spot_img
14.8 C
Loikaw
Monday 15, December 2025
spot_img
Homeဆောင်းပါးဗုံးသံကြားက ရိုးရာ “ငှက်လိုက်ပွဲ”

ဗုံးသံကြားက ရိုးရာ “ငှက်လိုက်ပွဲ”

-

ခူးထွေးရယ် /ကန္တာရဝတီတိုင်း(မ်)

ဝါးငယ်တချောင်းကို စီရီစွာခုတ်ထွင်ပြီး လူလတ်ပိုင်း အမျိုးသားနှစ်ယောက် ထမ်းကာ လမ်းလျှောက်လို့ လာပါတယ်။ စီရီစွာ ခုတ်ထွင်ထားတဲ့ ဝါးငယ်ရဲ့ အလယ်မှာတော့ အရောင်အသွေး စုံလင်လှတဲ့ ငှက် မျိုးစုံကို တွေ့မြင်ရပါတယ်။

ပုခုံးရဲ့ တဖက်ခြမ်းမှာလည်း သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ လေသေနတ်ငယ်လေး ပါပါတယ်။ လောက်စာလုံးလေးတွေ ထည့်ဖို့အတွက် လွယ်အိတ်စုတ်ကလေးတွေကိုလည်း ကိုယ်စီ လွယ်ထားကြပါတယ်။

အဆိုပါ လူလတ်ပိုင်းနှစ်ယောက်မှာတော့ တနှစ်တခါ ဒီဇင်ဘာမှာ ပြုလုပ်လေ့ရှိကြတဲ့ “ငှက်လိုက်ပွဲ” လို့ခေါ်တဲ့ နေရာကို ဦးတည် ပြန်လာနေတာပါ။

“ဒီရက်ကတော့ ငှက်လိုက်ပွဲပါ။ ကျနော်တို့ တမနက်ခင်းလုံး ငှက်လိုက်ပြီးမှ ပြန်လာတာ”

ငှက်လိုက်ပြီး ပြန်လာကြတဲ့ လူငယ်တွေထဲက တဦးက ပြောပါတယ်။

လူကြီးတွေကတော့ “ငှက်လိုက်ပွဲ” ကျင်းပ ပြုလုပ်တဲ့နေရာကနေ အရောင်အသွေးစုံလင်လှတဲ့ ငှက်ကလေးတွေကိုထမ်းလို့ ပြန်လာမယ့် တောလိုက်သမားတွေကို ရိုးရာခေါင်ရည်ချိုချိုလေးနဲ့ စောင့်လို့ကြိုလေ့ရှိပါတယ်။

ငှက်ကလေးတွေ အများဆုံး ရရှိလာသူတွေကတော့ ရိုးရာခေါင်ရည်ရဲ့ ခေါင်ဦးရေကို မြည်းစမ်းခွင့်ရတဲ့ အလေ့အထလည်း ရှိကြပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာအများစုမှာတော့ “ငှက်လိုက်ပွဲ” ကို နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလအတွင်းမှာ ရိုးရာမပျက် ပြုလုပ်နေကြပါတယ်။

“ဒီငှက်လိုက်ပွဲက အခုမှလုပ်တာ မဟုတ်ဘူး။ ရှေ့ယခင်မှာကတည်းက ပြုလုပ်လာတဲ့အရာတခု ဖြစ်တယ်။ ကျနော်တို့ လက်ထဲမှာ ဒါကိုဆက်လက် ထိန်းသိမ်းရမယ်။ တောထဲမှာ စစ်ရှောင်နေရပေမယ့်လည်း ရိုးရာမပျက်သွားအောင် ၊ မပပျောက်သွားအောင်တော့ ကျနော်တို့ လုပ်ရမယ်” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ဒေသခံတဦးက ပြောပါတယ်။

တချိုု့ကျေးရွာတွေမှာတော့ စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားတာကြောင့် ငှက်လိုက်ပွဲ မပြုလုပ်နိုင်ကြပါဘူး။

စစ်တပ်အာဏာ မသိမ်းယူခင်မှာတော့ “ငှက်လိုက်ပွဲ”ကို မိသားစု စုံစုံလင်လင်နဲ့ စည်ကား သိုက်မြိုက်စွာ ပူးပေါင်းပါဝင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ စစ်တပ်အာဏာ သိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ “ငှက်လိုက်ပွဲ”ကို ကျင်းပ ပြုလုပ်နိုင်ဖို့အတွက် လုံခြုံရေးက စိန်ခေါ်မှုကြီးတခု ဖြစ်လာပါတယ်။

နေရာတိုင်းမှာ လွတ်လပ်စွာ ငှက်လိုက်လို့ မရတော့သလို ကျေးရွာအတွင်းမှာလည်း လွတ်လပ်စွာ ပြန်လည်နေထိုင်လို့ မရကြသေးပါဘူး။ “ငှက်လိုက်ပွဲ” ပြုလုပ်နိုင်ဖို့အတွက် သေနတ်သံတွေ၊ လေယာဉ်သံတွေ ၊ လက်နက်ကြီးသံတွေကို နားစွင့်နေကြရတာပါ။

“စပါးစိုက်တဲ့ အချိန်ဆိုလည်း လက်နက်ကြီးတွေ၊ လေယာဉ်တွေ ကြောက်ရတယ်။ ပြန်လည် ရိတ်သိမ်းချိန်ရောက်တော့လည်း ထပ်ပြီး စိုးရိမ်ရတယ်။ အကုန်လုံး ပြီးသွားလို့ “ငှက်လိုက်ပွဲ” ကို ပြုလုပ်လည်း ကျနော်တို့မှာ စိုးရိမ်မှု အပြည့်နဲ့။” ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံတဦးက သူ့ရဲ့ ပူပန်မှုတွေကို ပြောပါတယ်။

ဒေသတွင်းကောင်းမွန်တဲ့အရာတွေ ရောက်ရှိလာဖို့ဆိုတဲ့ အယုံအကြည်နဲ့ ငှက်လိုက်ပွဲ ဓလေ့ကို နှစ်စဉ်မပြတ် ပြုလုပ်လာကြတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်ကျော်အတွင်းမှာတော့ ငှက်လိုက်ပွဲကို ရိုးရာမပပျောက်အောင် အန္တရာယ်ကြားကနေ ကြိုးစားပြုလုပ်နေရပါတယ်။ နောင်လာမယ့်နှစ်တွေမှာတော့ အထွဠ်အမြတ်ထားရတဲ့ သူတို့ရဲ့ ရိုးရာဓလေ့တွေကို အရင်လို စည်စည်ကားကားနဲ့ ပြန်လည်ကျင်းပနိုင်ဖို့ မျှော်လင့်တောင့်တနေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ