spot_img
17.4 C
Loikaw
Friday 30, January 2026
spot_img
Homeဆောင်းပါးစစ်ဘေးရှောင်တွေကြားက ငွေနှင်းမှိုလေး

စစ်ဘေးရှောင်တွေကြားက ငွေနှင်းမှိုလေး

-

စောအယ်ကညော (ကန္တာရဝတီတိုင်း(မ်))

“ကျ‌နော်တို့ မှိုလုပ်ငန်းစလုပ်တော့မယ်ဆိုရင် အဓိက ကုန်ကြမ်းကတော့ လွှစာကိုယူတယ်ပေါ့နော်။ လွှစာလိုမယ်။ ဖွဲနုလိုမယ်။ ကလူးကို့စ်၊ ဆားခါး၊ သကြား၊ ထုံး အဲ့ဒါတွေ လိုမယ်ပေါ့နော်။ အဲ့ဒါတွေ အကုန်လုံးရောစပ် နယ်ပြီးမှပဲ ပလတ်တစ် အိတ်ထဲမှာထည့် ပြီးမှပဲ ပေပါထဲမှာ လေးနာရင်ကြာအောင် ပေါင်းပေးရတယ်ပေါ့နော်။ပေါင်ပြီးမှ မှိုမျိုးထည့်တဲ့အခန်းထဲမှာအေးအောင်ပြန်ထား ထားပြီးမှ မှိုမျိုးထည့် ထည့်ပြီး သုံးပတ်ထားပြီးမှာပဲ ဈေးကွက်ကို ပို့လို့ရတယ်ပေါ့နော်”

မှို စိုက်ပျိုးရေး (မွေးမြူရေး) လုပ်ငန်းစဉ်နဲ့ပတ်ပြီး လိုအပ်တဲ့ကုန်ကြမ်းတွေနဲ့ ဈေးကွက်ထိ ဖြန့်နိုင်ဖို့ လိုအပ်ချက်ကို အကြမ်းဖျင်းပြောပြနေတာကတော့ အသက် (၄၀)အရွယ် ကိုပလျားရယ်ပဲ ဖြစ်ပါတယ်။

ကိုပလျားရယ်ဟာ အာဏာမသိမ်းခင်က ဒီးမော့ဆို့မြို့၊ ငူးပလော့ ရပ်ကွက်မှာ နေထိုင်ကတည်းက မှို မွေးမြူတဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ဒီးမော့ဆို မြို့ပေါ်မှာပဲ ဈေးကွက်ဖြန့်ကာ ရောင်းခဲ့တာဖြစ်ပါတယ်။

အဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ဘေးရှောင်ဘဝနဲ့ ပြေးလွှားရှောင်တိမ်းနေရတဲ့အပြင် နေရာအတည်တကျ မရှိတာကြောင့် မှို စိုက်တဲ့ အလုပ်ကိုရပ်နားခဲ့ရပြီး ˙နေရာအတည်တကျရှိလာတဲ့ ၂၀၂၃ ခုနှစ်ရောက်မှ ဒီ လုပ်ငန်းကိုပြန်စတင်ခဲ့ရတာဖြစ်ပါတယ်။

” မှို ဆိုတာလူတိုင်းနီးပါး စားတဲ့အရာဖြစ်တဲ့အတွက် ဈေးကွက်က သူ့ဟာသူ ပေါ်လာလိမ့်မယ်ဆိုပြီးတော့ လုပ်ဖြစ်သွားတာပေါ့” လို့ ကိုပလျားရယ်က ဆိုပါတယ်။

မှို မွေးမြူတဲ့ လုပ်ငန်းကို စစချင်းလုပ်တဲ့အချိန်မှာတော့ လုပ်ငန်းကျွမ်းကျင်မှုအားနည်း‌‌ သေးတာကြောင့် အနည်းငယ် အရှုံးတွေကိုရင်ဆိုင်ခဲ့ရပေမဲ့ ကိုပလျားရယ်ဟာ အမှားတွေကနေ သင်ခန်းစာယူပြီး အကောင်းဆုံးပြုပြင်ပြောင်းလဲခဲ့ပါတယ်။

စစ်ဘေးရှောင်တွေ အချင်းချင်းကြားမှာ မှိုစျေးကွက်ရလာဖို့က လွယ်ကူလှတယ်တော့ မဟုတ်ပါဘူး။ ဝင်ငွေမရှိတာကြောင့် မဝယ်နိုင်သူတွေရှိသလို ၊ စားနေကျ မဟုတ်တဲ့ စိုက်ပျိုးရေး (မွေးမြူရေး) မှိုအမျိုးအစားဖြစ်တာကြောင့်လည်း အစပိုင်းမှာ ရောင်းအားမကောင်းခဲ့ပါဘူး။ ဒါပေမဲ့လည်း စိုက်ပျိုးရေး (မွေးမြူရေး) မှိုတွေကို တဖြေးဖြေးမိတ်ဆက်ရင်း အခုတော့ မှိုလှုပ်ငန်းကနေ မိသားစုဝင်ငွေ ဟာ လစဉ် ၁၀ သိန်းဝန်းကျင် ရနေပါပြီ။

“အမှန်တိုင်းပြောရင် ထုတ်လုပ်အားပဲလိုတယ်။ စားသုံးသူ‌တွေကတော့ နေ့တိုင်းနီးပါးလာမေးတယ်။ ထုတ်လုပ်နိုင်ဖို့ပဲလိုတယ်။ ကျနော်တို့စိုက်ပျိုးရေးမှို(မွေးမြူရေးမှို)ကတော့ ရွာခံတွေ သိပ်မစားကြဘူး။ စစ်ဘေးရှောင်တွေပဲ အချင်းချင်းပြန်အားပေးကြတယ်” လို့ဆိုပါတယ်။

မှိုတွေကို ထိန်းသိမ်းရာတာကလည်း စိန်ခေါ်မှုတွေများပါတယ်။ စစ်ရှောင်တဲတွေထဲမှာ ထားတာ‌ဖြစ်တဲ့အတွက် မှိုထုပ်တွေကို ကြွက်ဖျက်တဲ့ ရန်ကနေလည်း ကာကွယ်ရပါသေးတယ်။

ဒါတင်မကပါဘူး မှိုတွေကို ပြုစုဖို့အတွက် အလုပ်သမားတွေလည်းလိုပါတယ်။
အလုပ်သမားတွေကိုတော့ ကိုပလျားရယ်တို့ နေထိုင်တဲ့ စစ်ရှောင်စခန်းတွေထဲက အဆင်မပြေတဲ့ မိသားစုတွေ၊ ပိုမိုခက်ခဲသူတွေကို ရွေးချယ်ခေါ်ယူပြီး ထိုက်သင့်တဲ့ လုပ်အားခတွေကို ပြန်ပေးနိုင်အောင်ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုပလျားရယ်ဟာ မှိုစိုက်ပျိုးနည်း(မွေးမြူနည်း) နဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေက အကူညီတောင်းလာခဲ့ရင်လဲ စာတွေ့၊ လက်တွေသင်တန်းပေးတာတွေကိုလည်း လုပ်ပေးတတ်ပါတယ်။ အခုဆိုရင် ကိုပလျားရယ်ရဲ့ သင်တန်းတက်ရောက်ခဲ့ပြီးသူတွေထဲက တနိုင်တပိုင် မှိုလုပ်ငန်းကို လုပ်ကိုင်နေသူတွေရှိလာပါပြီ။

တနိုင်တပိုင်စတင်ခဲ့တဲ့ ကိုပလျားရယ်ရဲ့ မှိုလုပ်ငန်းဟာ အခုတော့ ကရင်နီပြည်တွင်းမှာသာမကပဲ ထိုင်းနိုင်ငံရောက် အသိမိတ်ဆွေးတွေရဲ့ အော်ဒါ(အမှာ) တွေကိုလည်း လက်ခံပြီး လမ်းခရီးအခက်အခဲတွေကြားက ပို့ဆောင်ပေးနေပါပြီ။

ဒါ့အပြင် တနိုင်တပိုင်မွေးမြူလိုသူတွေအတွက် တစ်လကိုလဲ မှိုထုတ် (၃)ထောင်နဲ့ (၄)ထောင်ကြားမှာ ပြန်ရောင်းချပေးနေပြီး မှိုတစ်ထုတ်ဈေးဟာ မြန်ကျပ်ငွေ (၁၆၀၀)ကျပ်ဖြစ်ပါတယ်။

ကိုပလျားရယ်ရဲ့ အသေးစား မှို စိုက်ပျိုးရေး (မွေးမြူရေး) လုပ်ငန်းဟာ စစ်ဘေးရှောင်တွေအတွက် တပိုင်တနိုင်ဝင်ငွေရှိစေနိုင်သလို မိသာစု စားဝတ်နေရေး အတွက် အဟာရရှိတဲ့ ဟင်းတခွက်ပါဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေရဲ့ အိမ်ပြန်ချိန်ရောက်လာမယ့် တနေ့မှာလည်း ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်နေရာဒေသမှာ အသက်မွှေးဝမ်းကြောင်းလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြသူတွေ ရှိလာအုံးမှာ အသေအချာပဲဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ