spot_img
17.4 C
Loikaw
Friday 30, January 2026
spot_img
Homeဆောင်းပါး“စစ်မက်အောက်က စိတ်ကျန်းမာရေး ကပ်ဆိုးများ”

“စစ်မက်အောက်က စိတ်ကျန်းမာရေး ကပ်ဆိုးများ”

-

ကန္တာရဝတီတိုင်း(မ်)

စစ်ပွဲဆိုတာ လူ့အသက်ကိုသာ ယူသွားတာတင်မကဘဲ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စိတ်ကျန်းမာရေးကိုပါ တိတ်တဆိတ် ဖျက်ဆီးသွားတတ်ပါတယ်။ ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ကရင်နီလူထုတွေရဲ့ အသက်၊ အိုးအိမ် စည်းစိမ်နဲ့ မြို့၊ ရွာ တွေကို ပျက်စီးစေသလို အသက်ရှင်ကျန်ရစ်သူတွေဖြစ်တဲ့ ကရင်နီပြည်သူတွေအပေါ် မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကြီးတခုကို ချန်ထားခဲ့ပါတယ်။ ဒီဒဏ်ရာတွေက အချိန်ကြာလာတာနဲ့အမျှ ပိုမိုနက်ရှိုင်းလာပြီး လူ့အသိုင်းအဝိုင်း တခုလုံးကို ထိခိုက်စေနိုင်ပါတယ်။

စစ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဒဏ်ရာများ

ကရင်နီပြည်မှာ နေထိုင်သူအများစုဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျရောက်မှု၊ စစ်ဆင်ရေး စတာတွေကို နေ့စဉ်ကြုံတွေ့နေရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လူတွေဟာ အမြဲတမ်းကြောက်ရွံ့နေတတ်ပြီး ညအိပ်မပျော်ခြင်း၊ အသံကြားရင် ထိတ်လန့်ခြင်း၊ အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်နေခြင်း စတဲ့ Post-Traumatic Stress Disorder (PTSD) လက္ခဏာတွေကို ခံစားလာရပါတယ်။

Post-Traumatic Stress Disorder (PTSD) ဆိုတာ ပြင်းထန်လှတဲ့ ထိခိုက်ဒဏ်ရာရှိစေတဲ့ အတွေ့အကြုံ တခုကို ကြုံတွေ့ပြီးနောက် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတမျိုး ဖြစ်ပါတယ်။ လူတဦးဟာ မိမိရဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်ကြုံရခြင်း၊ မျက်မြင်တွေ့ရခြင်း သို့မဟုတ် နီးစပ်သူတဦးဦးက ထိခိုက်၊ ဒဏ်ရာ ရသွားတာတွေကြောင့် PTSD ဖြစ်လာနိုင်ပါတယ်။ တချို့ကတော့ ဒီစိတ်ထိခိုက်မှုကို ကိုယ်တိုင်တောင် သတိမထားမိဘဲ နေ့စဉ်ဘဝကို ခက်ခဲစွာ ဆက်လက်ဖြတ်သန်းနေရပါတယ်။

စစ်ရှောင်ဘဝနဲ့ စိတ်ဖိစီးမှု

ကရင်နီပြည်က စစ်ရှောင်စခန်းနဲ့ တောတောင်တွေထဲမှာ ခိုလှုံနေရတဲ့ မိသားစုဦးရေဟာ တဖြည်းဖြည်း ပိုမိုများပြားလာပါတယ်။ နေရပ်စွန့်ခွာရခြင်းက ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ဘဝကို ဆုံးရှုံးသွားရတာနဲ့ ထပ်တူကျပါတယ်။ အလုပ်အကိုင် မရှိတော့တာ၊ အစားအစာ မလုံလောက်တာ၊ ရှေ့အနာဂတ် မသေချာတာတွေကနေ စိတ်ဖိစီးမှုကို ပိုမိုတိုးလာစေပါတယ်။ ဒီဖိစီးမှုတွေဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုမြင့်တက်ခြင်းနဲ့ မိသားစုအတွင်း အကြမ်းဖက်မှုတွေကို ထပ်မံဖြစ်ပွားလာစေတဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်။

“စစ်ဖြစ်ပြီးတော့ စိုးရိမ်စိတ်ကတော့ အကြီးမားဆုံး ပြောင်းလဲမှုတခုပဲပေါ့နော်။ အဲ့ဒီစိုးရိမ်စိတ်နဲ့ ကြောက်ရွံ့စိတ်ကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ အရာတခုပါပဲ။” လို့ ရေချယ်(အမည်လွှဲ) က ပြောပါတယ်။

အသက် ၃၀ ဝန်းကျင်ရှိတဲ့ ရေချယ်(အမည်လွှဲ) က စစ်ရှောင်စခန်းထဲမှာ နေထိုင်ရင်း ညဖက် အိပ်မပျော်တာ၊ လေယာဉ်သံ၊ လက်နက်သံလို အသံကြားရင် ချက်ချင်း ထိတ်လန့် တုန်လှုပ်သွားတာတွေကို ၃ နှစ်ကျော်ကြာ ကြုံတွေ့လာရခဲ့ရသူပါ။ နေ့၊ ည မပြတ် သတိထားပြီး နေရတဲ့အတွက် နှစ်ခြိုက်စွာ အိပ်ပျော်ရတဲ့ညတွေ၊ လွတ်လပ်စွာ ဖြတ်သန်းနိုင်တဲ့ နေ့တွေဟာ သူမအတွက် မရှိတော့ပါဘူး။

အထူးသဖြင့် စစ်ရှောင်စခန်းမှာ ခိုလှုံနေကြရတဲ့ ရေချယ်( အမည်လွှဲ) တို့လို စစ်ရှောင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ရှိတဲ့ မိခင်တွေဟာ လေယာဉ်၊ လက်နက်ကြီးရန်ကို ကြိုတင်ရှောင်ရှားနိုင်ဖို့အတွက် အမြဲတမ်း နိုးနိုးကြားကြား နေထိုင်နေကြပါတယ်။ ဒီလိုအခြေအနေတွေကြား၊ ပင်ပန်းလွန်းတဲ့ တချို့ညတွေမှာ နှစ်ခြိုက်စွာအိပ်ပျော်သွားမှာကိုတောင် စိုးရိမ်နေကြရပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးအား စစ်ရှောင်စခန်းတနေရာတွင် တွေ့ရစဉ်

အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုနဲ့ ကလေးတွေရဲ့ မမြင်ရတဲ့ စိတ်ဒဏ်ရာ

ကလေးတွေအတွက် စစ်ပွဲဟာ ပုံမှန်ဘဝကိုတောင် ဖျက်ဆီးသွားပါတယ်။ ရုတ်တရက် ကျောင်းပိတ်သွားတာ၊ စစ်ကြောင့် မိဘကို ဆုံးရှုံးရတာ၊ လုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတာတွေက ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။ စစ်ပွဲရဲ့ အကျိုးဆက်ကြောင့် ကရင်နီပြည်က ကလေးတွေဟာ ကြောက်ရွံ့မှုနဲ့အတူ ကြီးပြင်းလာရပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ မခိုင်မာတာတွေအပြင် လူမှုဆက်ဆံရေး အခက်အခဲတွေကိုလည်း အနာဂါတ်မှာ ရင်ဆိုင်ရနိုင်ပါတယ်။

“အထူးသဖြင့် အမျိုးသမီး ကလေးပေါ့။ ကလေးတွေဆိုရင် အသံကြားတာနဲ့ ပုန်းခိုကျင်းထဲ ပြေးဝင်မယ်ဆိုတဲ့စိတ်နဲ့ ဒီစိတ်ဒဏ်ရာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေပဲပေါ့နော်။ ဒီကလေးလေးတွေတောင်မှ အသံကြားတာနဲ့ ပုန်းခိုကျင်းပဲ ပြေးဝင်မယ်ဆိုတဲ့အသိ သူတို့မှာ ရှိနေတယ်။ ပိုဆိုးတာက ကလေးပြီးရင် အမျိုးသမီးပေါ့နော်။”

စိတ်ကျန်းမာရေး ဆေးရုံမှာ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဝန်ထမ်းတဦးက သူမကိုယ်တိုင် ကြုံတွေ့၊ မြင်တွေ့နေရတဲ့ ကရင်နီပြည် အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြသွားတာပါ။

စစ်ပဋိပက္ခကာလအတွင်း အမျိုးသမီးတွေဟာ မိသားစုကို ထိန်းသိမ်းရင်း ကိုယ်တိုင်လည်း အန္တရာယ်များစွာကို ရင်ဆိုင်နေရပါတယ်။ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ မိသားစုဝင်တွေ ဆုံးရှုံးရမှုတွေကြောင့် စိတ်ထိခိုက်မှုများကို ပိုမိုခံစားနေရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ကျန်းမာရေးအကူအညီ ရယူနိုင်တဲ့ နည်းလမ်းတွေက လတ်တလော အခြေအနေတွေအရ အကန့်အသတ် ရှိနေသလို စကားအားဖြင့် ထုတ်ပြောဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေတွေ များစွာရှိနေပါတယ်။

စိတ်ကျန်းမာရေး ဝန်ဆောင်မှုအတွက် ကန့်သတ်ချက်များ

Bridge of Being အဖွဲ့ဝင် လင်းလင်း က လတ်တလော ကရင်နီပြည်အတွင်း ပြည်သူတွေ၊ တော်လှန်ရေး လူငယ်ရဲဘော်တွေကြားမှာ အများဆုံး တွေ့ရှိနေရတာဟာ စိတ်ဖိစီးမှု လက္ခဏာတွေ ဖြစ်တယ်လို့ ပြောပါတယ်။ သူမပါဝင်နေတဲ့ အဖွဲ့ဟာ စိတ်ကျန်းမာရေး အသိပညာ မျှဝေပေးတာ၊ စိတ်အပန်းဖြေ အစီအစဉ်တွေ လုပ်ဆောင်ပေးတာနဲ့ စိတ်အခြေအနေတွေကို ရင်ဖွင့်ချင်သူတွေအတွက် နားထောင်ပေးတာပါ။

သူမရဲ့ တွေ့ရှိချက်အရ စစ်ရှောင်ပြည်သူတွေကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ အဓိက အချက်တွေဟာ စားဝတ်နေရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှုနဲ့ အချိန်မရွေး နေရပ်ရွှေ့ပြောင်းရနိုင်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းလုံးမှာ နှစ်စဉ် မိမိကိုယ်ကို အဆုံးစီရင်တဲ့ ဖြစ်ရပ် Suicide Case တွေက ၇ သိန်း ဝန်းကျင် ရှိနေပြီး အာဏာသိမ်းပြီးနောက် ကရင်နီမှာလည်း ဒီလိုဖြစ်ရပ်တွေ ဖြစ်လာနေတယ်လို့ လင်းလင်း က ပြောပါတယ်။ ဒါတွေဟာ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေပါလို့ သူမ က ဆက်ပြောပါတယ်။

“ကရင်နီမှာ ဆိုလို့ရှိရင်လည်း မိမိကိုယ် ကို အဆုံးစီရင်မှုဖြစ်ရပ်တွေဖြစ်တဲ့ Suicide Case တွေ ဆိုလို့ရှိရင်လည်း ဒီနောက်ပိုင်းမှာ အများကြီး တွေ့ရတဲ့ အခြေနေလေးတွေ ရှိတယ်။ ကျမရဲ့ အမြင်အရ ဒီလိုဖြစ်ရပ်တွေက စိတ်ဒဏ်ရာနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဒီကာလမှာ အရမ်း ခက်ခဲတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ စိတ်ပင်ပန်းမှုတွေ အရမ်းကိုများတဲ့ ကာလ ဖြစ်တယ်။” လို့ လင်းလင်း က ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသမျှ အချက်အလက်အရ ၂၀၂၅ ခုနှစ်အတွင်း ကရင်နီမှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်ရပ် ၅ ခု ရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ၅ တန်းကျောင်းသူလေး တဦးလည်း ပါဝင်ပါတယ်။

တော်လှန်ရေးရဲဘော်ဖြစ်တဲ့ လူငယ်တွေကြားမှာတော့ စစ်ပွဲကြောင့် အသက်ကို ဆုံးရှုံးလိုက်ရတာအပြင် ကိုယ်လက်အင်္ဂါ ပေးဆပ်လိုက်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ကြိမ်ဖန်များစွာမြင်တွေ့ကြရတာကြောင့် စိတ်ဖိစီးမှုကို ဖြစ်လာစေတယ်လို့ လင်းလင်း ကဆိုပါတယ်။

ကရင်နီပြည်မှာ ကျန်းမာရေးအဆောက်အဦးတွေ ဖျက်ဆီးခံရတာ၊ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တာတွေကြောင့်လည်း စိတ်ကျန်းမာရေး ဝန်ဆောင်မှုကိုရရှိဖို့ အလွန်ခက်ခဲလာပါတယ်။ နေ့တဓူဝ ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးအခြေအနေတွေအတွက်တောင် လုံလောက်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ခက်ခဲနေဆဲကာလမှာ စိတ်ကျန်းမာရေးအတွက် သီးသန့်ဝန်ဆောင်မှုပေးဖို့ ဆိုတာကလည်း ခက်ခဲနေနိုင်ပါသေးတယ်။

စစ်ပွဲဆီကနေ မလွတ်မြောက်နိုင်သေးတဲ့အခြေအနေမှာ စိတ်လုံခြုံမှုဆိုတာ ရှိမနေသေးတဲ့အတွက် စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုကိုလည်း လုံလောက်စွာ မပေးနိုင်ဘူးလို့ စိတ်ကျန်းမာရေး ဆေးရုံမှာ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM သူနာပြုဆရာမ တဦးကသုံးသပ်ပြောဆိုထားပါတယ်။

“ကျန်းမာရေးပိုင်းဆိုင်ရာ အနေနဲ့ကော စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုံလောက်အောင် ပေးနိုင်ရဲ့လားဆိုတော့ လုံလောက်အောင် ပေးဖို့ဆိုပြီး နေရာပြောင်းမှရမယ်။ စစ်ဖြစ်တဲ့ဇုန်ဧရိယာမှာ ရှိနေသရွေ့ကတော့ ဘယ်လိုမှ ဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ စိတ်လုံခြုံမှုတွေ မပေးနိုင်ဘူး။” လို့ အဆိုပါ သူနာပြုဆရာမ က ပြောပါတယ်။

“ဒီစိတ်ဒဏ်ရာတွေကို မကုနိုင်ရင် ရေရှည်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ Post Trauma လို့ခေါ်တယ်။ စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲပေါ့နော်။ နောက်ဆက်တွဲရေရှည်မှာကျရင် နားထဲမှာ အသံကြားတာတွေ နားထဲမှာ အသံကြားတယ်ဆိုတာက တကယ်မဖြစ်ပဲနဲ့ သူ့နားထဲမှာ လေယာဉ်သံကြားနေရတယ်။ တကယ်မလာပဲနဲ့ အဲ့လိုမျိုးပေါ့နော်။ ပြီးတော့မှ အိပ်မပျော်တာတွေ ရေရှည်အန္တရာယ်ကတော့ အဲ့လိုတွေ ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆို စိတ်မလုံခြုံမှုကြောင့်ပေါ့။ အဲ့လို အန္တရာယ်တွေရှိတယ်။” လို့ စိတ်ကျန်းမာရေး ဆေးရုံမှာ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဝန်ထမ်းတဦးက သုံးသပ်ပြောဆိုထားပါတယ်။

Bridge of Being အဖွဲ့ဝင် လင်းလင်း မှ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုကူညီအားပေးခြင်း သင်တန်း ပို့ချခဲ့စဉ်

စစ်ကြီးပြီးနောက် ပြန်လည်ကုစားရမယ့် စိတ်ဒဏ်ရာများ

ရေချယ်( အမည်လွှဲ) ကတော့ “ဆုံးရှုံးခြင်းတွေ စစကြုံရတဲ့အချိန်မှာကတော့ ဘယ်သူမှ စကားတောင်မပြောချင်တော့ဘူး။ ဒါပေမဲ့ အခုက ကြာသွားတော့ လောကမှာ နေတာကတော့ မတည်မြဲတဲ့အရာတွေပါပဲ ဆိုပြီးတော့မှ ကိုယ့်ကိုယ်ကို ပြန်ဖြေရတဲ့ အခြေအနေမျိုးတွေမှာ ရှိတာပေါ့။ ကိုယ့်ဘဝက အရာရာ တစ်ကနေ ပြန်စရမယ်ဆိုတော့ အခုလက်ရှိ ကိုယ်နေတဲ့နေရာကနေ စပြီးတော့မှ တတ်နိုင်သလောက် ကိုယ်ပြန်ပြီးတော့မှ ရှာထားရမယ်။ ကိုယ့်ကလေးတွေရဲ့ ရှေ့ရေးအတွက် ရှိသေးတယ်ဆိုပြီးတော့မှ စိတ်ကိုခိုင်အောင်ထားပြီးမှ ပြန်ပြီးပြင်ဆင်နေရတယ်။” လို့ သူမရဲ့ အခြေအနေကို ပြောပြပါတယ်။

လတ်တလောမှာတော့ သူမရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ သူမယုံကြည်ရာ ဘာသာတရားနဲ့ ဖြေပြီး နီးစပ်ရာဘာသာရေးခေါင်းဆောင်တွေအပြင် စိတ်ကျန်းမာရေးအကူအညီ ပေးနေတဲ့အဖွဲ့တွေနဲ့ စကားပြောတာတွေကို လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။

စိတ်ရောဂါဆိုတာ “အားနည်းခြင်း ” လို့ ထင်မြင်နေဆဲဖြစ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အသိအမြင်လည်း စိတ်ကျန်းမာရေးအတွက် အကူအညီ သို့တည်းမဟုတ် ဝန်ဆောင်မှုကို ရယူတဲ့နေရာမှာလည်း အတားအဆီးဖြစ်စေပါတယ်။ ဒါကြောင့်လည်း စိတ်ကျန်းမာရေးဟာ အားနည်းနေခြင်း လို့ မယူဆပဲ နီးစပ်ရာအကူအညီပေးနိုင်သူတွေဆီမှာ အကူအညီတောင်းခံတာတွေကို လုပ်ကြဖို့ လင်းလင်း က တိုက်တွန်းသွားပါတယ်။

ကရင်နီပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ တနေ့နေ့မှာ ရပ်တန့်သွားနိုင်ပေမဲ့ စစ်ကြောင့်ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေကိုတော့ အချိန်အတော်ကြာကြာ ကုစားရပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်း ပြန်လည်ထူထောင်ရာမှာ လမ်း၊ အိမ်၊ ကျောင်းတွေလိုပဲ စိတ်ကျန်းမာရေးကိုပါ အရေးကြီးတဲ့ အရာအဖြစ် ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ စစ်ရဲ့ အဆုံးသတ်ဟာ သေနတ်သံပိတ်သွားတဲ့နေ့ မဟုတ်ပဲ ပြည်သူတွေရဲ့ စိတ်ဓာတ်ပြန်လည် ကျန်းမာရှင်သန်လာတဲ့နေ့ ဖြစ်မယ်ဆိုတာကို မမေ့သင့်ပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ