spot_img
18.5 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeဆောင်းပါးစလော့ဂိမ်းကို ထိန်းချူပ်ဖို့”လွယ်သလား” ”ခက်သလား”

စလော့ဂိမ်းကို ထိန်းချူပ်ဖို့”လွယ်သလား” ”ခက်သလား”

-

ကန္တာရဝတီတိုင်း (မ်)

ကျားဖြန့် အနွယ်ပွားတစ်ခုလိုပဲ လူတွေကြားမှာ မတည်ငြိမ်တဲ့ လူမှုစီးပွားရိုက်ခတ်မှုကို စလော့ဂိမ်းက ယူဆောင်လာနေပါတယ်။

ကရင်နီပြည်မှာ စလော့ဂိမ်း လို့ခေါ်ကြတဲ့ အွန်လိုင်း လောင်းကစားဂိမ်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ငွေကြေးလိမ်လည်မှုတွေလည်း လူထုတွေကြားမှာ ပျံ့နှံ့လျက်ရှိနေပါတယ်။

စလော့ဂိမ်းက စစ်အာဏာမသိမ်းခင်ကာလကတည်းက လူထုတွေအကြားပျံ့နှံနေပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် မှာတော့ လူနေမှုဘဝအဆင်မပြေမှုတွေကြားမှာ နောက်ထပ် စလော့ဂိမ်းကြောင့် ဖြစ်လာတဲ့ ငွေကြေးလိမ်လည်မှုတွေ၊ အိမ်တွင်းမပြေလည်မှုတွေက ဟိုးလေးတကျော်ဖြစ်လာတာပါ။

အခုနှစ်ထဲမှာလည်း စလော့ဂိမ်းကြောင့် ခြံကွက်ရောင်းချရတဲ့ဖြစ်စဥ်တွေ၊ သိန်းပေါင်း ထောင်နဲ့ချီ အကြွေးတင်ပြီး ထွက်ပြေးပုန်းရှောင်နေရတာတွေလည်း တွေ့မြင်လာရတယ်လို့ နယ်မြေဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

တော်လှန်ရေးကာလလည်း ဖြစ်တာကြောင့် ငွေကြေး လိမ်လည်သူတွေက တပ်ရင်း၊ တပ်ဖွဲ့တွေကို အကြောင်းပြုလာနေတာကိုလည်း တွေ့လာရတယ်လို့ ဒေသခံတွေ ပြောကြပါတယ်။

“တပ်ရင်းတပ်ဖွဲ့အထိလည်း သူလိမ်တဲ့ဟာတွေဖြစ်လာတယ်။ KPay တွေ လိမ်ပြီးတော့မှ ပိုက်ဆံလွှဲ‌ပေးပါအုံး။ ဒီလို ဒီလိုလေးတွေ အဲလိုမျိုးလည်း ဖြစ်လာတော့ သူများသူတို့ကို ပြန်လိုက်တဲ့ဟာတွေရှိတယ်ပေါ့နော။ ပြန်လိုက်တော့ နောက်ဆုံးအကြွေးတွေတအားများတော့ သူ့မိဘတွေသူ့ကို ပြန်ဆပ်ပေးရတယ်။ မြေတွေရောင်းစားပြီးမှ ဆပ်ပေးရတဲ့ အထိအဲလိုမျိုးတွေလည်း ရှိတယ်” လို့ ကရင်နီဒေသခံတစ်ဦးကပြောပါတယ်။
ဒါကတော့ စလော့ဂိမ်းကို အစွဲတလမ်း ဆော့ခဲ့တဲ့ နန်းမယ်ခုံမြို့နယ်က အမျိုးသမီးတစ်ဦးအကြောင်းကို အိမ်နီးနားချင်းတစ်ဦးက ပြောပြတာပါ။

စစ်ကော်မရှင်ရဲ့ အင်တာနက်ဖြတ်တောက်ခြင်းကို ခံနေရဆဲဖြစ်တဲ့ ကရင်နီအပါအဝင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုး နယ်မြေမှာ ဂြိုလ်တုကနေတဆင့်ဖမ်းယူတဲ့ စတားလင့် အင်တာနက် အသုံးပြုမှု များပြားလာတဲ့အလျောက် စတားလင့် အင်တာနက်ရရှိနိုင်တဲ့ နေရာတွေ၊ ဆိုင်ငယ်လေးတွေက စလော့ဂိမ်းဆော့ဖို့ အခြေစိုက်ရာ နေရာတစ်ခုလိုဖြစ်လာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာလည်း စလော့ဂိမ်းဆော့ဖို့အတွက် ငွေသွင်း၊ ငွေထုတ် လုပ်ရတာကလည်း ဂိမ်းဆော့သူတွေ အတွက် လွယ်ကူနေပါတယ်။

အင်တာနက်ဖြတ်တောက်ခံရတဲ့ နေရာတွေတင်မက စစ်ကော်မရှင် ထိန်းချုပ်တဲ့ မြို့ပေါ်က နယ်မြေတွေမှာလည်း စလော့ဂိမ်းဆော့တာတွေက ရှိနေတာပါ။

စလော့ဂိမ်းဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုဘယ်ပုံ စွဲဆောင်မယ်၊ ဘယ်အချိန်မှာ အနိုင်ပေးပြီး ဘယ်အချိန်မှာ အရှုံး‌ပေးရမယ် ဆိုတဲ့ ပရိုဂရမ်ထည့်သွင်းထားပြီးသားဖြစ်တာကြောင့် ဆော့တဲ့သူတွေ အနိုင်ရဖို့မဖြစ်နိုင်ဘူးလို့ စလော့ဂိမ်းပရိုဂရမ်ရေးဆွဲသူတစ်ဦးက BBC သတင်းဌာနကိုပြောထားပါတယ်။
ဒါ့ကြောင့်လည်း ဂိမ်းကို မဆော့ကြဖို့လည်း သူက ထပ်မံတိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်အကိုင် ရှားပါးတာ၊ စိတ်ကျဥ်းကျပ်မှုကို ဖြေဖျောက်လိုတာတွေနဲ့ ဝင်ငွေ ရလိုရငှား ဆိုတဲ့စိတ်နဲ့ စလော့ဂိမ်းကို အချိန်၊ ငွေ ရင်းနှီးပြီး ဆော့နေကြဆဲဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်မှာနေထိုင်တဲ့ ‌ဒေသခံအမျိုးသမီးတစ်ဦးက သူမြင်တွေ့ရတာတွေကို အခုလို ပြောပြပါတယ်။

“အထူးသဖြင့် Kpay လွတ်လွတ်လပ်လပ် ထည့်ပေးတဲ့ ဆိုင်လေးတွေဆိုလူက ပိုများတာပေါ့နော။ …ဂိမ်းဆော့တယ်။ ဂိမ်းဆော့လို့ နိုင်တယ်ဆိုလို့ရှိရင် ငါးထောင် တစ်သောင်း ထည့်ပေးအုံး။ ဒါမှမဟုတ် ဂိမ်းဆော့ဖို့အတွက် ငါးထောင်ထည့်ပေးအုံးဆို သူတို့ဂိမ်းဆော့တဲ့နေရာမှာ အဲလိုမျိုးအလွယ်တကူ KPay ရတဲ့ အတွက် ဆော့တဲ့လူက ပိုပြီးတော့မှ ဆော့ရတာပိုအဆင်ပြေတာပေါ့။ အကယ်၍ ဆိုင်မှာ KPay ထည့်ပေးမဲ့သူမရှိဘူး။ သူတို့ ကိုယ်နိုက်ကလည်း KPay မရှိဘူးဆိုရင် သူတို့ဆော့ဖို့အတွက် မလွယ်ကူဘူးပေါ့နော” လို့ပြောပါတယ်။

လက်ရှိအနေအထားအရ ကရင်နီ တစ်ဝှမ်းမှာ လွိုင်ကော်မြို့ကလွဲလို့ စတားလင့်အင်တာနက်တွေက ဒေသတိုင်းမှာ ရှိနေပါတယ်။ လူနေထိုင်မှုများတဲ့ ဒီးမော့ဆိုမြို့မှာတင် စတားလင့်အင်တာနက်သုံးစွဲတဲ့နေရာက ၅၀ ထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က အွန်လိုင်းလောင်းကစားတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ special force (အထူးတပ်ဖွဲ့) တစ်ရပ်ကို ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကြေညာခဲ့ပါတယ်။

ကြေညာပြီးတဲ့နောက် လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဂိမ်းမဆော့ဖို့ တားမြစ်မိန့်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာသလို စတားလင့် အင်တာနက်ဆိုင်တွေကိုလည်း အွန်လိုင်းဂိမ်းနဲ့ပါတ်သက်ပြီး အရေးယူတားမြစ်စာတွေ ထွက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဂိမ်းဆော့သူတွေရှိနေမြဲဖြစ်ပါတယ်။

စလော့ဂိမ်းနဲ့ ဆက်စပ်ပြီး ငွေကြေးလိမ်လည်မှုတွေဖြစ်နေပေမဲ့ ဖြစ်ပေါ်လာတဲ့အမှုတွေကတော့ တရားရုံးမှာ အမှုတက်လာတာမရှိသေးဘူးလို့ ကရင်နီပြည်၊ ပြည်နယ်ဥပဒေအရာရှိ ခွန်းဂျက်စတင်းက ပြောပါတယ်။

“စလော့ဂိမ်းမကစားဖို့ကို ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေရော တပ်ရင်းတပ်ဖွဲ့တွေရော စာနဲ့တရားဝင်ထုတ်ပြီး တားမြစ်ထားသော်လည်း ကျနော်တို့ မြေပြင်မှာက အမှန်တကယ် ဖမ်းဆီးအရေးယူနိုင်ဖို့က စိန်ခေါ်မှု အခက်အခဲတွေကည်း အများကြီးရှိတယ်ပေါ့နော။ အဲလိုမျိုးရှိနေတဲ့ အတွက်ကြောင့်မို့လို့ တရားစွဲဆိုတင်ပို့ပြီးတော့ ဖြေရှင်းရတဲ့ဟာကျတော့ မရှိသေးပါဘူး” လို့ ပြောပါတယ်။

အရေးယူဆောင်ရွက်မှုနဲ့ ပတ်သတ်လို့ ကရင်နီပြည်ရဲ၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို မေးမြန်းထားပေမဲ့ အခုအချိန်အထိ အကြောင်းပြန်ခြင်းမရှိသေးပါဘူး။

စ‌လော့ဂိမ်းကဲ့သို့ အွန်လိုင်းလောင်းကစားဂိမ်းတွေဆော့လို့ အရေးယူခံရမယ်ဆိုရင် ၂၀၁၉ လောင်းကစား ဥပဒေ ပုဒ်မ ၁၈(က) အရ ထောင်ဒဏ် တစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်လို့ရသလို ဒဏ်ငွေ တစ်သိန်းကနေ ငါးသိန်းအထိ ချမှတ်လို့ရနိုင်တယ်လို့ ပြည်နယ်ဥပဒေအရာရှိ ခွန်းဂျက်စတင်းက ပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းလောင်းကစားကြောင့်ဖြစ်ပေါ်လာတဲ့ ငွေကြေးလိမ်လည်မှုတွေကို ငွေကြေးနစ်နာသူတွေက ကြားကာလတရားရုံးတွေမှာ တရားမ နစ်နာမှု၊ ငွေရလိုမှုတွေနဲ့လည်း တရားမကြောင်းနဲ့ အရေးယူဆောင်ရွက်လို့ရတယ်လို့လည်း ဆိုပါတယ်။

ဂိမ်းမဆော့ဖို့ တားမြစ်စာတွေတော့ စတားလင့်ဆိုင်တချို့မှာ ရှိနေသေးတယ်ဆိုပေမဲ့လည်း လူထုတွေလိုက်နာမှုအားနည်းသလို လက်တွေ့ကျတဲ့ အရေးယူမှုတွေလည်း လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဒီးမော့ဆို ဒေသခံ မဂျူးစဖင်းက ပြောပါတယ်။

“တပြေးညီ လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ ထိန်းချုပ်နိုင်မယ်ပေါ့နော။ တကယ်လို့ တပြေးညီမလုပ်ဘူး။ သူ့လူမို့လို့ ကိုယ့်ဖက်ကလည် ကိုယ့်လူမို့လို့ အဲလိုမျိုးဆိုရင်တော့ ထိန်းချုပ်ဖို့တော့ အရမ်းနဲနဲ ခက်တယ်ပေါ့နော။ ဒီဖက်က လုပ်တယ်။ ဟိုဖက်က မလုပ်ဘူးဆိုလို့ရှိရင်လည်း ဒါကလည်း အရမ်းထိန်းချုပ်ဖို့မလွယ်တဲ့ ကိစ္စတစ်ခုပေါ့” လို့ပြောပါတယ်။

‌သာမန်လူထုတွေမကပဲ တပ်ရင်းတပ်ဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေကိုယ်တိုင်လည်း စလော့ဂိမ်းကို ထိန်းချုပ်ထားဖို့လိုတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စတားလင့်ဆိုင်မှာ အချိန်ပေးပြီး စလော့ဂိမ်းဆော့နေကြတဲ့ ကလေး၊လူကြီး၊ ကျား၊ မ မရွေး အားလုံးကို မိခင်တစ်ယောက်အနေနဲ့ ကြည့်လိုက်ရင် အိမ်တွင်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ ခက်ခဲတဲ့ဘဝကို ထင်ဟပ်လာနေစေတယ်လို့လည်း မဂျူးစဖင်းကပြောပါတယ်။

“ကလေးလေးတွေဆိုလို့ရှိရင် ပညာသင်ရမဲ့အရွယ်မှာ ထိုင်ပြီးတော့မှ ဂိမ်းလာဆော့တာ မြင်တယ်ဆိုလို့ရှိရင် သူတို့အနာဂတ်အတွက် ရင်လေးမိတယ်။ အိမ်ထောင်ဦးစီးတွေ လာပြီးကစားတာ တွေ့တော့လည်း အော နင်တို့မိသားစုအနောက်မှာ စားရရဲ့လား။ ‌သောက်ရရဲ့လား ဆိုတဲ့ ဟာပေါ့။ မိခင်တစ်ယောက်အနေနဲ့ ရုန်းကန်ပြီးတော့ လုပ်ပေးနေရတာမျိုးတွေရှိတယ်ပေါ့နော။ ဒါပေမဲ့ ဒီဂိမ်းကစားတာကလည်း ယောကျာ်းလေးပဲ မဟုတ်ဘူးပေါ့။ မိန်းကလေးတွေလည်း ကစားကြတယ်ပေါ့နော” လို့ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ