားလုံးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ ၂၆ အုပ်စု ၊ ဖရူဆိုမြို့နယ်မှာ ၂၃ အုပ်စု ၊ ဘောလခဲမြို့နယ်မှာ (၁၀) အုပ်စု မှာ ရွေးကောက်ပွဲပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ၂၀၂၄ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ကရင်နီပြည်မှာ လူဦးရေ ၃ သိန်း ဝန်းကျင်ရှိပြီး အဲ့ဒီထဲ ၁၂.၉ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ သုံးသောင်းကျော်စာရင်းကို ကောက်ယူထားပါတယ်။

ကရင်နီပြည်မှာ မြို့နယ် ၇ မြို့ ရှိတဲ့အထဲ တော်လှန်ရေးအင်အားစုတွေ အလုံးစုံထိန်းချုပ်ထားတဲ့ ရှားတော ၊ မယ်စဲ့မြို့နယ် နဲ့ နောက်ဆုံး စစ်ကော်မရှင်တပ်ရဲ့ လက်ကျန်တပ်ရင်း ခလရ (၁၃၄ )တစ်ခုသာ ကျန်တော့တဲ့ ဖားဆောင်းမြို့နယ်မှာတော့ ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်း မရှိပါဘူး။

ရွေးကောက်ပွဲပြုလုပ်မယ့် ကရင်နီပြည်က မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၄ ခုရှိပြီး ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်း (၈၇) ဦး ရှိပါတယ်။

ပါတီ ၄ ခုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ရွေးကောက်ခံမယ့် နိုင်ငံရေးပါတီတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ) နဲ့ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ဖြစ်ပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ပြုလုပ်မယ့် မြို့နယ် ၄ ခု အပြင် ရှမ်း – ကရင်နီနယ်စပ်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းကတည်းက စစ်ကော်မရှင်က စစ်ကြောင်းထိုးလာပြီးနောက် လက်ရှိမှာ စစ်မျက်နှာ (၅) ခုဖြစ်တဲ့ ပင်လောင်း-ဖယ်ခုံ နယ်စပ် စစ်မျက်နှာ၊ လွိုင်ကော်အရှေ့ခြမ်း စစ်မျက်နှာ၊ မိုးဗြဲ-နန်းမယ်ခုံစစ်မျက်နှာ၊ ဒီးမော့ဆို-ဖရူဆို စစ်မျက်နှာ၊ ဘောလခဲစစ်မျက်နှာတို့မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရားမျှတပြီး သိက္ခာရှိတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ လို့ ခေါ်ဆိုနေပေမယ့် လူထုတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့် ၊ အရပ်သားရှိရာ နေရာတွေကို လေယာဉ်ကြဲတာ ၊ လက်နက်ကြီးပစ်ခတ်တာတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပြီး စစ်ကော်မရှင်လက်အောက်က လူထုတွေကတော့ ရွေးကောက်ပွဲဆန္ဒမဲအတွက် မဖြစ်မနေ မဲပေးရတော့မှာပါ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ