ခွန်းရွှေခန့်
ဘာကြောင့်ကရင်နီပြည်နယ်တပ်ဖွဲ့စည်းသင့်လဲ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရ ကရင်နီပြည်မှာ စနစ်ကျတဲ့၊ စည်းကမ်းရှိတဲ့၊ ညီညွတ်တဲ့ ပြည်နယ်တပ်တခု မဖြစ်မနေလိုအပ်နေပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အာဏာရှင်တပ်ဖြစ်တယ်လို့ ဘယ်လိုဘဲ ပြောပြော အမိန့်နာခံမှုကောင်းတယ်၊ စည်းစနစ်ကျတယ်၊ အမိန့်ပေးစီးဆင်းမှုကလည်း တခုတည်းရှိတယ်။ ဒါကငြင်းလို့မရတဲ့အ ချက်ဖြစ်တယ်။ လူမဆန်တာကတော့ တပိုင်းပေါ့။
အကြမ်းဖက်စစ်တပ်ကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း အာဏာရှင် စစ်တပ်နဲ့ တူလို့မရဘူးဆိုပေမယ့် စစ်တပ်ထက် မနိမ့်တဲ့ စည်းစနစ်ကျတဲ့ တပ်ဖွဲ့စည်းပုံ၊ စနစ်ကျတဲ့ အမိန့်ပေးစီးဆင်းမှုနဲ့ နိုင်ငံတကာဥပဒေ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်ဘက်ဆိုင်ဥပဒေတွေကို လေးစားလိုက်နာတဲ့တပ်ဖွဲ့တစ်ခု ဖြစ်ဖို့လိုအပ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နှစ်ပေါင်း (၇၀) လုံးလုံး ပြည်သူ့ဘဏ္ဏာနဲ့ တပ်ကို တည်ဆောက်လာတာဖြစ်တယ်။ နောက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့နောက်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်တို့ ရုရှားတို့ရှိတယ်။ ဆိုလိုချင်တာက ရန်သူဟာ အင်အားကြီးတဲ့ မဟာမိတ်တွေရှိပြီးတော့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေရှိတယ်။ စစ်မှုမထမ်းမနေရ ဥပဒေနဲ့လည်း အင်အားတွေ ဖြည့်တင်းထားပါတယ်။ ဒါကြောင့် ဒီလောက်အင်အားကြီးပြီး ခေတ်မီလက်နက်တွေရှိတဲ့ ရန်သူကို ရန်ဆိုင်ဖို့ ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ တစ်ယောက်တစ်ပေါက် လုပ်နေလို့မရပါဘူး။
တော်လှန်ရေးတပ်ဖွဲ့တွေ စည်းလုံးပြီး စည်းစနစ်ကျမှကိုဖြစ်မှာပါ။ တော်လှန်ရေးတပ်ဖွဲ့မှာ အားသာချက်တွေဖြစ်တဲ့ နယ်မြေကျွမ်းကျင်မှု၊ စိတ်ဓါတ်တက်ကြွမှု၊ တပ်အင်အား အထိုက်အလျှောက်ရှိမှု စတာတွေကို အသုံးချပြီးတော့၊ စနစ်ကျတဲ့ တပ်ဖွဲ့စည်းမှုနဲ့ မဟာဗျူဟာကျတဲ့ အမိန့်ပေးကွပ်ကဲမှုတို့ကို ပေါင်းစပ်လိုက်ရင် အကြမ်းဖက်စစ်တပ်ကို အောင်နိုင်မှာ မလွဲမသွေဘဲဖြစ်ပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ စစ်ဘုရင်တွေဖြစ်သွားလို့မရပါဘူး။ စစ်အာဏာရှင်ကို တော်လှန်ပြီးတော့ တစ်သက်လုံး တော်လှန်ရေးတပ်၊ တော်လှန်ရေးအဖွဲ့အစည်း လုပ်ချင်လို့လည်းမရပါဘူး။ တစ်သက်လုံးလုပ်ချင်ရင်တော့ ဒါက စစ်ဘုရင်ဝါဒဘဲဖြစ်ပါတယ်။
“စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ စစ်ဘုရင်တွေဖြစ်သွားလို့မရပါဘူး။ စစ်အာဏာရှင်ကို တော်လှန်ပြီးတော့ တစ်သက်လုံး တော်လှန်ရေးတပ်၊ တော်လှန်ရေးအဖွဲ့အစည်း လုပ်ချင်လို့လည်းမရပါဘူး။ တစ်သက်လုံးလုပ်ချင်ရင်တော့ ဒါက စစ်ဘုရင်ဝါဒဘဲဖြစ်ပါတယ်။
“စစ်ဘက်က အရပ်ဘက်ဆိုင်ရာ ကဏ္ဍတွေမှာ ဝင်စွက်လို့မရပါဘူး။ အရပ်ဘက် ကဏ္ဍ အားလုံးမှာ တပ်တွေ ပါဝင်လာပြီဆိုရင်တော့ ဒါဟာ စစ်ကော်မရှင် တပ်နဲ့ ဘာမှ မကွာခြားတော့ပါဘူး။ တော်လှန်ရေးကာလမှာ စစ်ရေးပိုတယ်ဆိုပေမယ့် စစ်ဘက်က အရပ်ဘက်ရဲ့ စီမံခန့်ခွဲမှုအောက်မှာဘဲ ရှိရမှာဖြစ်ပါတယ်။
အခုလက်ရှိ လူငယ်တွေဦးဆောင်နေတဲ့ တော်လှန်ရေးဟာ စနစ်ပြောင်းတော်လှန်ရေးဖြစ်တယ်။ စနစ်ပြောင်းတော်လှန်ရေးဖြစ်တာနဲ့အညီ အရင် ခေတ်ဟောင်း၊ စနစ်ဟောင်း ရဲ့ ဆိုးမွေတွေအားလုံးကို အမြစ်လှန် ပြောင်းလှန်ရမှာဖြစ်တယ်။ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့တပ် ပြိုကျသွားရုံနဲ့ တော်လှန်ရေးဟာ မပြီးသွားပါဘူး။ အာဏာရှင်စနစ် ပေါ်ပေါက်ဖို့အတွက် ကျားကန်ပေးနိုင်တဲ့ အယူအဆ အတွေးအခေါ်တွေ၊ ကြံဆောင်လုပ်ကိုင်ပုံတွေ အားလုံးကို တိုက်ဖျက်ရမှာဖြစ်တယ်။ ဖိနှိပ်မှုတွေ မတရားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ဖယ်ကျဥ်မှုတွေ မရှိတဲ့၊ တရားမျှတတဲ့၊ သဟဇာတမျှတဲ့၊ လူမှုအသိုက်အဝန်းတခုကို အာမခံပေးတဲ့ ခေတ်ပြောင်းစနစ်သစ်ကို တည်ဆောက်ရမှာဖြစ်တယ်။
ဒါကြောင့် စစ်ဘုရင်ဝါဒ မထွန်းကားရေး၊ အာဏာရှင်စနစ် တဖန်အမြစ်မတွယ်ရေးအတွက် စနစ်ကျတဲ့၊ ပရောဖက်ရှင်နယ်ကျတဲ့၊ တပ်ဖွဲ့ဖြစ်လာဖို့ မဖြစ်မနေ ကရင်နီပြည်နယ်တပ်ကို ဖွဲ့စည်းပြီး အရပ်သား အစိုးရအောက်မှာ ထားရှိရမှာဖြစ်ပါတယ်။
လတ်တလော မြေပြင်စစ်ရေးအခြေအနေတွေကို သုံးသပ်ရမယ်ဆိုရင် စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ကို အပြင်းအထန်ပြန်လည်ခုခံနေရပါတယ်။ ဖယ်ခုံ၊ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ စတဲ့မြို့နယ်တွေတိုင်းမှာ စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်း (ပစ) တွေသုံးပြီး အင်အားအလုံးအရင်းနဲ့ ခေတ်မီ ဒရုန်းတွေနဲ့ စစ်ဆင်ရေးကို လုပ်နေတယ်။
တော်လှန်ရေးဘက်ကတော့ လက်နက်ခဲယမ်းတွေ မျှသုံးပြီး ကွပ်ကဲရေးကို ပေါင်းလုပ်နိုင်တဲ့နေရာဆိုရင် ရန်သူကို ပိုပြီးတော့ အသာစီးတိုက်ခိုက်နိုင်တယ်။ မြေပြင်တပ်တွေ မညီညွတ်ဘဲ ဖရူဖရဲဖြစ်တဲ့နေရာတွေကတော့ ရန်သူတွေက အသာစီးရတယ်။ ဒါကြောင့် စစ်အနိုင်တိုက်ရေးက တပ်ဖွဲ့အားလုံး မဟာဗျူဟာကျတဲ့ ကွပ်ကဲမှု တခုတည်အောက်ရှိရေးနဲ့ တိုက်ရိုက်အချိုးကျတယ်။ ဒါကြောင့် ကရင်နီတော်လှန်ရေးတပ်တွေ အားလုံးကို စုစည်းတဲ့ ကရင်နီပြည်နယ်တပ်တစ်ခုကို မဖြစ်မနေဖွဲ့စည်းရမှာဖြစ်တယ်။
အကျိုးစီးပွားကို အခြေမခံသော ပြည်နယ်တပ်
ကရင်နီပြည်နယ်တပ် (သို့) UKSA ကို ဖွဲ့စည်းနိုင်ပါက၊ တပ်ဖွဲ့အကျိုးစီးပွားကို မျှော်ကိုးတဲ့ အလုပ်လုပ်တာမျိုးကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ မိမိတို့ တပ်ဖွဲ့ နိုင်ငံရေးအမြတ်ရရေး၊ မီဒီယာမှ ပုံရိပ် မြင့်တက်ရေး၊ မိမိတပ်ဖွဲ့ စီးပွားရေး အကျိုးအမြတ်ရရေးစတဲ့ကိစ္စ တွေကို လုံးဝ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ပြည်သူများနဲ့လည်း ကျေးဇူးခံကျေးဇူးစား လုပ်စရာမလိုတော့ပါဘူး။ လတ်တလောမှာ တပ်ဖွဲ့တွေကို ပြည်သူတွေက ကျေးဇူးရှင်သဖွယ် ဆက်ဆံရတာတွေလည်း ရှိနေပါတယ်။ ပြည်နယ်တပ်ဖွဲ့ဖြစ်သွားရင်၊ တပ်ဖွဲ့တွေဟာ အစိုးရရဲ့ ကာကွယ်ရေးဌာနအောက်က ပြည်သူ့ဝန်ထမ်းတွေဘဲဖြစ်ရပါမယ်။ ပြည်သူကို အစေခံတဲ့ ဝန်ထမ်းတွေ အဖြစ်နဲ့ပဲတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
အကျိုးစီးပွားကို အခြေမခံတဲ့ တပ်ဖြစ်တဲ့ အတွက်၊ အကျိုးစီးပွားဆိုင်ရာကိစ္စတွေ လျော့သွားမယ်။ တပ်ဖွဲ့တွေ စီးပွားရေးလုပ်တာတွေ လုပ်လို့မရတော့ဘူး၊ ခဲတူးတာတွေ၊ သစ်ထုတ်တာတွေ၊ စားသောက်ဆိုင်ဖွင့်တာတွေ၊ ကာရာအိုကေဆိုင်ဖွင့်တာတွေ စတာတွေကို တပ်ဖွဲ့အနေနဲ့ လုပ်လို့မရပါဘူး။ အဲလိုစီးပွားရေးလုပ်ချင်ရင်၊ တပ်ဖွဲ့ဆိုင်ရာ ရာထူးတွေ တာဝန်တွေ စွန့်လွတ်ပြီးတော့ အရပ်သားအနေနဲ့ဘဲ လုပ်ရပါမယ်။
စီးပွားရေးလုပ်လို့မရတဲ့တပ်ကို တော့ အစိုးရက အပြည့်အဝထောက်ပံ့ရမှာဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေ ကို လစာပေးတာတွေ၊ စစ်လက်နက်တပ်ဆင်တာတွေ စားဝတ်နေရေး၊ မသန်စွမ်းဖြစ်သွားတဲ့ ရဲဘော်တွေအရေး၊ ကျဆုံးရဲဘော်မိသားစုကို ထောက်ပံ့ပေးရေး စတာတွေအပြင်၊ တပ်ဘက်ရာထူးတာဝန်တွေက နေ ရပ်နားပြီး ၊ အရပ်သားအနေနဲ့ ပြန်နေတဲ့သူတွေအတွက် ၊ ဘဝအာမခံချက်ရှိတဲ့ အစီအစဥ်တွေကို ဖော်ဆောင်ပေးတာတွေ အဆုံးကို အစိုးရကနေ တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
ဂုဏ်သိက္ခာရှိသော ပြည်နယ်တပ်၊ အစိုးရတပ်
စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးဟာ မိမိကိုယ်ကို တော်လှန်ရေးသမား၊ တော်လှန်ရေးတပ်ဖွဲ့အဖြစ် ဂုဏ်ယူကြပါတယ်။ ဂုဏ်လည်းယူသင့်ပါတယ်။ ပေးဆပ် စွန့်လွတ်မှုတွေက အဖိုးမဖြတ်နိုင်တဲ့ အတွက် တော်လှန်ရေးသမား၊ တော်လှန်ရေးတပ်ဖွဲ့ အဖြစ်ရပ်တည်ရတာလောက် ဂုဏ်ယူစရာ မရှိနိုင်လောက်တော့ပါဘူး။
နိုင်ငံတကာအမြင်မှာတော့ ကျွန်တော်တို့တွေက ဒီမိုကရေစီ၊ ဖက်ဒရယ်၊ လူ့အခွင့်အရေး၊ တရားမျှတမှုတွေ အတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့လို့လည်းအသိအမှတ်ပြုကြပါတယ်။ သို့ပေမယ့် ဗဟိုအာဏာ(သို့) စစ်တပ်ကို တော်လှန်နေတပ် အဖွဲ့တွေ (resistance forces, Freedom fighter, Rebel force) စသဖြင့်ဘဲ သုံးနှုန်းကြတာကို တွေ့ရှိရပါတယ်။ ဆိုလိုချင်တာက စစ်အစိုးရတပ်ကို တော်လှန်နေတဲ့ သူပုန်တွေလို့ဘဲ အသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုပြီးတော့ PDF ကို အစိုးရတပ်အဖြစ် အသိအမှတ်ပြုရင်တော့ တမျိုးတဖုံဖြစ်လာမှာပေါ့။
တော်လှန်ရေးကာလ ကလည်း ၅ နှစ် ရှိလာပြီးဖြစ်ပါတယ်၊ တော်လှန်ရေးလုပ်ရင်းနဲ့ တော်လှန်ရေးကာလမှာ စစ်တပ်နဲ့အပြိုင် စင်ပြိုင်၊ အစိုးရဖွဲ့ရသလို၊ အစိုးရတပ်ကို လည်း ဖွဲ့စည်းရမှာဖြစ်တယ်။ တော်လှန်ရေးကာလ တိုတောင်းရင်တော့ ကိစ္စမရှိပေမယ့် တော်လှန်ရေးကာလရှည်ကြာလာလျှင် စနစ်ကျတဲ့ ပြည်နယ်တပ်၊ အစိုးရတပ်အဖြစ်ရပ်တည်ဖို့လိုတယ်။ ဒါမှသာ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူကို တာဝန်ခံတဲ့ အစိုးရတပ်အဖြစ် ပြည်တွင်းပြည်ပ ၊နိုင်ငံတကာအင်အားစုတွေက အသိအမှတ်ပြုမှာဖြစ်ပါတယ်။
လူမျိုးအခြေပြုERO၊ ပြည်နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Local PDF အဖွဲ့ အဖြစ်နဲ့ပဲ ရပ်တည်နေရင် တော်လှန်ရေးကာလကြာလာတာနဲ့အမျှ ဒီအဖွဲ့တွေက စစ်ဘုရင် ဝါဒီတွေ၊ ပြည်သူ့စစ်အဆင့်ကနေ တက်လာမှာမဟုတ်ပဲ၊ သူပုန်သာသာအဖွဲ့တွေ အဖြစ်နဲ့ပဲကျန်ခဲ့မှာဖြစ်ပါတယ်။
“နှောင်မျိုးဆက်ကို ပေးရမယ့်တော်လှန်ရေးအမွေတွေက လက်နက်ကိုင်အဖွဲ့၊ တော်လှန်ရေးသက်တမ်း၊ အဖွဲ့အစည်းမွေးနေ့၊ တပ်ဖွဲ့ဖွဲ့စည်းကြောင်း နှစ်ပတ်လည်တွေ၊ မဟုတ်ပါဘူး။ စစ်မှန်တဲ့တော်လှန်ရေးအမွေက ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးဘဲဖြစ်သင့်ပါတယ်”
တော်လှန်ရေးကာလကြာလာတာနဲ့အမျှ တော်လှန်ရေးသက်တမ်းဘယ်လောက်ကြာကြာ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ ဖြစ်ကြောင်း နှစ်ပေါင်း (၃၀) (၄၀) တော်လှန်ရေးလုပ်လာတဲ့ အဖွဲ့အစည်းတွေ၊ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဖြစ်ကြောင်း၊ ဂုဏ်ယူပြီးပြောမယ့် ကာလတွေ ရောက်လာမှာ ဖြစ်ပါတယ်။ နောင်မျိုးဆက်ကို ပေးရမယ့်တော်လှန်ရေးအမွေတွေက လက်နက်ကိုင်အဖွဲ့၊ တော်လှန်ရေးသက်တမ်း၊ အဖွဲ့အစည်းမွေးနေ့၊ တပ်ဖွဲ့ဖွဲ့စည်းကြောင်းနှစ်ပတ်လည်တွေ၊ မဟုတ်ပါဘူး။
စစ်မှန်တဲ့တော်လှန်ရေးအမွေက ခေတ်ပြောင်း၊ စနစ်ပြောင်းတော်လှန်ရေးဘဲဖြစ်သင့်ပါတယ်။
ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီ၊ လွတ်လပ်၊ငြိမ်းချမ်း၊မျှတတဲ့ လူမူအသိုက်အဝန်းကို တည်ဆောက်နိုင်တဲ့ စနစ်တစ်ခုကို တော်လှန်ရေးအမွေအဖြစ်နဲ့ ပေးခဲ့ရမှာဖြစ်ပါတယ်။
နိုင်ငံတကာက လေးစားအသိအမှတ်ပြုတဲ့နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာတဲ့ ဂုဏ်သိက္ခာရှိတဲ့ ပြည်နယ်အစိုးရတပ်အဖြစ်နဲ့ ရပ်တည်နိုင်ဖို့ ၊ကရင်နီပြည်နယ်တပ် ကို မဖြစ်မနေဖွဲ့စည်းရမှာဖြစ်ပါတယ်။
အပိုင်း (၃) ကို ဆက်လက်တင်ဆက်သွားပါမည်။
ဤအတွေးအမြင်ဆောင်းပါးသည် သက်ဆိုင်ရာစာမူရှင်၏ အာဘော်သာ ဖြစ်ပါသည်။



