ကန္တာရဝတီတိုင်း(မ်)
စစ်ရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ နေ့ရပ်စွန့်ခွာထွက်ပြေးပြီး စစ်ရှောင်စခန်းမှာ နေရသူတိုင်းကတော့ အခက်အခဲကိုယ်စီရှိကြတယ်ဆိုတာ အားလုံးသိနှင့်ပြီးသားပါ။ ဒါပေမဲ့ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေအတွက်တော့ ကိုယ်ခန္ဓာဆိုင်ရာ လိုအပ်ချက်တွေ၊ ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကြောင့် ထပ်ဆင့်ခက်ခဲမှုတွေနဲ့ ပိုမိုရင်ဆိုင်နေကြရပါတယ်။
အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေဟာ လစဉ်ဓမ္မတာလာတဲ့ အချိန်မျိုးမှာ မရှိမဖြစ် လစဉ်သုံးပစ္စည်းကို အသုံးပြုကြရပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာပဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ အမျိုးသမီး လစဉ်သုံးပစ္စည်းနဲ့ တကိုယ်ရေ သုံးပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ စစ်ရှောင်ကော်မတီဝင်တဦးက ပြောဆိုလာပါတယ်။
“လစဉ်သုံးမဝယ်နိုင်တဲ့အခါမှာဆိုရင် ဘာလဲ အဲ့မျိုး အဝတ်တွေနဲ့ဘဲလုပ်ရတယ်” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျောင်းသူတဦးက သူမ ဓမ္မတာလာတဲ့အချိန် အဝတ်စုတ်သုံးရတဲ့အကြောင်း ပြောပြပါတယ်။
ဒီလို လစဉ်သုံးပစ္စည်းတွေမရရှိနိုင်တဲ့အတွက် အမျိုးသမီးအများစုဟာ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုတွေကို ကြုံတွေ့နေရပါတယ်။
လစဉ်သုံးပစ္စည်းအသုံးမပြုနိုင်တာကြောင့် ကြုံတွေ့ရတဲ့ပြဿနာများ
အမျိုးသမီးတွေရဲ့ လစဉ်သုံးပစ္စည်းတွေထဲမှာ အမျိုးသမီးသန့်ရှင်းရေးသုံးပစ္စည်းတွေ၊ tampons ၊ လစဉ်သုံးဂွမ်းထုပ် ၊ ရာသီခွက်နဲ့ ပြန်သုံးနိုင်တဲ့အ၀တ်အထည်တွေ စသဖြင့် များစွာရှိပါတယ်။ ကရင်နီစစ်ရှောင်အသိုင်းအဝိုင်းမှာတော့ လစဉ်သုံး ဂွမ်းထုပ်ကိုပဲ ပိုအသုံးများတာကို တွေ့ရပါတယ်။
ဒီပစ္စည်းတွေဟာ အရွယ်ရောက်ပြီး အမျိုးသမီးတွေအတွက် မရှိမဖြစ်တဲ့ အခြေခံ လိုအပ်ချက်တွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်ငွေနည်းပါးမှု၊ စျေးနှုန်းမြင့်မားမှု၊ စစ်ရှောင်စခန်းတွေမှာ ရရှိနိုင်ဖို့ ခက်ခဲတာတွေကြောင့် အမျိုးသမီးတချို့ဟာ ဒီပစ္စည်းတွေကို မသုံးနိုင်ကြပါဘူး။
“ဒါက တော်တော်လေးကို ရှာဝယ်ရတာပေါ့နော်။ ပစ္စည်းတွေလည်းအများကြီးမရှိဘူး ။ ပြတ်တာမျိုးတွေရှိတယ်” လို့ ကရင်နီမှာ စစ်ရှောင်အရေးဆောင်ရွက်နေတဲ့ ကျေးလက်မြေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ “မူစဲ” ကပြောပါတယ်။
ဒါ့အပြင် ရေရှားပါးမှုပြဿနာကလည်း အမျိုးသမီးတွေရဲ့ ဓမ္မတာလာနေစဉ်အတွင်း စိန်ခေါ်မှုတခုဖြစ်တယ်လို့ မူစဲက အခုလိုဆက်ပြောပါတယ်။
“အမျိုးသမီးတွေအတွတ် လစဉ်သုံးက အခက်ခဲတခုတည်း မကဘူးပေါ့နော်။ နောက်ဆက်တွဲပေါ့နော၊ ဖြစ်တဲ့ အခြေနေလေးတွေကို ပြောရမယ်ဆိုလို့ရှိရင်တော့ လစဉ်သုံးမရှိဘူးဆိုရင် တကိုယ်ရေသန့်ရှင်းရေးအတွက် အများကြီးခက်ခဲဖြစ်တယ်။ အဝတ်သုံးတယ်ဆိုရင်တောင်မှ ရေရှားတဲ့နေရာမျိုးမှာဆိုလို့ရှိရင် လျှော်ဖွတ်ရတာလည်း ခက်ခဲတယ်” လို့ သူမက ပြောပါတယ်။
တချို့အမျိုးသမီးတွေဟာ အဝတ်အစားအဟောင်းတွေ၊ သန့်ရှင်းမှုမရှိတဲ့ အဝတ်အထည်ပစ္စည်းတွေကို အစားထိုး အသုံးပြု နေရတာပါ။ ဒါဟာ အမျိုးသမီးတွေကိုယ်ခန္ဓာအတွက် အန္တရာယ်ရှိတဲ့ အခြေအနေ တခုဖြစ်သလို လူမှုအသိုင်းအဝိုင်းထဲမှာ ပွင့်လင်းစွာ မပြောဆိုရဲကြတဲ့အတွက် မမြင်ရတဲ့ ပြဿနာတခုလို ဆက်လက်တည်ရှိနေပါတယ်။
နောက်ဆက်တွဲကျန်းမာရေးပြဿနာများ
“ကျမတို့ဆို အမျိုးသမီး၊ တအိမ်ထဲမှာ အမျိုးသမီး နှစ်ယောက်၊ သုံးယောက်ရှိတဲ့ အခါမျိုးမှာ အများကြီးကုန်တယ်ပေါ့နော်။ ဒါပေမဲ့ ကျမတို့မသုံးနိုင်တဲ့ အခါမှာလျှော့သုံးရတယ်။ ဒါ့ကြောင့်မို့လို့ ကျန်းမာရေး အရမ်းထိခိုက်တယ်”လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက အမျိုးသမီးငယ်တဦးက ပြောပြပါတယ်။
လစဉ်သုံးပစ္စည်းမဝယ်နိုင်ကြတဲ့အခါ လစဉ်သုံးဂွမ်းတခုကို တနေကုန် အသုံးပြုနေကြရတာပါ။
အမျိုးသမီး ဓမ္မတာလာနေတဲ့အခါ လစဉ်သုံးဂွမ်းတခုကို ၄ နာရီကနေ အလွန်ဆုံး ၆ နာရီမှာ တကြိမ်လဲလှယ် အသုံးပြုရမယ်လို့ ကျန်းမာရေးအရ ယေဘုယျအကြံပြုထားပါတယ်။ ဒါ့အပြင် ဓမ္မတာလာနေစဉ်အတွင်း တကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။
လစဉ်သုံးပစ္စည်းအသုံးမပြုနိုင်ခြင်းက ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သန့်ရှင်းတဲ့ လစဉ်သုံးပစ္စည်းတွေ အသုံးမပြုနိုင်တာကြောင့် အမျိုးသမီးမွေးလမ်းကြောင်း ပိုးဝင်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာလိုမျိုး ရောဂါတွေခံစားရနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ကလေးမရနိုင်တာ၊ ကလေးမွေးဖွားစဉ်မှာ နောက်ဆက်တွဲပြဿနာတွေ ကြုံရခြင်းတို့ကို ခံစားရတတ်တယ်လို့ NUG – MOH ရဲ့ တယ်လီကျန်းမာမှာ ဖော်ပြထားပါတယ်။
ပညာရေးနဲ့ လူမှုဘဝအပေါ် သက်ရောက်မှု
အမျိုးသမီးတဦးဟာ လစဉ်ဓမ္မတာနဲ့ပတ်သက်တဲ့ ရှက်ကြောက်မှု၊ စိုးရိမ်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေလည်း ခံစားရတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာတာ၊ လူမှုဆက်ဆံရေးတွေကို ရှောင်ရှားလာတာတွေဟာ အမျိုးသမီးဘဝအရည်အသွေးကို ထိခိုက်စေပါတယ်။
“ကျောင်းသွားတဲ့အခါမှာဆိုရင် စာသင်တဲ့အချိန်ဆိုရင် အဲ့မျိုးအဆင်မပြေဘူးပေါ့နော်။ ဒီလိုမျိုး လစဉ်သုံး သုံးတဲ့အခါဆိုရင်လည်း တရက်တခါလောက်ဘဲ အဲ့လိုမျိုးသုံးရတယ်ပေါ့” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျောင်းသူတဦးက ပြောပါတယ်။
ကျောင်းသူအရွယ်အမျိုးသမီးတွေဟာ လစဉ်သုံးပစ္စည်းမရှိတဲ့အခါ ဓမ္မတာလာတဲ့နေ့တွေမှာ ကျောင်းမသွားနိုင်ကြပါဘူး။ ဒီလိုအခြေအနေတွေဟာ ပညာရေးနောက်ကျမှု၊ ကိုယ်တိုင်အခွင့်အလမ်းဆုံးရှုံးမှုတွေကို ဖြစ်စေပါတယ်။
ဒီလို သဘာဝဖြစ်စဉ်တခုကြောင့် အမျိုးသမီးတွေဟာ ပညာရေးနဲ့ လူမှုဘဝအခွင့်အလမ်းတွေကို ဆုံးရှုံးနေရတာပါ။ လစဉ်ဓမ္မတာလာတာဟာ အရှက်ရစရာအရာမဟုတ်ဘဲ သဘာဝကျန်းမာရေး ဖြစ်စဉ်တခု ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသမီး လစဉ်ဓမ္မတာလာတာနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာပြောဆိုနိုင်တဲ့ ယဉ်ကျေးမှုတရပ် ဖန်တီးပေးဖို့လိုအပ်ပါတယ်။ လစဉ်သုံးပစ္စည်းတွေကို အခြေခံကျန်းမာရေးလိုအပ်ချက်အဖြစ် သတ်မှတ်ပြီး အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက အခမဲ့ (သို့မဟုတ်) စျေးသက်သာစွာ ဖြန့်ဝေပေးဖို့ စစ်ရှောင်အမျိုးသမီးတွေက မျှော်လင့်နေကြပါတယ်။




