spot_img
15.9 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeဆောင်းပါး“မြောင်းကျော် တံတားအောက်က "အိပ်ယာလေး"”

“မြောင်းကျော် တံတားအောက်က “အိပ်ယာလေး””

-

စောအယ်ကညော/ကန္တာရဝတီတိုင်း(မ်)

အသက်ရှင်သန်ဖို့၊ ဝမ်းရေးဝဖို့၊ သက်တောင့်သက်သာ နေနိုင်ဖို့ နေ့စဉ်ရုန်းကန်လှုပ်ရှားကြတဲ့
လူသားတွေအတွက် နေ့ဘက်မှာကုန်ဆုံးသွားတဲ့ အားအင်တွေကို အပြည့်၀ ပြန်လည်ဖြည့်တင်းတဲ့ အချိန်ကတော့ ညအိပ်အနားယူချိန်ပါပဲ။

တနေ့တာလုံး ပင်ပန်းထားသမျှတွေကို မေ့ပျောက်ပြီး မနက်ခင်းမှာ အားအင်အပြည့်နဲ့ ပြန်လည်နိုးထလာဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ အိပ်စက်ချိန်တွေ လိုအပ်ပါတယ်။

ဒီလိုအဖိုးတန်လှတဲ့ အိပ်စက်ခြင်းကို အသက် (၆၀) ဝန်းကျင်ရှိပြီ ဖြစ်ကြတဲ့ ဒေါ်ဦး နဲ့ ဦးမောင်သိန်းတို့ ဇနီးမောင်နှံဟာ ဆုံးရှုံးနေကြရပါတယ်။

မြောင်းကျော်တံတားအောက်က အကျယ်အဝန်းအားဖြင့် ၄ ပေ ပတ်လည်သာရှိပြီး ၁၅ ပေခန့် ရှည်လျားတဲ့ နေရာကျဉ်းကျဉ်းမှာ ဒေါ်ဦးနဲ့ ဦးမောင်သိန်းတို့ ဇနီးမောင်နှံ အိပ်စက်နားခိုနေရတာ ၁ လ ကျော် ရှိနေပါပြီ။

တံတားအောက်မှာ အိပ်စက်နေရတဲ့ ဒီဇနီးမောင်နှံမှာ နေစရာအိမ်မရှိတာတော့ မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းရန်နဲ့ ဒရုန်းဗုံး တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နိုင်ဝင်ဘာလ (၁၃) ရက်နေ့တုန်းကလည်း ဒေါ်ဦး တပိုင်တနိုင် ဖွင့်ထားတဲ့ အသီးအရွက် ဆိုင်လေးနဲ့ (၁၀)ပေခန့် အကွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒါတင်မကသေးပဲ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲရက်ဖြစ်တဲ့ ဒီဇင်ဘာလ (၂၈) ရက်နေ့တုန်းကလည်း စစ်ကော်မရှင်တပ်က ဒေါ်ဦးတို့ အရပ်သားတွေ နေထိုင်ရာ စစ်ဘေးရှောင်စခန်းတွေဖက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီလက်နက်ကြီးတွေဟာ ဒေါ်ဦးတို့ ဇနှီးမောင်နှံရဲ့ စိုက်ခင်းတွေသာမက သူတို့ရဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ ခြံတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အခုလို လက်နက်ကြီးတွေ အချိန်မရွေး ကျရောက်နိုင်လို့ နေအိမ်မှာ ပုန်းခိုကျင်း ကောင်းကောင်းမရှိတဲ့ ဒေါ်ဦးတို့ ဇနီးမောင်နှံဟာ အိမ်ဘေးက မြောင်းကျော်တံတားလေးအောက်မှာ အိပ်စက်ကြရပါတယ်။

“လက်နက်ကြီးလာတယ်ကော။ လက်နက်ကြီးလာတော့ ကြောက်လို့လာအိပ်တယ်။ အိမ်မာအိပ်ဆို ကြောက်တယ်။ လက်နက်ကြီးလာလည်း ကြောက်ရ။ လေယာဉ်လာလည်း ကြောက်တယ်ကော။ ကြောက်ပြီးလာအိပ်ရတာပေါ့” လို့ ဒေါ်ဦးက ပြောပြပါတယ်။

ဒေါ်ဦးတို့ ဇနီးမောင်နှံရဲ့ တပိုင်တနိုင် ဟင်းသီးဟင်းရွက်ဆိုင်လေး

ဒေါ်ဦး နဲ့ ဦးမောင်သိန်းတို့ဟာ စစ်အာဏာမသိမ်းခင်ကတည်းက နန်းမယ်ခုံမှာ ခြံစိုက်ပျိုးရေးတွေလုပ်၊ ခြံထွက်သီးနှံတွေရောင်းပြီး အသက်မွေး၀မ်းကြောင်း ပြုနေကြပါတယ်။

အခုလို ကရင်နီမှာ တိုက်ပွဲပြင်းထန်လာချိန်မှာလည်း သူတို့ဇနီးမောင်နှံဟာ နန်းမယ်ခုံမှာပဲ ရသလောက် ခြံထွက်သီးနှံလေးတွေရောင်းပြီး ရုန်းကန်နေရတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ရန်ကိုကြောက်လို့သာ ညဘက်တွေမှာ တံတားအောက်သွားအိပ်ကြရပေမယ့် နေရာထိုင်ခင်းတွေတော့ အဆင်မပြေလှပါဘူး။ တံတားလေးကတော့ လက်နက်ကြီးနဲ့ လေယာဉ်ဒဏ်ကို အတန်အသင့် ခံနိုင်ရည်ရှိတယ် ဆိုနိုင်ပေမဲ့ ဆောင်းရာသီရဲ့ အအေးဒဏ်ကိုတော့ မကာကွယ်ပေးနိုင်ရှာပါဘူး။

တံတားအောက်က မြေကြီးပေါ်မှာ စက္ကူဖာလေးတွေခင်းပြီး စောင်တွေအထပ်ထပ်နဲ့ ကွေးကြရတဲ့ ညတွေ များပါတယ်။ ဆောင်းတွင်းကြီးဆိုတော့ အအေးဓာတ်က ပိုသည်းနေပေမယ့် အသက်ဘေးလုံခြုံဖို့က ပိုအရေးကြီးတယ်လို့ ဒေါ်ဦးတို့ဇနီးမောင်နှံက ခံယူထားပါတယ်။

ဒေါ်ဦးတို့ဇနီးမောင်နှံမှာ သား (၁) ယောက်နဲ့ သမီး နှစ်ယောက်ရှိခဲ့ပြီး သားလတ်ကတော့ ၂၀၂၂ ခုနှစ်မှာ စစ်ကော်မရှင်တပ်ရဲ့ သတ်ဖြတ်အလောင်းဖျောက်ခြင်းကို ခံခဲ့ရတယ်လို့ ဒေါ်ဦးက ပြန်ပြောပြပါတယ်။ ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ သားဖြစ်သူအကြောင်း ပြန်ပြောပြနေရင်း ဒေါ်ဦးတယောက် မျက်ရည်တွေ စီးကျလာပါတော့တယ်။

ဒေါ်ဦးရဲ့ အပူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပဲ အငယ်ဆုံးသမီးကတော့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေရင်း အစာအိမ်ရောဂါနဲ့ ထပ်မံ ဆုံးပါးသွားခဲ့ရရှာပါတယ်။
တဦးတည်းကျန်ရှိတဲ့ သမီးအကြီးဆုံးကလည်း လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ ဖြစ်ပြီး စားဝတ်နေရေးအတွက် သူတို့ ဇနီးမောင်နှံ နှစ်ယောက်သားရုန်းကန်နေကြရပါတယ်။

စစ်ကော်မရှင် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ နေ့ခင်းထက် ညဖက် လူအိပ်ချိန်မှာ အကျများတဲ့အတွက် ဒေါ်ဦးတို့ ဇနီးမောင်နှံဟာ နေ့ခင်းဖက်ကို သူ့တို့ရဲ့ တပိုင်တနိုင်ဆိုင်လေးရောင်းပြီး နေအိမ်မှာ ပြန်လည်ချက်စားကာ ညအိပ်ချိန်ကျမှ ဒီမြောင်းကျော်တံတားအောက်မှာ လာအိပ်ကြရတာ ဖြစ်ပါတယ်။

လေမလုံတဲ့ တံတားအောက်နေရာမှာ နေကြရတာဖြစ်လို့ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဒေါ်ဦးတို့ ဇနီးမောင်နှံအတွက် နိုးထလာချိန်မှာ ပြန်လည်ခံစားရတဲ့ ဝေဒနာကလည်း မသေးပါဘူး။

“ညောင်းညာတယ်ပေါ့။‌‌ မြေကြီးပေါ်မှာ အိပ်တယ်ကော။ ကြောက်ကြောက်နဲ့ အိပ်ရတယ်။ အဒေါ်ဆို ကျန်းမာရေးလည်း မကောင်း။ ခါးကြောညပ်လည်း ရှိတယ်။ ကျီးပေါင်းလည်း ရှိတယ်။ တကိုယ်လုံး ကိုက်ခဲတယ်”လို့ ဒေါ်ဦးက ပြောပါတယ်။

ဝမ်းရေးအတွက် ခြံထွက်သီးနှံလေး တနိုင်တပိုင် စိုက်ပျိုးထားတဲ့ ဒေါ်ဦး

လူဆင်းရဲ၊ လူချမ်းသာ မရွေး တန်းတူရနေတဲ့ အိပ်စက်ခြင်းစည်းစိမ်ကိုတောင် ဒေါ်ဦးတို့ ဇနီးမောင်နှံဟာ အပြည့်အဝ မရကြပါဘူး။

ဒေါ်ဦးတို့ ဇနီးမောင်နှံလိုပဲ ကရင်နီမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးရန်နဲ့ လေယာဉ်ရန်တွေကြောင့် သက်သောင့်သက်သာရှိသင့်တဲ့ အိပ်စက်ခြင်းတွေကို ဆုံးရှုံးနေခဲ့ရတာ အတော်လေးကြာခဲ့ကြပါပြီ။

အခုလိုကာလမှာ ဒေါ်ဦးတို့ ဇနီးမောင်နှံလိုပဲ ကရင်နီရဲ့ နေရာအသီးသီးမှာ စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ ညအိပ်စက်ချိန်ကို ဘယ်လိုဖြတ်သန်းနေကြသလဲ။ တဖက်မှာလည်း စစ်ကော်မရှင်လက်အောက်မှာ နေထိုင်သူတွေဟာ အိပ်စက်ချိန်ကို ဘယ်လိုဖြတ်သန်းနေကြသလဲ။ အာဏာရှင်ကိုတော်လှန်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အိပ်စက်ချိန်တွေကရော ဘယ်လိုရှိနေမလဲ။

အခကြေးငွေပေးစရာမလိုပဲ တန်းတူရသင့်ရထိုက်တဲ့ အိပ်စက်ခြင်း စည်းစိမ်၊ အခွင့်အရေး သေးသေးမွှားမွှားလေးကိုတောင် စစ်ဘေးရှောင်လူထုဟာ ဆုံးရှုံးနေရတယ်ဆိုရင် ဒီ့ထက်ကြီးမားတဲ့ အခွင့်ရေးတွေ ခံစားရဖို့ဆိုတာကတော့ ဝေးသထက်ဝေးကွာနေကြအုံးမှာပါပဲ။

မြောင်းကျော်တံတားက ဒေါ်ဦးတို့ ဇနီးမောင်နှံ အိပ်စက်အနားယူရသည့်နေရာ

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ