ခွန်းရွှေခန့်
ဤအတွေးအမြင်ဆောင်းပါးသည် သက်ဆိုင်ရာစာမူရှင်၏ အာဘော်သာ ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်အတွင်းမှာ ကရင်နီပြည်နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးကို စုစည်းပြီး ညီညွတ်သောကရင်နီပြည်နယ်တပ် (UKSA) ကို ဖွဲ့စည်းဖို့ ကရင်နီပြည်နယ်က စစ်ရေး၊ နိုင်ငံရေး ဦးဆောင်နေတဲ့ အစုအဖွဲ့တချို့နဲ့ ပြည်သူတွေ၊ ရဲဘော်တွေ ဆန္ဒ ရှိကြပါတယ်။
ကရင်နီပြည်နယ်မှ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့တည်း ပြန်လည်ပေါင်းစည်းဖို့ကို လူငယ်တွေ၊ ရှေ့တန်းက တိုက်ခိုက်နေတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေကလည်း လိုလားနေတယ်ဆိုတာ တွေ့ရပါတယ်။ ဘာလို့လဲဆိုတာကတော့ လက်ရှိ စစ်ကောင်စီကို အောင်နိုင်ဖို့က “တစ်သွေး၊ တစ်သံ၊ တစ်မိန့်” တည်း အောက်ကနေ သွားရမယ်ဆိုတာကို ပြည်သူတွေကော တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးက လက်ခံနားလည်ထားပြီးသား ဖြစ်တယ်။
“တပ်ဖွဲ့အများအပြားရှိနေခြင်း” နဲ့ “သူတလူ၊ ငါတမင်း” တစ်ယောက်တစ်ပေါက် တိုက်နေရင် ရန်သူကို ဘယ်တော့မှ အနိုင်မယူနိုင်ဘူးဆိုတာကိုလည်း ခေတ်သစ်နွေဦးတော်လှန်ရေး ၅ နှစ်တာ ကာလမှာလည်း ဖြတ်သန်းခဲ့တဲ့ စစ်ရေးအခြေအနတွေက သက်သေတွေပဲ ဖြစ်ပါတယ်။”
၅ နှစ်တာကာလအတွင်း ကွဲပြားနေတဲ့ တပ်ဖွဲ့တွေရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စစ်ရေးအရ အောင်မြင်မှုတွေ ရတယ်ဆိုပေမယ့် ရန်သူကို အပြတ်အသတ် အနိုင်ပိုင်းနိုင်တဲ့ အနေအထားတစ်ခု မရောက်သေးတာတော့ လက်ရှိရန်သူဘက်က တန်ပြန်ထိုးစစ်တွေလုပ်ပြီး နယ်မြေစိုးမိုးမှုကို ပြန်လည်ချဲ့ထွင်လာတဲ့ အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။
အဲ့ဒီတော့ ပိုမိုကျယ်ပြန့်ခိုင်မာတဲ့ နယ်မြေစိုးမိုးမှုတွေ၊ စစ်ရေးအောင်မြင်မှုတွေရဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ Changes of Command (COC) တစ်ခုတည်းအောက်မှာ စုစည်းဖို့လိုသလို မဟာဗျူဟာကျကျ အလုပ်လုပ်နိုင်မှ ရန်သူ စစ်ကော်မရှင်ကို ကရင်နီပြည်နယ်အတွင်းမှ အပြီးတိုင် မောင်းထုတ်တာကော လိုအပ်ရင် အခြားတိုင်းရင်းသား တော်လှန်ရေး မဟာမိတ်တွေနဲ့အတူ နေပြည်တော်အထိ သွားတိုက်တာကိုရော လုပ်နိုင်မှာဖြစ်တယ်။ ပြန်ချုပ်ရရင်တော့ စည်းလုံးညီညွတ်ရေး COC တစ်ခုတည်းဖြစ်ရေး တစ်တပ်တည်းဖြစ်ရေးက ရန်သူကို အောင်နိုင်ဖို့ အဓိက အသက်သွေးကြောပဲ ဖြစ်တယ်။
ကရင်နီနိုင်ငံရေးဖြစ်စဥ်နှင့် ပြည်နယ်တပ်
ကရင်နီပြည်နယ်တပ် ဖွဲ့စည်းနိုင်ရေး အခြေအနေကို ပြန်ကြည့်ရအောင်။ ကရင်နီပြည်တပ် ဖွဲ့စည်းရေးဟာ ကရင်နီပြည်ရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့လည်း သက်ဆိုင်နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ခုနှစ် နှစ်လယ် ဒါမှမဟုတ် နှောင်းပိုင်းလောက်မှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ကနေ ဦးဆောင်ပြီးတော့ ကရင်နီပြည်နယ် အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး ကရင်နီပြည်ကြားကာလလွှတ်တော်ကနေ ပြဌာန်းဖို့ ရှိနေပါတယ်။
ဖွဲ့စည်းပုံပြဌာန်းပြီးရင်တော့ ကရင်နီပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ ပြည်နယ်အစိုးရတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဦးစီးပြီး ရွေးကောက်ပွဲကိုကျင်းပမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဖွဲ့စည်းပုံအရ ကရင်နီပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ ပြည်နယ်အစိုးရတစ်ရပ်ကို ဖွဲ့စည်းမှာဖြစ်တယ်။ အဲဒီအစိုးရက ကာကွယ်ရေးဌာနကို ဖွဲ့စည်းပြီးတော့ ကာကွယ်ရေးဌာနအောက်မှာပဲ ပြည်နယ်တပ်ကို ထားရှိမှာဖြစ်ပါတယ်။
လတ်တလော ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအောက်မှာ ကာကွယ်ရေးဌာနကို ဖွဲ့စည်းထားတယ်ဆိုပေမယ့် တပ်ပေါင်းစုံကိစ္စတွေကို ကရင်နီစစ်ဦးစီးကော်မတီ (JCS) ကနေပဲ ဆောင်ရွက်နေရတာ ဖြစ်တယ်။ တပ်ပေါင်းစည်းရေးကိစ္စတွေအတွက် သက်ဆိုင်ရာ တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီးတော့ ကရင်နီပြည်ကြားကာလလွှတ်တော် (KSIP) ကနေ စစ်ဖက်ဆိုင်ရာ အက်ဥပဒေတစ်ရပ်ကို ဆွေးနွေးပြီး ပြဌာန်းဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီးဖြစ်တယ်။ စစ်အက်ဥပဒေထဲမှာ ကရင်နီပြည်နယ်တပ်ဖြစ်တဲ့ UKSA ကို ဘယ်လိုဖွဲ့စည်းရမလဲဆိုတာကို အဆင့်ဆင့်ဖော်ပြထားပါတယ်။
ကရင်နီပြည် စစ်ဘက်ဆိုင်ရာ အက်ဥပဒေကို ပြဌာန်းပြီးရင်တော့ စစ်အက်ဥပဒေဟာ ကရင်နီပြည်နယ်မှာရှိတဲ့ အားလုံးသော တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ EROs, ၂၀၂၁ ခုနှစ်နောက်မှ ပေါ်လာတဲ့ Local PDF, MOD အောက်ရှိ အလယ်ပိုင်းတိုင်း PDFတွေ၊ မည်သည့်အဖွဲ့အောက်မှာမှမရှိတဲ့ အဖွဲ့တွေအားလုံး အကျုံးဝင်ပြီးတော့ ဒီ စစ်အက်ဥပဒေက သက်ရောက်မှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကရင်နီပြည်နယ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေအားလုံးအပေါ် ဒီစစ်အက်ဥပဒေက လွှမ်းခြုံသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ဒီစစ်အက်ဥပဒေကိုလည်း ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ထားပြီးသားလို့လည်း သိရပါတယ်။
တပ်ဖွဲ့စည်းမှုပုံစံ
ကရင်နီ စစ်အက်ဥပဒေထဲမှာ ကရင်နီပြည်နယ်တပ်ကို ကရင်နီစစ်ဦးစီးကော်မတီ (JCS) ပါဝင်တဲ့ အဖွဲ့တွေနဲ့ စတင်ဖွဲ့စည်းမယ်လို့ ဖော်ပြထားပါတယ်။ စစ်ဦးစီးကော်မတီထဲမှာတော့ ကရင်နီပြည်တပ်မတော် (KA), ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO, ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ KNPDP, ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ Local PDFs တွေဖြစ်ကြတဲ့ ( DMO,MB,LK) တို့ ပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ဒီအဖွဲ့တွေနဲ့ ပြည်နယ်ဖွဲ့တပ်ဖွဲ့စည်းရေးကို စတင်မယ်လို့ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
တပ်ဖွဲ့စည်းပုံအရ ကရင်နီပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် (သို့) ဥက္ကဌ က စစ်သေနာပတိဖြစ်ပြီးတော့၊ ကာကွယ်ရေးဝန်ကြီးက ကာကွယ်ရေးဌာနကို ဦးဆောင်မှာဖြစ်တယ်။ ကာကွယ်ရေးဌာန စီမံခန့်ခွဲမှုအောက်မှာ ပြည်နယ်တပ်ကို ဖွဲ့စည်းထားရှိမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကရင်နီဖွဲ့စည်းပုံအခြေခံဥပဒအရ ကရင်နီပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ ကရင်နီပြည်နယ် အစိုးရအောက်မှာ ကရင်နီပြည်နယ်တပ်ကို ထားရှိမှာဖြစ်ပါတယ်။ ဒါဟာဒီမိုကရေစီ စံချိန်စံနှုန်းဖြစ်တဲ့ လက်နက်ကိုင်တပ်တွေကို အရပ်သားအစိုးရအောက်မှာ ထားရှိတဲ့ မူဝါဒပဲ ဖြစ်တယ်။ တပ်ဖွဲ့စည်းမှုမှာ အခြားစစ်ဖက်ဆိုင်ရာ အင်္ဂါစဥ်တွေ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။
ကရင်နီပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေအနေ
အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ MOD အောက်မှာရှိတဲ့ အလယ်ပိုင်းတိုင်း PDF တွေနဲ့ ကရင်နီအမျိုးသားလို့ မိမိကိုယ်ကို မသတ်မှတ်ထားတဲ့ အနည်းစုသော အဖွဲ့တွေကလွဲပြီးတော့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဟာ ကရင်နီစစ်ဦးစီးအဖွဲ့ (JCS) အောက်မှာ COC ချိတ်ပြီးတော့ စစ်ရေးကို အကောင်အထည်ဖော်ကြပါတယ်။ အမိန့်ပေးစီးဆင်းမှ ုတစ်ခုတည်းအောက်က စစ်ရေးမဟာဗျူဟာကို အကောင်အထည်ဖော်တာတွေ ၊ ကာကွယ်ရေးအသုံးစရိတ် မျှသုံးတာတွေကို JCS အောက်ကနေပဲ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
IEC မှ ကောက်ခံရရှိသော အခွန်တွေကိုလည်း JCS မှာ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ချင်းစီကို ရာခိုင်နှုန်းတွေနဲ့ ခွဲဝေပေးရသလို JCS အတွက် သီးသန့် ကာကွယ်ရေး အသုံးစရိတ်ကိုလည်း ရာခိုင်နှုန်းတစ်ခု သတ်မှတ်ကာ ခွဲတမ်း ချပေးရပါတယ်။ JCS စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၄ ခုနှစ် နောက်ပိုင်း ကရင်နီပြည်တစ်ဝှမ်း စစ်ဆင်ရေးတွေကို JCS ရဲ့ အစီအမံနဲ့ပဲ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ JCS မှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးဟာ ကရင်နီပြည်နယ်တပ်ဖြစ်တဲ့ UKSA မှာ ပါဝင်ဖို့တော့ အဆင်သင့် မဖြစ်ကြသေးပါဘူး။
“ပြည်နယ်တပ် ဖွဲ့စည်းရင် အပြည့်အဝပူးပေါင်းပါဝင်မယ့် တော်လှန်ရေးအဖွဲ့စည်းတွေဟာ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းတောင် မရှိသေးပါဘူး။ ကရင်နီပြည်မှာ စနစ်ကျပြီး ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးစနစ် ဖြစ်ပေါ်မှသာ ပြည်နယ်တပ်အတွင်း ပါဝင်လာမယ့် EROsအဖွဲ့တွေ ရှိသလို၊ အရေးတော်ပုံကို တပ်ပေါင်းစုဖြင့်သာ အောင်ပွဲခံပြီး အောင်ပွဲခံချိန်မှာလည်း မိမိတို့ အဖွဲ့အစည်းအလံကိုသာ လွှင့်ထူလိုတဲ့ EROs တွေ ရှိပါတယ်။ အခြေအနေကြည့်ပြီး မီးစင်ကြည့်ကမယ့် အဖွဲ့တွေလည်း ရှိပါတယ်။”
၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ KNDF နဲ့ Local PDF တချို့၊ ရှမ်းတောင်က PDF တစ်ဖွဲ့စ၊ နှစ်ဖွဲ့စ လောက်က လွဲပြီး အခြားပါဝင်မယ့် အဖွဲ့ မရှိသလောက် ဖြစ်နေပါတယ်။
ကရင်နီပြည်သူတွေရဲ့ ဆန္ဒ
ကရင်နီပြည်သူတွေဟာ ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေကို တစ်ဖွဲ့တည်း ပေါင်းစည်းစေချင်ကြပါတယ်။ ဒီဆန္ဒဟာ ငြင်းလို့မရတဲ့အချက်လို့ နားလည်ရပေမယ့် တကယ်တမ်းတော့ လူထုဆန္ဒ သဘောထားကို တိတိကျကျ ကောက်ယူထားတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း စစ်အနိုင်တိုက်ရေး ၊ တော်လှန်ရေးအမြန်အောင်မြင်ရေးဟာ ပြည်သူလူထုရဲ့ ဆန္ဒအမှန် ဖြစ်ပါတယ်။
ပြည်သူတွေ အိမ်ပြန်ချင်နေကြပြီ။ တောထဲတောင်ထဲ ၅ နှစ်တာ ကြံကြံခံ၊ တောင့်ခံလာပြီးဖြစ်တယ်။ စစ်ရှောင်စခန်းဟာလည်း စစ်ကော်မရှင်ရဲ့ လေကြာင်းပစ်မှတ် ဖြစ်နေတယ်။ ပြည်သူလူထုတွေဟာလည်း ဒီအရေးတော်ပုံမှာ အသက်အိုးအိမ်၊ စည်းစိမ်တွေ အစွမ်းကုန် ပေးဆပ်ထားပြီး ဖြစ်တယ်။ မလုံခြုံတဲ့ တာလပတ် အမိုးအကာ အောက်မှာ နေရတဲ့ စက္ကန့်တိုင်းဟာ လူထုအတွက် ခက်ခဲတဲ့ အချိန်တွေ ဖြစ်တယ်။ ကရင်နီပြည်သူတွေ အဖြစ်ချင်ဆုံးဆန္ဒကတော့ ကရင်နီတော်လှန်ရေးတပ်တွေ စည်းလုံးရေး၊ ကရင်နီပြည်နယ်တပ် တစ်ခုတည်းဖြစ်ရေးနဲ့ တော်လှန်ရေးအောင်မြင်ရေးပဲ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမတိုင်ခင် ကာလမှာ၊ EROsက ဗိုလ်မှူးများ ပြောပြတဲ့ စကားတခုရှိတယ်။
“ပြည်သူက ပေါက်ပြား ၅ ချက်ပေါက်လျင် သူ့မိသားစု အတွက် တစ်ချက်ပဲပါတယ်။”
ဆိုလိုသည်မှာ ကရင်နီပြည်တွင် လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့ရှိလျင် လေးဖွဲ့လုံးပြည်သူကို အခွန်ကောက်ပါတယ်။ လေးဖွဲ့လုံးကို အခွန်ပေးရသဖြင့် ပေါက်ပြား ငါးချက်ပေါက်လျင် လေးချက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခွန်အတွက်ဖြစ်ပြီး သူ့အတွက် တစ်ချက်ဘဲ ကျန်ပါတယ်။
နွေဦးတော်လှန်ရေးကာလမှာတော့ ကရင်နီပြည်မှာ မူလရှိရင်းစွဲ EROs များ အပြင် အသစ်ပေါ်လာတဲ့ လက်နက်ကိုင်အစုအဖွဲ့ များစွာရှိပါတယ်။ တော်လှန်ရေးအဖွဲ့တွေကို ပြည်သူက ထောက်ပံ့ရတယ်။ IEC က အခွန်စုပေါင်းကောက်ပြီးနောက်ပိုင်း တစ်ဖွဲ့ချင်းစီရဲ့ အခွန်ကောက်မှုတွေ လျော့နည်းသွားပေမယ့် ပြည်သူလူထုက အဖွဲ့အစည်းတွေကို သီးခြားပေးနေရတာလည်း ရှိပါသေးတယ်။ ဆိုလိုတာက အဖွဲ့အစည်းများနေတာဟာ ထောက်ပံ့ပေးနေတဲ့ ပြည်သူလူထုအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်ပါတယ်။
နောက်ထပ် တော်လှန်ရေးအဖွဲ့အသစ်ကို ပြည်သူများ ထပ်မလိုအပ်တော့ပါ။ ရှိပြီးသား အဖွဲ့များ ပေါင်းစည်းရေးကိုသာ ပြည်သူများ လိုလားနေပါတယ်။ အဖွဲ့တိုင်းကို ကြောက်ရတဲ့ ဒုက္ခကိုလည်း ပြည်သူလူထုက ခံစားနေရပါတယ်။ ပြည်သူလူထုတွေဟာ စနစ်ကျပြီး စည်းကမ်းရှိတဲ့၊ စည်းလုံးညီညွတ်တဲ့ တပ်ကိုသာ လိုလားနေကြတာဟာ မြေကြီးလက်ခတ်မလွှဲပါ။
သံယံဇာတ နှင့်တော်လှန်ရေး
တော်လှန်ရေးကာလမှာ စစ်အသုံးစရိတ်ရရှိရေးအတွက် ပြည်နယ်အတွင်းရှိ မြေပေါ်မြေအောက် သယံဇာတတွေကို ထုတ်ရောင်းကြပါတယ်။ သယံဇာတထုတ်ယူရေးကိစ္စမှာလည်း တော်လှန်ရေးတပ်ဖွဲ့ တွေ အားလုံးနီးပါး တစ်နည်းမဟုတ်တစ်နည်းပါဝင် ပါဝင်ပတ်သက်ကြပါတယ်။ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ထုတ်ယူတဲ့ အဖွဲ့အစည်းတွေက အများစုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလ မတိုင်ခင်ကာလတွေမှာတော့ အစိုးရအဆက်ဆက်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ရော၊ တရားမဝင်ပါ ထုတ်ခဲ့ကြပါသေးတယ်။ နွေဦးတော်လှန်ရေးကာလမှာတော့ ဆက်လက်ပြီး တော်လှန်ရေးအတွက် မြေပေါ်မြေအောက် သဘာဝသယံဇာတတွေကို အလုအယက် ထုတ်ယူကြပြန်ပါတယ်။
ယခင်အစိုးရအဆက်ဆက် ထုတ်ယူခဲ့တဲ့ ပြည်နယ်သယံဇာတတွေဟာ ပြည်နယ်ကို ပြန်အကျိုးပြုမှု မရှိသလောက်ပင်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုသာ အဖတ်တင်ကျန်ရစ်ပါတယ်။
ဒါတင်မကပါဘူး။ အခု ထုတ်ယူကြတဲ့ သယံဇာတတွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေဟာလည်း ပြည်သူလူထုထံရောက်ရှိတဲ့ ရာခိုင်နှုန်းက အနည်းအကျဥ်းမျှသာ ဖြစ်ပါတယ်။ သယံဇာတမှ ရရှိတဲ့ အခွန်တွေထဲကနေ စစ်အသုံးစရိတ်ကို ဦးစားပေးရတာ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို ခွဲတမ်းပေးရတာတွေကြောင့် ပြည်သူလူထုအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေဆီ ပြန်လည်စီးဆင်းနိုင်မှုက အနည်းအကျဥ်းသာ ဖြစ်ပါတယ်။
တချို့ တော်လှန်ရေးအမည်ခံပြီး ထုတ်ယူသုံးစွဲတဲ့ သံယံဇာတတွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေဟာ တော်လှန်ရေးအကျိုးအတွက်တောင် စီးဆင်းပါရဲ့လားလို့တောင် သံသယရှိစရာကောင်းတဲ့ အခြေအနေ အချိန်ကာလလည်း ရှိပါတယ်။ ကိုယ်ကျိုးစီးပွားသမားတွေဟာလည်း ပဋိပက္ခကာလကို အခွင့်ကောင်းယူပြီး ပြည်နယ်ရဲ့ သယံဇာတတွေကို ထုတ်ယူရောင်းချနေကြတာကိုလည်း ဝမ်းနည်းစွာ တွေ့ရပါတယ်။
ပြည်နယ်သယံဇာတဟာ ပြည်သူတွေအားလုံးနဲ့ သက်ဆိုင်တာပါ။ နောင်မျိုးဆက်တွေနဲ့လည်း သက်ဆိုင်ပါတယ်။ တော်လှန်ရေးအတွက်အကြောင်းပြပြီး သယံဇာတတွေကို အဆမတန် ထုတ်ယူသုံးစွဲရင်တော့ တော်လှန်ရေးအလွန်ကာလတွေမှာ ကရင်နီပြည်ဟာ အခွံသာကျန်တဲ့၊ ရေပင်သောက်စရာမရှိတဲ့ စုတ်ပြတ်သတ်နေတဲ့ နေရာတစ်ခုအဖြစ်သာ ကျန်ရှိမှာဖြစ်တယ်။
တော်လှန်ရေးကာလ ကြာရှည်မှုဟာ၊ သယံဇာတ ကုန်ခမ်းမှုနဲ့ တိုက်ရိုက်အချိုးကျသလို ကရင်နီပြည်မှာ တော်လှန်ရေး အဖွဲ့များပြားရှိနေခြင်းက သယံဇာတ အလွန်အကျွံထုတ်ယူမှု၊ အရင်းအမြစ် ခေါင်းကွဲမှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ သယံဇာတက ရရှိတဲ့ အကျိုးအမြတ်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ တော်လှန်ရေးအတွက်ကော ပြည်သူလူထုအတွက်ကော အကျိုးရှိမှာ ဖြစ်ပါတယ်။
အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။




