Homeဆောင်းပါးရွေးကောက်ပွဲ အပိုင်း ၂ မှာပါတဲ့ ကရင်နီပြည်က ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်တွေမှာ အခြေအနေတွေဘယ်လိုရှိနေသလဲ

ရွေးကောက်ပွဲ အပိုင်း ၂ မှာပါတဲ့ ကရင်နီပြည်က ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်တွေမှာ အခြေအနေတွေဘယ်လိုရှိနေသလဲ

-

ကန္တာရဝတီတိုင်း (မ်)

အာဏာသိမ်း စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ ခုမှာ ကျင်းပသွားမယ်လို့ ကြေညာထားခဲ့ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်အရ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှာ ကျေးရွာအုပ်စု ၂၆ ခု၊ ရပ်ကွက် ၁ ခု ရှိတဲ့အနက် ဒီးမော့ဆိုမြို့မ ရပ်ကွက်နဲ့ ငွေတောင်၊ (၆) မိုင်၊ ဒေါကလောဒူ စတဲ့ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမယ်လို့နားလည်ရပါတယ်။

ဖရူဆိုမြို့နယ်မှာလည်း ရပ်ကွက် ၅ ခု၊ ကျေးရွာ အုပ်စု ၁၄ ခု ရှိတဲ့အနက် ညောင်ဇင်ရပ်ကွက်၊ ထီးသရဲ ရပ်ကွက်၊ ထီးကူးဆိုရပ်ကွက်၊ ဒီးဒါးကူးရပ်ကွက်၊ လောဘူးဒါးရပ်ကွက် နဲ့ မော်ခရော်ရှေ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ အဲဒီမြို့နယ်နှစ်ခုမှာရှိတဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်ကော်မရှင်က ရွေးကောက်ပွဲ လုပ်မယ်လို့ နားလည်ရတဲ့ ကျေးရွာအုပ်စု၊ ရပ်ကွက်တွေမှာ လူထုတွေမရှိဘဲ တပ်နဲ့နီးစပ်တဲ့ နေရာတွေသာဖြစ်တယ်လို့ပြောပါတယ်။

“လူထုတွေအနေနဲ့တော့ မရှိဘူးလေးနော။ ရွေးကောက်ပွဲ လုပ်မယ့်သူတွေကတော့ ရှိမှာပေါ့နော။ လုပ်ပေးတဲ့သူ၊ စီစဥ်ပေးတဲ့သူ။ ပြီးတော့ တပ်မိသားစု။ အဓိကကတော့ တပ်မိသားစုတွေပါ ရှိမယ်ထင်တယ်” လို့ ဖရူဆိုမြို့က အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

၂၀၁၈ အစိုးရ သန်းခေါင်စာရင်းအရ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် မှာ လူဦးရေ ၇၉၂၀၁ ဦးရှိပြီး မဲပေးနိုင်တဲ့ အသက်အရွယ်ဖြစ်တဲ့ ၂၀ နှစ်ကနေ ၇၉ နှစ်အထိ လူဦးရေ ၄၀,၃၆၁ ဦးရှိပါတယ်။

ဖရူဆိုမှာတော့ လူဦးရေ ၂၃၉၇၄ ဦး ရှိပြီး မဲပေးနိုင်တဲ့ အသက်အရွယ်ဖြစ်တဲ့ ၂၀ နှစ်ကနေ ၇၉ နှစ်အထိ လူဦးရေ ၁၄,၂၀၅ ဦးရှိပါတယ်။

ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲ အရှိန်အမြင့်ဆုံးရောက်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်မှာ လူထုရဲ့ ၈၀ ရာခိုင်နှုန်းက နေရပ်စွန့်ခွာထွက်ပြေးကြကုန်တာဖြစ်ပါတယ်။ စစ်ကော်မရှင်က ရွေးကောက်ပွဲ လုပ်မယ်လို့ပြောတဲ့ ၆ မိုင်ကျေးရွာအုပ်စု၊ ဒီးမော့ဆိုမြို့မ ရပ်ကွက်တို့မှာလည်း လူထုမရှိဘူးလို့ ဒေသခံ တွေကပြောပါတယ်။

“ ၆ မိုင်ဖက်က စစ်ကောင်စီစစ်ကြောင်းပြန်ထိုးလာတာ အရင်နှစ်မှာပဲပေါ့နော။ လွိုင်ကော်ကနေ ၆ မိုင်ကိုဝင်လာပြီးတော့ ဒီးမော့ဆိုအထိ ထိုးသွားတာ။ အဲဒီတော့ပြောရမယ်ဆိုရင် အဲဒီမိန်းလမ်းမ တကြောမှာရှိတဲ့ ‌ကျေးရွာတွေမှာ လူမရှိဘူး။ သူတို့ပဲ နေရာယူထားတာပေါ့။ ‌ငွေတောင်ကျေးရွာအုပ်စုမှာတော့ ရှိတယ်။ နည်းလားများလားတော့ မသိဘူးပေါ့နော။ အဲမှာက ၁၀၂ တပ်လည်းရှိတယ်ဆိုတော့ တပ်မိသားစုတချို့ရယ် သူတို့နဲ့ နီးစပ်တဲ့ ရွာသားတချို့လည်း ရှိတာပေါ့” လို့ ၆ မိုင်ကျေးရွာအုပ်စုမှာနေတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၂) ကို ကချင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ ကရင်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ တိုင်း ဒေသကြီးတို့မှာ ကျင်းပမှာဖြစ်ပေမဲ့ အဲဒီထဲက မြို့နယ်‌ ၂၀ ကျော်မှာ ၂၀၂၁ အာဏာသိမ်းမှုကြောင့် စစ်ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေတာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားနေသလို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်ခြောက်လှန့်တာ၊ ဒရုန်းဗုံးကြဲချတာ၊ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေအပြင် စစ်ကြောင်းအလုံးအရင်း ထိုးတာတွေလည်း ရှိနေတာပါ။

“စစ်ရေးအရတော့ ဆက်လက်ပြင်းထန်နေမှာပဲ။ ဒါပေမဲ့ သူတို့ကတော့ အတတ်နိုင်ဆုံးပေါ့နော။ ရသလောက် လုပ်သွားလိမ့်မယ်။ ဘာလို့ဆို သူ့ဟာက လူဦးရေ အနည်းအများပေါ်မှာ မမူတည်ပဲနဲ့ ဝင်ပြိုင်တဲ့လူ ဘယ်သူမှမရှိရင်တောင်မှ ဝင်ပြိုင်တဲ့ ပါတီတစ်,ပါတီ ရှိရင်လည်း အနိုင်ရ တဲ့စနစ်ဖြစ်နေတော့ ဒါကြောင့်မို့လို့သူတို့ကတော့ ပမာဏအားဖြင့် နေရာဒေသ မဲဆန္ဒမဲ အများဆုံးရအောင် သူတို့ခေါ်တာ မြို့နယ်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေ၊ ပြည်နယ်အဆင့် ရအောင်တော့ သူတို့ကတော့ လုပ်မှာပေါ့နော။ အဲကြောင့်မို့လို့ မဖြစ်မနေ ရွေးကောက်ပွဲ ပုံစံတော့ သူတို့ ဆက်လုပ်သွားလိမ့်မယ်” လို့ ကရင်နီကြားကာလအုပ်အုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက အခုလိုပြောပါတယ်။

စစ်ကော်မရှင်က ၂၀၂၅ ရွေးကောက်ပွဲကို မဲအများဆုံးအနိုင်ရသူစနစ် ( FPTP ) နဲ့ အချိုးကျကိုယ်စားပြုစနစ် ( PR ) နှစ်ခုကို ရောပြီး ကျင့်သုံးထားပါတယ်။

ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) ကိုအခုနှစ်မှာပဲ စတင်ကျင့်သုံးလာတာဖြစ်ပြီး အမျိုးသားလွှတ်တော် တနည်းအားဖြင့် အထက်လွှတ်တော်မှာ ယှဥ်ပြိုင်ကြရတာဖြစ်ပါတယ်။

PR စနစ်မှာ လူထုက လွှတ်တော်ကိုယ်စားလှယ်ကို တိုက်ရိုက်ရွေးချယ်ရတာမဟုတ်ပါဘူး။ မဲဆန္ဒရှင်တွေက ပါတီတစ်ခုရဲ့ မူဝါဒနဲ့ ပါတီက လျာထားတဲ့ ကိုယ်စားလှယ်စာရင်းကို ကြည့်ပြီးတော့ ပါတီကိုပဲ မဲပေးရပါတယ်။

ဒါကလည်း လူထုထောက်ခံမှုအသင့်အတင့်ရှိတဲ့ ပါတီငယ်လေးတွေကလည်း လွှတ်တော်မှာ နေရာယူနိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲအပြီး လွှတ်တော်ကိုယ်စားလှယ်ကို ပါတီခေါင်းဆောင်တွေကပဲ ရွေးချယ်ရမှာပါ။

ရွေးကောက်ပွဲအပိုင်း (၂)ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေစဥ်
ဓာတ်ပုံ MOI

PR စနစ်အတွက် မဲဆန္ဒနယ်ကို စစ်ကော်မရှင်က မြို့နယ် ၁၀ ခုအောက်သာရှိတဲ့ ကရင်နီပြည်၊ တနင်္သာရီတိုင်း၊ မွန်၊ ချင်း၊ ကရင် ပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် ၅ ခုကို စစ်ကော်မရှင်က မဲဆန္ဒနယ် တစ်ခု အဖြစ်ပေါင်းစပ် သတ်မှတ်ထားပါတယ်။

တနည်းအားဖြင့်ပြောရရင် ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသကြီးတစ်ခုမှာ မဲပေးတဲ့ မဲဆန္ဒရှင် အရေအတွက်မရှိတာတောင်မှ မဲဆန္ဒနယ်တစ်ခုမှာ ပါဝင်ပြီးသားပြီးတာကြောင့် တခြားပြည်က ရထားတဲ့ မဲက အဲဒီပြည်နယ်ကို ကိုယ်စားပြုပေးနိုင်ပါတယ်။ ဒါကလည်း ကရင်နီပြည်က ဒီးမော့ဆို နဲ့ ဖရူဆိုမြို့ တို့လို့ မဲပေးမဲ့ မဲဆန္ဒရှင် မရှိတဲ့ ဒေသတွေအတွက် အကျုံးဝင်ပါတယ်။

ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီမှာတော့ နယ်မြေအကျယ်အဝန်းပေါ်မူတည်ပြီး PR စနစ်အတွက် မဲဆန္ဒနယ်ကို ၂ ခု ၃ ခု စသဖြင့်သတ်မှတ်ထားပါတယ်။

ရွေးကောက်ပွဲ မှာ နေရာဒေသအလိုက် ပါဝင်ယှဉ်ပြိုင်သူတွေထဲမှာ ဆန္ဒမဲပေးစရာမလိုပဲ အလိုအလျောက် အနိုင်ရသွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၁ ယောက်ရှိတာကိုလည်း ‌ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အဲဒီထဲမှာ စစ်ကော်မရှင်ကြောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP က ကိုယ်စားလှယ် ၂၈ ယောက်ပါဝင်ပါတယ်။

စစ်ကော်မရှင်က မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပမဲ့ ရွေး‌ကောက်ပွဲ အပိုင်း (၂) နဲ့ ၂၅ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း (၃) တို့မှာ ပိုမိုလုံခြုံစိတ်ချကောင်းမွန်စွာနဲ့ ဆန္ဒမဲပေးနိုင်ဖို့ တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်သွားရမယ်လို့ လည်း ပြောထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ